နိဒါန်း
တချို့က “မြန်မာဆိုတာ တရုတ်လက်ခုပ်ထဲက ရေ” ဟု သမုတ်ကြသည်။ တရုတ်အစိုးရသည် အာဏာသိမ်းစစ်အုပ်စုကို ထိပ်ပုတ်၊ ခေါင်းပုတ်ပြုလုပ်နိုင်စွမ်းသကဲ့သို့ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအင်အားစုများကိုလည်း ဖိအားပေးအကြပ်ကိုင်နိုင်စွမ်းရှိနေသည်ဟု တရုတ်၏ အခန်းကဏ္ဍကို အမွှမ်းတင်ကြသည်။
သြဂုတ်လ ၂၉ ရက်၊ ရွှေလီမြို့ အမျိုးသားလုံခြုံရေးကော်မတီမှ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PLSF/TNLA) သို့ သတိပေးစာနှင့်ပတ်သက်ပြီး “ဒီတစ်ခေါက် စာပို့ခြိမ်းခြောက်တာက တော်တော်ပြင်းထန်နေတယ်။ စစ်အာဏာရှင်ကျဆုံးခန်းကို တရုတ်က ဘယ်လိုနည်းနဲ့မှ လက်မခံကြောင်းကို ဒီစာသက်သေပါပဲ” ဟု ကောက်ချက်ချသူလည်းရှိပါသည်။
ယခုတပတ် BNI-Myanmar Peace Monitor အပတ်စဉ်သတင်းသုံးသပ်ချက်တွင် တရုတ်အစိုးရ၏ TNLA သို့ ခြိမ်းခြောက်စာ၊ တရုတ်အစိုးရ၏ စစ်အုပ်စုပရိုမိုးရှင်းလှုပ်ရှားမှုများနှင့် တော်လှန်ရေးအင်အားစုများအပေါ် သဘောထားများကို အချက်အလက်များ၊ ဖြစ်စဉ်ဖြစ်ရပ်များကို အခြေပြုကာ လေ့လာတင်ပြသွားပါမည်။
တရုတ်အစိုးရ၏ TNLA သို့ ခြိမ်းခြောက်စာ
၂၀၂၄ ခုနှစ် သြဂုတ်လ ၂၉ ရက်နေ့စွဲဖြင့် PSLF/TNLA ထံ ပေးပို့သော ရွှေလီမြို့ အမျိုးသားလုံခြုံရေးကော်မတီ၏ တရုတ်ဘာသာဖြင့် သတိပေးစာတွင် “မြန်မာ-တရုတ် နယ်စပ်တည်ငြိမ်အေးချမ်းရေးနှင့် တရုတ်နိုင်ငံသားများ၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်ပေးရန်အတွက် တိုက်ပွဲများကို ချက်ချင်းရပ်တန့်ရမည်” ဟု ဆိုထားပြီး သတိပေးချက်အား မလိုက်နာပါက နည်းလမ်းမျိုးစုံဖြင့် ဖိအားပေးမည်ဖြစ်ကာ ဖြစ်လာမည့်အကျိုးဆက်များကို PSLF/ TLNA မှ တာဝန်ခံရမည်ဟု ဆိုထားပါသည်။
တရုတ်အစိုးရနှင့်အတူ ငြိမ်းချမ်းရေးကို မြှင့်တင်ဆောင်ရွက်ရန်၊ ကွဲလွဲမှုများကို ညှိနှိုင်းဖြေရှင်းရန်အတွက် မှန်ကန်သောလမ်းကြောင်းပေါ်သို့ အမြန်ဆုံးပြန်လာရန် မျှော်လင့်ကြောင်းနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင်ပါဝင်ပြီး သင့်လျော်သော တရားအခွင့်အရေးများ၊ အကျိုးစီးပွားများ ရရှိရေးကို အကောင်အထည်ဖော်နိုင်ရန် ကူညီပေးမည်ဟုလည်း သတိပေးစာတွင် ဖော်ပြထားသည်။
အဆိုပါသတိပေးစာအား “၁၀၂၇ စစ်ဆင်ရေး” တွင် ပါဝင်သော ညီနောင်မဟာမိတ် (၃) ဖွဲ့လုံးထံ ပေးပို့ခြင်းရှိ၊ မရှိကို အတည်မပြုနိုင်သေးသော်လည်း PSLF/TNLA ၏ ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးနှင့် PSLF/TNLA အထွေထွေအတွင်းရေးမှူး ဗိုလ်ချုပ်တာဘုန်းကျော်တို့ကတော့ သတိပေးစာကို လက်ခံရရှိထားသည်ဟု ဆိုပါသည်။
တရုတ်အစိုးရ၏ စစ်အုပ်စုပရိုမိုးရှင်း လှုပ်ရှားမှုများ
၂၀၂၄ ခုနှစ် ဇူလိုင်လ တတိယအပတ်ကစပြီး မြန်မာနိုင်ငံအတွင်းက တရုတ်အစိုးရ၏ အကျိုးစီးပွားများ အာမခံချက်ရရှိရေးအတွက် တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယီ အပါအဝင် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်တို့၏ လှုပ်ရှားမှုများကို ခပ်စိပ်စိပ်တွေ့ရှိလာခဲ့ပါသည်။ အထူးသဖြင့် သြဂုတ်လအတွင်း တရုတ်၏ အလှုပ်အယွများသည် အာဏာသိမ်းစစ်အုပ်စုကို နေရာပေးဆက်ဆံခြင်းနှင့် တော်လှန်ရေးအင်အားစုများအပေါ် ဖိအားပေးဆက်ဆံခြင်းတို့ကို သိသာထင်ရှားစွာတွေ့ရှိရပါသည်။
ဇူလိုင်လ ၂၅ ရက်၊ ပေကျင်းမြို့တွင်ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် လားရှိုး မြို့သိမ်းဖြစ်စဉ်နှင့်ဆက်စပ်ပြီး တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မစ္စမောနင်း (Mao Ning) က “တရုတ်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံမြောက်ပိုင်းက အခြေအနေကို အနီးကပ် စောင့်ကြည့်နေပါတယ်။ မြန်မာနိုင်ငံက သက်ဆိုင်ရာ အဖွဲ့အစည်းတွေအနေနဲ့ တွေ့ဆုံဆွေးနွေး ညှိနှိုင်းဆွေးနွေး အဖြေရှာကြဖို့နဲ့ ရန်လိုမှုတွေ အမြန်ဆုံးရပ်တန့်ရေး၊ အငြင်းပွားမှုတွေကို ငြိမ်းချမ်းတဲ့နည်းလမ်းနဲ့ ဖြေရှင်းကြဖို့၊ အထူးသဖြင့် တရုတ်နိုင်ငံရဲ့လုံခြုံရေးကို ထိခိုက်မှုမရှိစေရေး၊ နယ်စပ်ဒေသနဲ့ အနီးတဝိုက်နေထိုင်ကြတဲ့ ပြည်သူတွေရဲ့ ဘေးကင်းရေးအပြင် မြန်မာနိုင်ငံက တရုတ်စီမံကိန်းတွေ၊ စီးပွားရေးနဲ့ ဝန်ထမ်းတွေကို မထိခိုက်အောင် လုပ်ဆောင်ကြဖို့ တောင်းဆိုပါတယ်” ဟု ပြောဆိုခဲ့သည်။ 1
၂၀၂၄ ခုနှစ် သြဂုတ်လ ၁၂ ရက်မှစပြီး မြန်မာနိုင်ငံဆိုင်ရာ အထူးအာဏာကုန်လွှဲအပ်ခြင်းခံရသော တရုတ်အစိုးရသံအမတ် မစ္စမာကျာ (Ma Jia) သည် ရန်ကုန်မြို့ရှိ တရုတ်သံရုံးတွင် စတင်တာဝန်ထမ်းဆောင်ခဲ့သည်။ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်လည်းဖြစ် တရုတ်အစိုးရအဖွဲ့၏ နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်သူ မစ္စတာဝမ်ယီ (Mr. Wang Yi) သည် သြဂုတ်လ ၁၄ ရက်တွင် နေပြည်တော်ရှိ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တွေ့ဆုံခဲ့သည်။
၎င်းတို့ တရုတ်အစိုးရအနေဖြင့် ပြည်တွင်းရေး ဝင်ရောက်မစွက်ဖက်ခြင်း အခြေခံမူကို ကိုင်စွဲထားကြောင်း၊ ၂၀ဝ၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ မူဘောင်အောက်မှ အာဏာသိမ်းစစ်အုပ်စု၏ ရှေ့လုပ်ငန်းစဉ် ၅ ရပ်ကို ဖော်ဆောင်၍ ဒီမိုကရေစီအသွင်ကူးပြောင်းရေးလုပ်ငန်းစဉ် ပြန်လည်ဖော်ဆောင်မှုကို အခိုင်အမာ ထောက်ခံအားပေးကြောင်း၊ မြန်မာနိုင်ငံအတွင်းရှိ မတည်မငြိမ်ဖြစ်မှုနှင့် စစ်ပွဲဖြစ်ပွားနေမှုကို ဆန့်ကျင်ကြောင်း၊ ပြည်ပအင်အားစုက မြန်မာ့ပြည်တွင်းရေးတွင် ဝင်ရောက်စွက်ဖက်နေခြင်းကို ဆန့်ကျင်ကြောင်း၊ တရုတ်-မြန်မာ ဆက်ဆံရေးကို သွေးခွဲလိုသည့် တရုတ်နိုင်ငံကို အမည်ဖျက်အပုပ်ချသည့် မည်သည့်ပြောဆိုလုပ်ဆောင်မှုကိုမဆို ဆန့်ကျင်ကြောင်း စသည့်အချက်များကို မစ္စတာဝမ်ယီက ပြောဆိုခဲ့သည်ဟု မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ထုတ်ပြန်ခဲ့ပါသည်။
တရုတ်နိုင်ငံခြားရေးဝန်ကြီးသည် စစ်ကောင်စီ ဒုတိယဝန်ကြီးချုပ်ဖြစ်သူ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေနှင့် တွေ့ဆုံဆွေးနွေးခဲ့သလို အငြိမ်းစားဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့်လည်း နေပြည်တော်တွင် တွေ့ဆုံခဲ့သည်ဟု ဆိုပါသည်။
“မြန်မာနိုင်ငံ၏ ပြည်ပဝင်ရောက်စွက်ဖက်မှု ကာကွယ်ရေးနှင့် ပြည်တွင်းတည်ငြိမ်မှုကို ထိန်းသိမ်းကာကွယ်ရေးတွင် ကူညီပေးရန်အတွက် တရုတ်နိုင်ငံက တန်ဖိုးရှိသော ထောက်ခံအားပေးမှုများ ဆက်လက်ထောက်ပံ့သွားရန် မျှော်လင့်ကြောင်း” အငြိမ်းစားဗိုလ်ချုပ်မှူးကြီးက ပြောဆိုခဲ့သည်ဟု ဆိုပါသည်။
၂၀၂၄ ခုနှစ် သြဂုတ်လ ၁၆ ရက်၊ ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင်ပြုလုပ်သော တရုတ်၊ လာအို၊ မြန်မာနှင့် ထိုင်းတို့၏ နိုင်ငံခြားရေးဝန်ကြီးများ အလွတ်သဘော တွေ့ဆုံဆွေးနွေးပွဲတွင် အာဏာသိမ်းစစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးအား တက်ရောက်ခွင့်ပေးခဲ့သည်။ 2
အဆိုပါဆွေးနွေးပွဲအတွင်း မစ္စတာဝမ်ယီ၏ အဆိုပြုချက် (၃) ချက်ကို လေ့လာကြည့်ပါက တရုတ်အစိုးရအနေဖြင့် မြန်မာအာဏာသိမ်းစစ်အုပ်စုကို ဒေသတွင်းနှင့် နိုင်ငံတကာဇာတ်ခုံပေါ်တွင် နေရာပေးဆက်ဆံလာရေး ကြိုးပမ်းနေမှုကို ပေါ်လွင်နေပါသည်။ “လွတ်လပ်ပြီး တရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးပြည်ထောင်စုတစ်ဝန်းလုံး တည်ငြိမ်အေးချမ်း၍ တရားဥပဒေစိုးမိုးရေး အပြည့်အဝရရှိလာအောင် အလေးထားဆောင်ရွက်သွားမည်” ဟု အစချီထားသည့် အာဏာသိမ်းစစ်အုပ်စု၏ “ရှေ့လုပ်ငန်းစဉ် ငါးရပ်” တတိယဗားရှင်း 3 ကို နားလည်လေးစားပေးသင့်ကြောင်း မစ္စတာဝမ်ယီက အဆိုပြုထားသည်။
သြဂုတ်လ ၂၀ ရက်၊ ကုလသမဂ္ဂ အထွေအထွေအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန် မစ္စဂျူလီယာဗစ်ရှော့ (Ms. Julie Bishop) နှင့် မစ္စတာဝမ်ယီတို့၏ ပေကျင်းမြို့ရှိ တွေ့ဆုံမှုတွင်လည်း ပြည်တွင်းရေးကို မစွက်ဖက်ခြင်းနှင့် မြန်မာငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အခိုင်အမာလိုက်နာကြောင်း၊ အာဆီယံ၏ မြန်မာနိုင်ငံဆိုင်ရာ ဘုံသဘောတူညီချက် ၅ ရပ်နှင့် စစ်ကောင်စီ၏ ရှေ့လုပ်ငန်းစဉ် ၅ ရပ်အသစ်ကို ထိရောက်စွာ ဖော်ဆောင်နိုင်မည်ဟု မျှော်လင့်ကြောင်း မစ္စတာဝမ်ယီက ပြောဆိုခဲ့ပါသည်။ 4
မိမိတို့၏ လေ့လာတွေ့ရှိချက်များအရ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်အသစ် မစ္စမာကျာသည်လည်း အာဏာသိမ်းစစ်ခေါင်းဆောင်အပါအဝင် စစ်ကောင်စီ၏ ဝန်ကြီးဌာနအလိုက် ဝန်ကြီးများနှင့် တွေ့ဆုံဆွေးနွေးမှုများကို ဆက်လက်ပြုလုပ်ခဲ့ပါသည်။ သြဂုတ်လ ၃၀ ရက်တွင်ပြုလုပ်သော ရန်ကုန်မြို့ရှိ တတိယသုံးလပတ် တရုတ် – မြန်မာ မီဒီယာတွေ့ဆုံပွဲတွင် မြန်မာနိုင်ငံအတွင်း တည်ငြိမ်မှု၊ ပြန်လည်သင့်မြတ်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှုကို ထောက်ခံပြီး မတည်မငြိမ်ဖြစ်မှု၊ စစ်ပွဲဖြစ်ပွားနေမှု၊ ပြည်ပအင်အားစုက မြန်မာ့ပြည်တွင်းရေးတွင် ဝင်ရောက်စွက်ဖက်နေမှုနှင့် တရုတ်-မြန်မာဆက်ဆံရေးကို သွေးခွဲလိုသည့် ပြောဆိုလုပ်ဆောင်မှုများကို ဆန့်ကျင်ကြောင်း ရှင်းလင်းခဲ့ပါသည်။ 5
တော်လှန်ရေးအင်အားစုများအပေါ် သဘောထား
ရှမ်းပြည်မြောက်ပိုင်း တရုတ်-မြန်မာ နယ်စပ်တလျှောက်ရှိ ကိုးကန့်တပ်ဖွဲ့ (MNDAA) ထိန်းချုပ်ထားသည့် လောက်ကိုင်မြို့နယ်မှ ချင်းရွှေဟော်နယ်စပ်ဂိတ်၊ မူဆယ်မြို့နယ်မှ ပန်ဆိုင်းနှင့် ကျင်းစန်းကျော့ နယ်စပ်ဂိတ်နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) တို့ ထိန်းချုပ်ထားနိုင်သည့် နမ့်ခမ်းမြို့နယ်မှ နောင်တောင်းကုန်သွယ်ရေးသီးသန့်ဂိတ်တို့ကို တရုတ်အာဏာပိုင်များဘက်မှ ၂၀၂၄ ခုနှစ် ဇူလိုင်လ ၁၇ ရက်တွင် စတင်ပိတ်ပင်ခဲ့သည်။ 6 ‘ဝ’ တပ်ဖွဲ့ (UWSA) ထိန်းချုပ်ထားသည့် နမ့်တစ်မြို့ ရှိ မန်ခါးဂိတ်ကိုလည်း သြဂုတ်လ ၂၄ ရက်တွင် တရုတ်အစိုးရဘက်မှ စတင်ပိတ်လိုက်ပြီး ကုန်သွယ်ပစ္စည်းသယ်ယူခွင့်ကို ကန့်သတ်ထားကာ ကျန်ရှိနေသည့် ဆောဖားဂိတ်နှင့် ပန်ဆန်းဂိတ်ကြီးတွင်လည်း စစ်ဆေးမှု တင်းကြပ်လာသည်ဟု ဆိုပါသည်။ 7
ရှမ်းပြည်နယ်မြောက်ပိုင်း၊ အရှေ့ပိုင်းနှင့် ထိစပ်နေသော ယူနန်ပြည်နယ် ရွှေလီမြို့ အပါအဝင် နေရာ (၄) ခုတွင် ဘက်ပေါင်းစုံတားဆီးမှုနှင့် ပူးတွဲတိုက်ခိုက်ရေး စွမ်းရည်စမ်းသပ်ရန်၊ နယ်စပ်ဒေသလုံခြုံရေးနှင့် တည်ငြိမ်ရေးအတွက် ရည်ရွယ်ပြီး တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ် (PLA) က သြဂုတ်လ ၂၇ ရက်မှ ၂၉ ရက်အထိ စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်ခဲ့ပါသည်။ စစ်ရေးလေ့ကျင့်မှုပြီးဆုံးသည့် သြဂုတ်လ ၂၉ ရက်နေ့တွင်တော့ တံဆိပ်တုံးမပါသော ပစ်စာဆန်ဆန်ခြိမ်းခြောက်စာတစောင်ကို ရွှေလီမြို့ အမျိုးသားလုံခြုံရေးကော်မတီဟုဆိုကာ TNLA ထံ ပေးပို့ခဲ့ပါသည်။
တိုက်ပွဲများ ချက်ချင်းရပ်ဖို့အတွက် အဆိုပါ ခြိမ်းခြောက်သတိပေးစာနှင့်ပတ်သက်ပြီး မြန်မာပြည်သူလူထု၏ အချုပ်အခြာအာဏာကို ခြိမ်းခြောက်စော်ကားမှုဖြစ်ခြင်းကြောင့် ပြင်းထန်စွာရှုတ်ချကြောင်းနှင့် အဆိုပါတောင်းဆိုချက်ကို ပြန်လည်ရုပ်သိမ်းပေးဖို့ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) က ဩဂုတ်လ ၃၁ ရက်တွင် ထုတ်ပြန်ခဲ့ပါသည်။ 8
သုံးသပ်ချက်
တရုတ်အစိုးရ၏ TNLA သို့ ခြိမ်းခြောက်သတိပေးစာနှင့်ပတ်သက်ပြီး ၎င်းတို့ကိုယ်တိုင် ပေးပို့ခဲ့ကြောင်းကို မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးအပါအဝင် တရုတ်အစိုးရတာဝန်ရှိသူများအနေဖြင့် ဝန်ခံခြင်း၊ ငြင်းဆိုခြင်းမျိုး ပြုလုပ်ခဲ့ခြင်းမရှိဘဲ “တရုတ်နိုင်ငံက မြန်မာနိုင်ငံငြိမ်းချမ်းရေးနဲ့ ပြန်လည်သင့်မြတ်မှုလုပ်ငန်းစဉ်အတွက် အပြုသဘောဆောင်တဲ့ အခန်းကဏ္ဍကနေ ဆက်လက်ပါဝင်ပြီး မြန်မာနိုင်ငံမြောက်ပိုင်းအခြေအနေ အရှိန်လျော့ကျလာစေရန် လုပ်ဆောင်သွားမှာဖြစ်ပါတယ်” ဟုသာ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မစ္စတာလင်းဂျီအန် (Mr. Lin Jian) က ပြောဆိုခဲ့ပါသည်။ 9
“၁၀၂၇ စစ်ဆင်ရေး” ပထမလှိုင်းအပြီး တော်လှန်ရေးအင်အားစုများ၏ စခန်းသိမ်း၊ မြို့သိမ်းဖြစ်စဉ်များနှင့် အာဏာသိမ်းစစ်အုပ်စု၏ အဖက်ဖက်မှ ကျရှုံးမှုများသည် တရုတ်အစိုးရအတွက် အလုပ်များစေခဲ့ပါသည်။ နယ်စပ်ကုန်သွယ်ရေးအပါအဝင် မြန်မာနိုင်ငံအတွင်းရှိ တရုတ်အစိုးရနှင့် တရုတ်နိုင်ငံသားများ၏ အကျိုးစီးပွားများ အကာအကွယ်ရရှိရေး၊ လုံခြုံရေးအတွက် မျက်ခုံးလှုပ်စရာဖြစ်ခဲ့သည်။ ဟိုင်ဂင်သဘောတူညီချက် ကျိုးပျက်ပြီး ပြန်လည်အသက်ဝင်လာသည့် “၁၀၂၇ စစ်ဆင်ရေး” ဒုတိယလှိုင်းနှင့်အတူ တော်လှန်ရေးအင်အားစုများ၏ စခန်းသိမ်း၊ မြို့သိမ်းဖြစ်စဉ်များသည် ဆက်လက်ကျယ်ပြန့်လာနေသကဲ့သို့ တော်လှန်ရေးအင်အားစုများ သိမ်းပိုက်ထိန်းချုပ်ထားသည့် မြို့ပေါင်း (၈၀) နီးပါးအတွင်း တရုတ်အစိုးရ၏ အရေးပါသော စီးပွားရေးစီမံကိန်းကြီးများပင် ပါဝင်လာခဲ့ပြီဖြစ်သည်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က “ရေနံနဲ့သဘာဝ ဓာတ်ငွေ့ပိုက်လိုင်းအပါအဝင် တရုတ်စီမံကိန်းအားလုံးလိုလိုဟာ ဒီကနေ့ဆိုရင် တော်လှန်ရေးအင်အားစုတွေရဲ့ စိုးမိုးထိန်းချုပ်နယ်မြေတွင်းကို ရောက်ရှိနေပါပြီ။ …. မြေပြင်က PDF ရဲဘော်တွေကတော့ NUG ရဲ့ မူဝါဒ၊ လမ်းညွှန်ချက်အရ တရုတ်စီမံကိန်းအပါအဝင် နိုင်ငံတကာရင်းနှီးမြှပ်နှံမှုအားလုံးကို အပွန်းအပဲ့မရှိအောင် အတတ်နိုင်ဆုံး ထိန်းသိမ်းစောင့်ရှောက်ပေးနေတယ်ဆိုတာကလဲ အားလုံးအသိပါပဲ။ အဲတော့ တရုတ်ပြည်အနေနဲ့ မြန်မာ့အရေးနဲ့ပတ်သတ်ရင် လက်တွေ့ကျကျ ချဉ်းကပ်ဆောင်ရွက်လိမ့်မယ်လို့ ကျနော်တို့မျှော်လင့်ပါတယ်” ဟု ဆိုထားပါသည်။ 10
မြန်မာ-တရုတ် နယ်စပ်တည်ငြိမ်အေးချမ်းရေးနှင့် တရုတ်နိုင်ငံသားများ၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်ပေးရန်အတွက်ဟူသော တရုတ်အစိုးရ၏ လတ်တလောချဉ်းကပ်မှုကို လေ့လာကြည့်ပါက တော်လှန်ရေးအင်အားစုများအပေါ် ခြိမ်းခြောက်ဖိအားပေးခြင်းနှင့် အာဏာသိမ်းစစ်အုပ်စုအား နိုင်ငံတကာဇာတ်ခုံပေါ် ရောက်ရှိစေရေးအတွက် ပရိုမိုးရှင်းပြုလုပ်နေခြင်းတို့ကို တွေ့မြင်ရပါသည်။
စစ်အာဏာသိမ်းမှုကိုဆန့်ကျင်သော မြန်မာပြည်သူလူထု၏ဆန္ဒကိုတရုတ်အစိုးရအနေဖြင့် ယနေ့အချိန်ထိ လစ်လျူရှုထားဆဲဟု ရှုမြင်နိုင်ပြီး စစ်အာဏာရှင် ကျဆုံးခန်းအတွက် စိုးရိမ်မကင်းဖြစ်နေကြောင်း ၎င်းတို့၏ အတိုးအလှုပ်များကတဆင့် တွေ့မြင်နေရကြောင်း သုံးသပ်ရပါသည်။
1 Foreign Ministry Spokesperson Mao Ning’s Regular Press Conference on July 25, 2024
2 တရုတ်-လာအို-မြန်မာ-ထိုင်း နိုင်ငံခြားရေးဝန်ကြီးများ အလွတ်သဘောတွေ့ဆုံဆွေးနွေး၊ Chinese Embassy in Myanmar ၊ ၁၆ သြဂုတ် ၂၀၂၄
3 နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅) ရပ်၊ NPE ၊ ၃၁ သြဂုတ် ၂၀၂၄
4 Mr. Wang Yi နှင့် ကုလသမဂ္ဂ အထွေအထွေအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာအထူးသံတမန် Ms. Julie Bishop တို့ တွေ့ဆုံဆွေးနွေး၊ Chinese Embassy in Myanmar ၊ ၂၁ သြဂုတ် ၂၀၂၄
5 သံအမတ်ကြီး Ms. Ma Jia က မြန်မာမီဒီယာများထံ တရုတ်ကွန်မြူနစ်ပါတီ၏ ၂၀ ကြိမ်မြောက် ဗဟိုကော်မတီ တတိယအကြိမ် စုံညီအစည်းအဝေး စိတ်ဓာတ်အကြောင်း မိတ်ဆက်ပြောကြား၊ Chinese Embassy in Myanmar ၊ ၂၀ သြဂုတ် ၂၀၂၄
6 MNDAA နှင့် TNLA ထိန်းချုပ်ထားသည့် နယ်စပ်ဂိတ်များကို တရုတ်ဘက်မှ စတင်ပိတ်ပင်ဟုဆို၊
သျှမ်းသံတော်ဆင့် ၊ ၁၈ ဇူလိုင် ၂၀၂၄
7 UWSA ထိန်းချုပ်သည့် နမ့်တစ်ရှိ နယ်စပ်ဂိတ်ကို တရုတ်ဘက်မှ ပိတ်ထား၊ သျှမ်းသံတော်ဆင့် ၊ ၂၇ ဇူလိုင် ၂၀၂၄
8 တိုက်ပွဲတွေ ချက်ချင်းရပ်ဖို့ တရုတ်သတိပေးချက်ကို NUCC ပြင်းထန်စွာရှုတ်ချ၊ အာအက်ဖ်အေ၊ ၃၁ သြဂုတ် ၂၀၂၄
9 Foreign Ministry Spokesperson Lin Jian’s Regular Press Conference on August 30, 2024
10 NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်နှင့် အင်တာဗျူး (ရုပ်/သံ) ၊ ဧရာဝတီ၊ ၁ စက်တင်ဘာ ၂၀၂၄