27 ဇွန် 2025 /

See today's Peace Related News

Homeနိုင်ငံတကာစာမျက်နှာ"...လွတ်လပ်ရေး၊ အချုပ်အခြာအာဏာ၊ အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ နယ်မြေတည်တံ့ခိုင်မြဲရေးတို့ကို ကာကွယ်စောင့်ရှောက်ရာမှာ တရုတ်အနေနဲ့ မြန်မာနိုင်ငံကို ပံ့ပိုးကူညီပေးနေတာပဲဖြစ်ပါတယ်”

“ …လွတ်လပ်ရေး၊ အချုပ်အခြာအာဏာ၊ အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ နယ်မြေတည်တံ့ခိုင်မြဲရေးတို့ကို ကာကွယ်စောင့်ရှောက်ရာမှာ တရုတ်အနေနဲ့ မြန်မာနိုင်ငံကို ပံ့ပိုးကူညီပေးနေတာပဲဖြစ်ပါတယ်”

Photo : Permanent Mission of Myanmar to the United Nations

မြန်မာနိုင်ငံတွင် စစ်ကိုင်းငလျင်ဒဏ်ကြောင့် လူပေါင်းထောင်ချီသေဆုံးခဲ့ပြီး ကြီးမားသည့် ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့သော်လည်း အာဏာသိမ်းစစ်ကောင်စီတပ်သည် ငလျင်ဒဏ်သင့်ဒေသများအပါအဝင် နိုင်ငံတဝှမ်း အရပ်သားပြည်သူများအပေါ် ပြင်းထန်သည့် လေကြောင်းတိုက်ခိုက်မှုနှင့် ဗုံးကြဲတိုက်ခိုက်မှုများ ဆက်လက်ပြုလုပ်နေကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီးဦးကျော်မိုးထွန်းက ဧပြီ ၈ ရက်၊ နယူးယောက်မြို့ရှိ ကုလသမဂ္ဂဌာနချုပ်တွင်ကျင်းပသည့် ကုလသမဂ္ဂ လက်နက်ဖျက်သိမ်းရေးကော်မရှင်၏ ၂၀၂၅ ခုနှစ်၊ ဘာသာရပ်ဆိုင်ရာအထွေထွေဆွေးနွေးမှုတွင် ပြောကြားခဲ့သည်။ 1

မြန်မာပြည်သူများ၏ ဒုက္ခဆင်းရဲနှင့် အသက်များကိုကယ်တင်ရန် အာဏာသိမ်းစစ်အုပ်စုထံသို့ လက်နက်ခဲယမ်း၊ စစ်လက်နက်ပစ္စည်း၊ ဂျက်လေယာဉ်ဆီ၊ စစ်ရေးနှင့်အရပ်ဘက်၂ မျိုးသုံးနိုင်သည့်ပစ္စည်းများ စီးဆင်းမှုကို ရပ်တန့်ရန်လည်း သံအမတ်ကြီးဦးကျော်မိုးထွန်းက ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံအားလုံးကို တောင်းဆိုခဲ့သည်။

အာဆီယံအလှည့်ကျဥက္ကဋ္ဌ မလေးရှားဝန်ကြီးချုပ် အန်နဝါအီဘရာဟင်မ်သည် မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အား လုံခြုံရေးတင်းကျပ်စွာချထားသည့် ဘန်ကောက်မြို့လယ်ခေါင်ရှိ ဟိုတယ်ကြီးတစ်ခုတွင်၂၀၂၅ ဧပြီ ၁၇ ရက်နေ့က တွေ့ဆုံခဲ့သည်။ 2

ဧပြီလဆန်းပိုင်းက ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင်ကျင်းပသည့် ဘင်္ဂလားပင်လယ်အော် စီးပွားရေးနှင့် နည်းပညာဆိုင်ရာ ဘက်စုံပူးပေါင်းဆောင်ရွက်ရေးအဖွဲ့အစည်း (BIMSTEC) ထိပ်သီးအစည်းအဝေးကို စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်ခဲ့ပြီး အဆိုပါခရီးစဉ် တစ်လမပြည့်မီတွင် စစ်ခေါင်းဆောင်သည် ဘန်ကောက်ကို ဒုတိယအကြိမ်မြောက် ထပ်မံရောက်လာခဲ့ခြင်းလည်းဖြစ်သည်။

အဆိုပါတွေ့ဆုံမှုတွင် မြန်မာ့ငလျင်ဘေး ပြန်လည်ထူထောင်ရေးအတွက် အာဆီယံအသိုက်အဝန်းက စည်းလုံးညီညွတ်မှုဖြင့် ဆက်လက်ကူညီဆောင်ရွက်ရေးနှင့် မြန်မာအာဆီယံအသိုက်အဝန်း ပူးပေါင်းဆောင်ရွက်ရေးအတွက် ကိစ္စရပ်များအား ရင်းရင်းနှီးနှီးတွေ့ဆုံ ဆွေးနွေးခဲ့ကြကြောင်း စစ်ကောင်စီဘက်က သတင်းထုတ်ပြန်သည်။ အာဆီယံအလှည့်ကျဥက္ကဋ္ဌ မလေးရှားဝန်ကြီးချုပ်နှင့် တွေ့ဆုံပွဲကို ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်လည်း တက်ရောက်ခဲ့သည်။ 3

အာဆီယံအလှည့်ကျဥက္ကဋ္ဌ မလေးရှားဝန်ကြီးချုပ် အန်နဝါအီဘရာဟင်မ်သည် ဧပြီ ၁၈ ရက်နေ့တွင် အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းနှင့် ပထမဆုံးအကြိမ် အွန်လိုင်းမှ တွေ့ဆုံခဲ့ကြသည်။ အာဆီယံဥက္ကဋ္ဌနှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြား ဆက်ဆံရေး တိုးမြှင့်ဆောင်ရွက်နိုင်ရေးအပါအဝင် မြန်မာပြည်သူများထံသို့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ထိရောက်စွာ ပေးပို့ဖြန့်ဝေပေးနိုင်ရေးတို့နှင့် စပ်လျဉ်းသည့်ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့သည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 4

မလေးရှားဝန်ကြီးချုပ် အန်နဝါအီဘရာဟင်မ်သည် စစ်ကောင်စီ၊ အမျိုးသားညီညွတ်ရေးအစိုးရတို့၏ ခေါင်းဆောင်များနှင့် သီးခြားစီတွေ့ဆုံဆွေးနွေးရာတွင် မြန်မာနိုင်ငံအတွင်း အပစ်အခတ်ရပ်စဲမှု သက်တမ်းတိုးရေး၊ ကူညီကယ်ဆယ်ရေးလုပ်ဆောင်သူများ အန္တရာယ်ကင်းရေးတို့အတွက် ကတိကဝတ်ရရှိခဲ့သည်ဟု အာဆီယံအလှည့်ကျဥက္ကဋ္ဌ မလေးရှားဝန်ကြီးချုပ် အန်နဝါအီဘရာဟင်မ်က သတင်းထောက်များကို ပြောဆိုကြောင်း Bernama သတင်းဌာန၏ ဧပြီ ၁၈ ရက် အွန်လိုင်းသတင်းတစ်ပုဒ်တွင် ဖော်ပြထားသည်။ နိုင်ငံရေးအကျဉ်းသားတချို့ပါဝင်သည့် အကျဉ်းသား ၅၀ဝ၀ နီးပါး လွတ်မြောက်လာခြင်းအပါအဝင် မြန်မာနိုင်ငံမှ တင်းမာမှုများလျော့ကျစေရေး လုပ်ဆောင်ချက်များကို ကြိုဆိုသည်ဟု မလေးရှားဝန်ကြီးချုပ်က ပြောဆိုကြောင်း သတင်းတွင်ရေးထားသည်။ 5

မလေးရှားဝန်ကြီးချုပ်က သူ၏လူမှုကွန်ရက်စာမျက်နှာ X တွင်လည်း အမျိုးသားညီညွတ်ရေးအစိုးရ ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းနှင့် အွန်လိုင်းတွေ့ဆုံမှုမှာ ၄၅ မိနစ်ကြာမြင့်ပြီး လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေး၊ သင့်တော်သည့်အချိန်တစ်ခုတွင် မလေးရှား၌ လူချင်းတွေ့ဆုံဆွေးနွေးရေးကိစ္စကိုလည်း ဆွေးနွေးဖြစ်ခဲ့ကြောင်း၊ ယုံကြည်မှု တည်ဆောက်ရေးမှာ အရေးပါပြီး အာဆီယံအနေဖြင့် ဦးစီးဦးဆောင်ပြု၍ ဆက်လက်ဖော်ဆောင်သွားမည်ဖြစ်ကြောင်း၊ ငြိမ်းချမ်းရေး၊ ပြန်လည်သင့်မြတ်ရေးနှင့် ပြည်သူများအကျိုးအတွက် မြန်မာ့နိုင်ငံရေးမှာ ပါဝင်သက်ဆိုင်သူအားလုံးနှင့် တွေ့ဆုံစကားပြောနိုင်ရန် လုပ်ဆောင်သွားမည်ဟု ဝန်ကြီးချုပ် အန်နဝါက ဆက်လက်ရေးသားထားသည်။

အန်နဝါနှင့်စစ်ခေါင်းဆောင်တို့ တွေ့ဆုံမည့်အစီအစဉ်ကို ကန့်ကွက်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရအပါအဝင် တော်လှန်ရေးအင်အားစုက ဧပြီ ၁၆ ရက်နေ့တွင် ကြေညာချက်ထုတ်ပြန်ခဲ့ကြသည်။

တရုတ်နိုင်ငံသည် မြန်မာ့အရေးနှင့်ပတ်သက်၍ တခြားနိုင်ငံ၏ ပြည်တွင်းရေးအား ဝင်ရောက်မစွက်ဖက်သည့်မူအား ကိုင်ဆွဲထားကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Guo Jiakun က ဧပြီ ၂၁ ရက်နေ့ နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပုံမှန်သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။

လားရှိုးမြို့နယ်ကို စစ်ကောင်စီတပ်မှ ပြန်လည်ထိန်းချုပ်နိုင်ရေး တရုတ်က ကြားဝင်ကူညီနေသည့်အပေါ် AFP သတင်းထောက်၏ မေးမြန်းချက်အား Guo Jiakun က ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။ 6

“တရုတ်နှင့် မြန်မာနိုင်ငံသည် မိတ်ဆွေကောင်း အိမ်နီးချင်းတွေပါ။ မြန်မာနိုင်ငံအရေးနဲ့ပတ်သက်ပြီး တရုတ်နိုင်ငံရဲ့ ရပ်တည်ချက်က ရှင်းပါတယ်။ လွတ်လပ်ရေး၊ အချုပ်အခြာအာဏာ၊ အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ နယ်မြေတည်တံ့ခိုင်မြဲရေးတို့ကို ကာကွယ်စောင့်ရှောက်ရာမှာ တရုတ်အနေနဲ့ မြန်မာနိုင်ငံကို ပံ့ပိုးကူညီပေးနေတာပဲဖြစ်ပါတယ်” ဟု Guo Jiakun က ပြောသည်။

ထို့ပြင်နိုင်ငံရေးအရ ပြန်လည်သင့်မြတ်ရေးအတွက် ဆွေးနွေးညှိနှိုင်းမှုများဆောင်ရွက်ရာတွင် သက်ဆိုင်ရာ အဖွဲ့အသီးသီးကို ပံ့ပိုးကူညီရန်နှင့် နိုင်ငံရေးအသွင်ကူးပြောင်းရေးလုပ်ငန်းစဉ် ပြန်လည်စတင်ရေးကူညီရန် လုပ်ဆောင်နေခြင်းသာဖြစ်ကြောင်း Guo Jiakun က ဆက်လက်ပြောကြားသည်။

စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်ဖွဲ့များအကြား တရုတ်နိုင်ငံက ကြားဝင် အကျိုးဆောင်နေသည့် အပစ်အခတ်ရပ်စဲရေးကို စောင့်ကြည့်ရန်အတွက် တရုတ်အစိုးရသည် မြန်မာနိုင်ငံကို အဖွဲ့တဖွဲ့စေလွှတ်ထားကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ Guo Jiakun က ဧပြီ ၂၂ ရက် ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ကနေ MNDAA ကိုးကန့်တပ်များ ဆုတ်ခွာပြီး စစ်ကောင်စီလက်ထဲ ပြန်လည်လွှဲပြောင်းချိန်တွင် တရုတ်အထူးကိုယ်စားလှယ် မစ္စတာတိန့်ရှီကျွင်းလည်း လားရှိုးမြို့ကိုရောက်နေကြောင်း နီးစပ်သူများက ပြောကြားသည်။ 7

1 ငလျင်ဒေသကို စစ်တပ်က လေကြောင်းဗုံးကြဲပြီး လူမဆန်သည့် ရက်စက်မှုများ ဆက်လုပ်နေဟု သံအမတ်ကြီး ပြော၊ DVB ၊ 10 April 2025
2 မလေးရှားဝန်ကြီးချုပ် အန်နဝါအီဘရာဟင်မ်က မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ဘန်ကောက်တွင်တွေ့ဆုံ၊ BBC၊ 18 April 2025
3 စစ်ခေါင်းဆောင်နှင့် အာဆီယံအလှည့်ကျဥက္ကဋ္ဌ မလေးရှားဝန်ကြီးချုပ်နှင့် တွေ့ဆုံ၊ စစ်ကောင်စီသတင်းစာ၊ 18 April 2025
4 မလေးရှားဝန်ကြီးချုပ်အန်နဝါအီဘရာဟင်မ်သည် အမျိုးသားညီညွှတ်ရေးအစိုးရ ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းနှင့် ပထမဆုံးအကြိမ် အွန်လိုင်း မှတရားဝင်တွေ့ဆုံ၊ NUG facebook၊ 18 April 2025
5 စစ်ကောင်စီနှင့် NUG တို့ကို အာဆီယံဥက္ကဋ္ဌ ပထမဆုံးအကြိမ်တရားဝင်တွေ့ဆုံ၊ Myanmar Now၊ 18 April 2025
6 လားရှိုးကိစ္စ ပြည်တွင်းရေး ဝင်ရောက် မစွက်ဖက်သည့်မူ ဆွဲကိုင်ဟု တရုတ်ပြော၊ Irrawaddy၊ 22 April 2025
7 အပစ်အခတ်ရပ်စဲရေး စောင့်ကြည့်အဖွဲ့ မြန်မာကို စေလွှတ်ထားဟု တရုတ်ပြော၊ DVB၊ 22 April 2025