23 ဧပြီ 2025 /

See today's Peace Related News

နိုင်ငံတကာစာမျက်နှာကုလသမဂ္ဂ၏ လတ်တလော ထုတ်ပြန်ချက်တစ်ခုတွင် စစ်ကောင်စီတပ်က အရပ်သားပြည်သူများနေထိုင်ရာကို လေကြောင်းမှ ဗုံးကြဲသည်ဟု ရေးသားထားသည်ကိုလည်း ထူးခြားစွာ တွေ့ရှိရ...

ကုလသမဂ္ဂ၏ လတ်တလော ထုတ်ပြန်ချက်တစ်ခုတွင် စစ်ကောင်စီတပ်က အရပ်သားပြည်သူများနေထိုင်ရာကို လေကြောင်းမှ ဗုံးကြဲသည်ဟု ရေးသားထားသည်ကိုလည်း ထူးခြားစွာ တွေ့ရှိရ…

၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၉ ရက်က ရခိုင်ပြည်နယ်မြောက်ပိုင်း ရမ်းဗြဲကျွန်းရှိ ကျောက်နီမော်ကျေးရွာတွင် မြန်မာစစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် နေအိမ်များ မီးလောင်ကျွမ်းမှုကို ဒေသခံများ ကြည့်ရှုနေကြစဉ် (Photo: AFP/Arakha Army/Handout)

မြန်မာ့နွေဦးတော်လှန်ရေးကာလ ၄ နှစ်နီးပါးအတွင်း နိုင်ငံတကာမှ တုံ့ပြန်ဆောင်ရွက်မှုများကို ကြည့်မည်ဆိုပါက ထိရောက်သည့် လုပ်ဆောင်ချက်များမှာ လက်ချိုးရေတွက်၍ပင် ရနိုင်ပါသည်။ သို့သော် မြန်မာဖြစ်စဉ်များနှင့်ပတ်သက်၍ အမေရိကန်နှင့် နိုင်ငံတကာအပါအဝင် ကုလသမဂ္ဂနှင့် ဥရောပသမဂ္ဂတို့က ထုတ်ပြန်ချက်မျိုးစုံဖြင့် တုံ့ပြန်နေကြသည်ကိုလည်း ယနေ့ထိတိုင် တွေ့ရှိနေရဆဲဖြစ်ပါသည်။

ယင်းသို့ အမေရိကန်အပါအဝင် နိုင်ငံတကာမှ တိုက်တွန်းပြောဆိုခဲ့ကြသော်လည်း စစ်ကောင်စီတပ်၏ အကြမ်းဖက်ကျူးလွန်နေမှုအပေါ် နိုင်ငံတကာ၏ အရေးယူမှုအပိုင်းတွင် အားရစရာ မတွေ့ရှိရသေးပေ။

ဇန်နဝါရီ ၆ ရက်က မြန်မာနိုင်ငံအတွင်းမှ လူ့အခွင့်အရေးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းကို အဖြေရှာရန် ဥရောပသမဂ္ဂကိုယ်စားအဆင့်မြင့်ကိုယ်စားလှယ်၊ အမေရိကန်ပြည်ထောင်စု၊ သြစတြေးလျ၊ ကနေဒါ၊ နယူးဇီလန်၊ နော်ဝေ၊ ကိုရီးယားသမ္မတနိုင်ငံ၊ ဆွစ်ဇာလန်၊ တီမောလက်စ်တေနှင့် ယူနိုက်တက်ကင်းဒမ်းအစိုးရများက ပူးတွဲကြေညာချက်တစ်ခုအား မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက ထုတ်ပြန်ခဲ့ပါသည်။ ထုတ်ပြန်ချက်အရ စစ်ကောင်စီတပ်အနေဖြင့် အရပ်သားပြည်သူများအပေါ် မတရားသဖြင့်ကျူးလွန်နေသည်ဟု ဖော်ပြထားသည်ကို ထူးခြားတွေ့ရှိရပါသည်။ သို့သော် မည်သို့ အရေးယူဆောင်ရွက်နိုင်ကြောင်း ဖော်ပြထားသည်များအား မတွေ့ရှိရပေ။

ထုတ်ပြန်ချက်တွင် စစ်ကောင်စီတပ်၏ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်းများ၊ လိင်ပိုင်းဆိုင်ရာနှင့် ဂျန်ဒါအခြေပြုအကြမ်းဖက်မှုများ၊ နေအိမ်များကို မီးရှို့ခြင်း၊ လူသားချင်းစာနာမှုဆိုင်ရာ လုပ်သားများနှင့် အဆောက်အအုံများကို တိုက်ခိုက်ခြင်းများ၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးအပ်မှုအပေါ် စစ်အာဏာရှင်အဖွဲ့အစည်းနှင့် လက်နက်ကိုင်အဖွဲ့အစည်းများက ကန့်သတ်မှုများပါဝင်သည်ကို တွေ့ရှိရပြီး၊ ၎င်းလုပ်ရပ်များနှင့်ပတ်သက်၍ ခိုင်လုံသည့် အစီရင်ခံမှုများစွာကို ၎င်းတို့ရရှိထားသည်ဟုလည်း ဖော်ပြထားပါသည်။ 1

ကုလသမဂ္ဂ၏ လတ်တလော ထုတ်ပြန်ချက်တစ်ခုတွင် စစ်ကောင်စီတပ်က အရပ်သားပြည်သူများနေထိုင်ရာကို လေကြောင်းမှ ဗုံးကြဲသည်ဟု ရေးသားထားသည်ကိုလည်း ထူးခြားစွာ တွေ့ရှိရပါသည်။ ယခင်က ကုလသမဂ္ဂအနေဖြင့် ထုတ်ပြန်ချက်များစွာ ထုတ်ပြန်ဖူးသော်လည်း ဖြစ်စဉ်များကိုဖော်ပြရာတွင် စစ်ကောင်စီတပ်မှ ပြုလုပ်သည်ဟု ရေးသားလေ့မရှိခဲ့ပေ။

ဖြစ်စဉ်မှာ ဇန်နဝါရီ ၈ ရက်က ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်၊ ကျောက်နီမော်ကျေးရွာအား စစ်ကောင်စီတပ်မှ ဗုံးကြဲခြင်းကြောင့် ပြည်သူ ၄၀ ကျော် သေဆုံးခဲ့ခြင်းဖြစ်ပါသည်။ ယင်းနှင့်ပတ်သက်၍ ထုတ်ပြန်ချက်တွင် နိုင်ငံတကာ လူသားချင်းစာနာမှုဥပဒေ၌ ပြဌာန်းထားသည့် တာဝန်ဝတ္တရားများကို မြန်မာနိုင်ငံမှ သက်ဆိုင်သူအားလုံး စောင့်ထိန်းလိုက်နာရန် ကုလက တိုက်တွန်းထားပါသည်။ 2

ဇန်နဝါရီ ၄ ရက်က နောက်ထပ် စစ်ကောင်စီအမည်တပ်ထားသည့် ထုတ်ပြန်ချက်တစ်ခုအဖြစ် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဂျေဘလင်ကန်၏ စစ်ကောင်စီသို့ တောင်းဆိုကြောင်း ထုတ်ပြန်ချက်တစ်ခုကို တွေ့ရှိရပါသည်။ အဆိုပါထုတ်ပြန်ချက်တွင် အကြမ်းဖက်မှုများကို အဆုံးသတ်ရန်၊ မတရား ဖမ်းဆီးထိန်းသိမ်းထားသူများကို လွှတ်ပေးရန်၊ လူသားချင်းစာနာထောက်ထားမှု အကူအညီများ အဟန့်အတားမရှိ ပေးအပ်ခွင့်ပြုရန်နှင့် တိုင်းပြည်ကို အားလုံးပါဝင်နိုင်သည့် ဒီမိုကရေစီလမ်းကြောင်းပေါ်သို့ ပြန်လည်ပို့ဆောင်ရန် စသည့်အချက်များ ပါဝင်ပါသည်။

နွေဦးတော်လှန်‌ရေးကာလတလျှောက်တွင် အမေရိကန်နိုင်ငံသည် မြန်မာနိုင်ငံသားများ ပုံဖော်လိုသည့် အနာဂတ် အခွင့်အရေးကို အစောဆုံး အသိအမှတ်ပြုခဲ့ပြီး ဒီမိုကရေစီအရေး၊ တည်ငြိမ်အေးချမ်းမှု၊ စီးပွားရေးတိုးတက်ဖွံ့ဖြိုးမှုနှင့် လူ့အခွင့်အရေးများကို ခံစားခွင့်ရရှိရေးအတွက် ကြိုးပမ်းအားထုတ်ရာ၌ မြန်မာပြည်သူများနှင့်အတူ တသားတည်း ရပ်တည်ခဲ့သည်ဟုလည်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးက ပြောဆိုထားပါသည်။ 3

1 မြန်မာ့အရေးအားလုံးပါဝင်တွေ့ဆုံဆွေးနွေးရန် အီးယူနှင့်အမေရိကန်အပါအဝင် ၉ နိုင်ငံ ပူးတွဲတိုက်တွန်း၊ Mizzima၊ ၈ ဇန်နဝါရီ ၂၀၂၅။
2 At least 40 killed in Myanmar military air attack in Rakhine State, UN says၊ Aljazeera၊ ၁၁ ဇန်နဝါရီ ၂၀၂၅။
3 အကြမ်းဖက်မှု အဆုံးသတ်ရန်နှင့် မတရားဖမ်းဆီးထိန်းသိမ်းထားသူများကို လွှတ်ပေးရန် အပါအဝင် အချက် ၄ ချက်ကို လုပ်ဆောင်ရန် စစ်ကောင်စီကို အမေရိကန် တောင်းဆို၊ Karen Information Center၊ ၄ ဇန်နဝါရီ ၂၀၂၅။