ကုလသမဂ္ဂတွင် သံအမတ်ကြီး ဦးကျော်မိုးထွန်းမှ မြန်မာကိုယ်စားပြုအဖြစ် ဆက်လက်တာဝန်ထမ်းခွင့်ရရှိပြီး ၎င်းတာဝန်အတွက် စစ်ကောင်စီဘက်မှ ကိုယ်စားလှယ်ဖြစ်ရေး ကြိုးပမ်းမှုများ လုပ်ဆောင်နေသော်လည်း ကုလသမဂ္ဂ နိုင်ငံကိုယ်စားပြုကိုယ်စားလှယ် စိစစ်ရေးကော်မတီ (Credential Committee) မှ ဒီဇင်ဘာ ၆ ရက်တွင် ဦးကျော်မိုးထွန်းအား ဆက်လက်တာဝန်ထမ်းဆောင်ရန် ဆုံးဖြတ်ခဲ့ကြပါသည်။ ယခုအကြိမ်သည် စစ်အာဏာသိမ်းကာလအတွင်း ဦးကျော်မိုးထွန်းမှ လေးနှစ်မြောက်အဖြစ် ဆက်လက် တာဝန်ခန့်အပ်ခံရခြင်း ဖြစ်ပါသည်။ 1
ဘင်္ဂလားဒေ့ရှ်က လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ စင်္ကြံတစ်ခုဖွင့်လှစ်ပေးဖို့လိုအပ်ကြောင်း Burma Campaign UK အဖွဲ့က ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူးတားရပ်စ်ထံသို့ ရခိုင်ပြည် အငတ်ဘေးနဲ့ပတ်သက်ပြီး တိုက်တွန်းချက်တစ်ခုတွင် ထည့်သွင်းအကြုံပြုထားပါသည်။ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်အနေဖြင့် ရခိုင်ပြည်နယ်တွင် အငတ်ဘေးကြုံမည့်အရေးကို ကာကွယ်ရန် ဒီဇင်ဘာ ၁၇ ရက်က ၎င်းအဖွဲ့မှ တိုက်တွန်းထားခြင်းဖြစ်ပါသည်။
ထို့ပြင် ကုလအကြီးအကဲအနေဖြင့် ရခိုင်ပြည်နယ်ကို အကူညီပေးနိုင်ရေးနှင့် ကုန်သွယ်ရေးလမ်းကြောင်းများ ဖွင့်နိုင်ရေးအတွက် ဆွေးနွေးညှိနှိုင်းနိုင်ရန် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ သွားသင့်ကြောင်းနှင့် ၎င်းအကျပ်အတည်းများကို တားဆီးရေးသည် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ အခန်းကဏ္ဍဖြစ်သည်ဟုလည်း Burma Campaign UK ၏ ဒါရိုက်တာ Mark Farmaner က ဆိုထားပါသည်။
ရခိုင်ပြည်နယ်တွင် လူဦးရေ နှစ်သန်းခန့်သည် အငတ်ဘေးကျရောက်နိုင်ပြီး၊ ပြည်နယ်တွင်း စားနပ်ရိက္ခာ ထုတ်လုပ်နိုင်မှုသည် လူဦးရေလိုအပ်ချက်၏ ၂၀ ရာခိုင်နှုန်းအတွက်သာ ဖူလုံနိုင်မည်ဟု ကုလသမဂ္ဂ ဖွံ့ဖြိုးရေးအစီအစဉ် (UNDP) က ထုတ်ပြန်ထားပါသည်။ 2
ဒီဇင်ဘာ ၁၁ ရက်က နိုင်ငံတကာ ကယ်ဆယ်ရေးကော်မတီ (ICRC) မှ ထုတ်ပြန်သော ‘ဟန်ချက်ပျက်ယွင်းနေတဲ့ ကမ္ဘာ’ အစီရင်ခံစာတွင် မြန်မာနိုင်ငံသည် ဆူဒန်၊ ပါလက်စတိုင်း ဒေသတို့နှင့်အတူ ယှဉ်တွဲပြီး လူသားချင်းစာနာမှု အကျပ်အတည်းအကြီးမားဆုံး ၃ နိုင်ငံအဖြစ် ဖော်ပြခံထားရပါသည်။ မြန်မာနိုင်ငံတွင် ပဋိပက္ခကြောင့် အိုးအိမ်စွန့်ခွါ ထွက်ပြေးရသူ ၉ သိန်းနီးပါးရှိနေပြီး၊ ၂၀၂၃ ခုနှစ်ကထက် ၃၇ ရာခိုင်နှုန်း တိုးများလာကြောင်းနှင့် အလွန်အကျွံ ဆင်းရဲလာခြင်းအား အလေးထားသင့်ကြောင်း အိုင်အာစီအဖွဲ့ ဥက္ကဋ္ဌ David Miliband အကြံပြုထားပါသည်။ 3
အမေရိကန်အစိုးရမှ တရုတ်ကုမ္ပဏီ ၄ ခုအား မြန်မာနိုင်ငံသို့ လေယာဉ်အစိတ်အပိုင်းများ ရောင်းချမှုဖြင့် ဒဏ်ခတ်အရေးယူကြောင်း ဒီဇင်ဘာ ၁၀ ရက်တွင် ထုတ်ပြန်ခဲ့ပါသည်။ အဆိုပါ တရုတ်ကုမ္ပဏီများသည် မြန်မာနိုင်ငံအတွင်း စစ်ကောင်စီတပ်မှ အရပ်သားပြည်သူများအပေါ် လေကြောင်းတိုက်ခိုက်ရာတွင် အသုံးပြုသည့် လေယာဉ်အစိတ်အပိုင်းများကို ရောင်းချသည့် ကုမ္ပဏီများဖြစ်ကြောင်း၊ အဆိုပါကုမ္ပဏီများအနက် ၂ ခုမှာ တရုတ်နိုင်ငံတွင် အခြေစိုက်ပြီး၊ ကျန် ၂ ခုမှာ ရုရှားနိုင်ငံတွင် အခြေစိုက်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားပါသည်။ 4
1 ကုလသမဂ္ဂတွင် သံအမတ်ကြီး ဦးကျော်မိုးထွန်း မြန်မာကိုယ်စားပြုအဖြစ် ဆက်လက်တာဝန်ထမ်းခွင့်ရ၊ မဇ္ဈိမ၊ ၇ ဒီဇင်ဘာ ၂၀၂၄။
2 ရခိုင်ပြည် အငတ်ဘေးကြုံရမဲ့အရေး ကာကွယ်ဖို့ ကုလအကြီးအကဲကို တိုက်တွန်း၊ RFA၊ ၁၇ ဒီဇင်ဘာ ၂၀၂၄။
3 လူသားစာနာမှုအကျပ်အတည်းကြီးမှု ကမ္ဘာ့နိုင်ငံစာရင်း မြန်မာပါဝင်၊ VOA၊ ၁၂ ဒီဇင်ဘာ ၂၀၂၄။
4 စစ်ကောင်စီကို စစ်လက်နက်ရောင်းချတဲ့ တရုတ်ကုမ္ပဏီ ၄ ခု အမေရိကန်ဒဏ်ခတ်အရေးယူ၊ VOA၊ ၁၁ ဒီဇင်ဘာ ၂၀၂၄။