26 ဇွန် 2025 /

See today's Peace Related News

Homeသတင်းသုံးသပ်ချက်အာရက္ခတပ်တော်နှင့် အရေးပေါ်ဖြေရှင်းရမည့် စစ်မှုထမ်းပုစ္ဆာ

အာရက္ခတပ်တော်နှင့် အရေးပေါ်ဖြေရှင်းရမည့် စစ်မှုထမ်းပုစ္ဆာ

နိဒါန်း

စစ်ရေးအောင်မြင်မှုများနှင့်အတူ ရခိုင်ပြည်သူများ၏ တော်လှန်လိုသော စိတ်နှလုံးကို သိမ်းကျုံးရယူနိုင်ခဲ့သည့် အာရက္ခတပ်တော် (AA) အတွက် “အရွယ်ရောက်ပြီးသူတိုင်း အမျိုးသမီးအမျိုးသား မည်သူမဆို (၂) နှစ်တာ စစ်မှုထမ်းရမည်” ဆိုသော ပြဌာန်းချက်သည် ရခိုင်ပြည်သူပြည်သားတိုင်းအတွက် စိုးရိမ်ပူပန်မှုများဖြစ်ပေါ်စေခဲ့သည်။ ပို၍စိုးသည်က အသက် (၁၈) နှစ်မှ (၂၅) နှစ်အထိ အမျိုးသမီးများနှင့် အသက် (၁၈) နှစ်မှ (၄၅) နှစ်အထိ အမျိုးသားများကို ရခိုင်ပြည်နယ်ပြင်ပ ထွက်ခွာခွင့်တားမြစ်လိုက်သည့် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA) ၏ ထုတ်ပြန်ချက်သည် ရခိုင်ဒေသအတွင်းရှိ ပြည်သူများကို တုန်လှုပ်စေခဲ့သည်။

ယခုတစ်ပတ် BNI-Myanmar Peace Monitor ၏ အပတ်စဉ်သတင်းသုံးသပ်ချက်တွင် အာရက္ခတပ်တော်၏ လက်ရှိ အခြေအနေများနှင့် ရက္ခိုင်ဒေသတွင်း ပြည်သူလူထုကို စိုးရိမ်တုန်လှုပ်စေခဲ့သည့် စစ်မှုထမ်းကိစ္စရပ်များကို လက်လှမ်းမီသမျှ လေ့လာတင်ပြသွားပါမည်။

အာရက္ခတပ်တော်၏ လက်ရှိအခြေအနေ

အာရက္ခတပ်တော် (AA) ၏ စစ်ရေးအောင်မြင်မှုအဖြစ် ရှုကြည့်ရလျှင် ရခိုင်ပြည်နယ်၏ မြို့နယ်‌ (၁၇) ခုအနက် မြို့နယ် (၁၄) ခုကို အာဏာသိမ်းစစ်အုပ်စုထံမှ သိမ်းပိုက်ထိန်းချုပ်ထားနိုင်ခဲ့ပြီဖြစ်သည်။ ကျန်ရှိနေသည့် မြို့ နယ် (၃) ခုအနက် စစ်တွေနှင့် ကျောက်ဖြူမြို့နယ်များကို AA မှ ဆက်လက်ထိုးစစ်ဆင်နေဆဲဟု ဆိုရပါမည်။

ယင်းသို့ စစ်ရေးအရ နယ်မြေသိမ်းပိုက်ထိန်းချုပ်နိုင်မှုများနှင့်အတူ ဒေသတွင်း နယ်မြေထိစပ်လျက်ရှိသည့် ချင်းပြည်နယ် ပလက်ဝမြို့နယ်နှင့် စနဲမြို့တို့ကိုလည်း အာရက္ခတပ်တော်မှ သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ပါသည်။ တဆက်တည်းတွင် ချင်းပြည်နယ်အတွင်းရှိ ချင်းညီနောင်အဖွဲ့ (CB) အပါအဝင် ဒေသတွင်းတော်လှန်ရေးအဖွဲ့များနှင့် ပူးပေါင်းကာ စစ်ရေးအရ ထောက်ကူပံ့ပိုးမှုများ ပေးလျက်ရှိသည်။ ချင်းညီနောင်အဖွဲ့ (CB) မှ သိမ်းပိုက်နိုင်ခဲ့သည့် မင်းတပ်မြို့နှင့် ကန်ပက်လက်မြို့သိမ်းဖြစ်စဉ်များတွင် အာရက္ခတပ်တော် (AA) မှ လက်နက်ခဲယမ်းနှင့် စစ်ရေးအကူအညီများ ထောက်ပံ့ပေးခဲ့သည်ဟု ဆိုပါသည်။

ထို့အပြင် AA အနေဖြင့် ၎င်းတို့ သိမ်းပိုက်ထိန်းချုပ်ခဲ့သည့် ကျောက်တော်မြို့နယ်မှတဆင့် ချင်းပြည်ဒေသအတွင်းသို့လည်းကောင်း၊ အမ်းမြို့နယ်မှတဆင့် မကွေးတိုင်းဒေသအတွင်းသို့လည်းကောင်း၊ တောင်ကုတ်မြို့နယ်မှတဆင့် ပဲခူးတိုင်းဒေသအတွင်းသို့လည်းကောင်း၊ ဂွမြို့နယ်မှတဆင့် ဧရာဝတီတိုင်းအတွင်းသို့လည်းကောင်း ဒေသတွင်း တော်လှန်ရေးအဖွဲ့များနှင့်ပူးပေါင်းကာ အာဏာသိမ်းစစ်ကောင်စီတပ်များအား ထိုးစစ်ဆင် လှုပ်ရှားလျက်ရှိသည်ကို တွေ့ရသည်။

ရခိုင်ပြည်နယ်တစ်ခုလုံးကို သိမ်းပိုက်ထိန်းချုပ်နိုင်ရေး ဦးတည်လျက်ရှိသည့် အာရက္ခတပ်တော်အတွက် စစ်ရေးအောင်မြင်မှုများသည် အမြင့်ဆုံးအချိန်သို့ ရောက်ရှိသည်ဟု ဆိုရမည်ဖြစ်သော်လည်း သိမ်းပိုက်ထိန်းချုပ်ထားသည့် မြို့နယ်များအတွင်း အုပ်ချုပ်ရေး၊ တရားစီရင်ရေးအပါအဝင် အခြားသော ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများ လုပ်ဆောင်နိုင်ရေးသည် အရေးပါသည့် လုပ်ငန်းစဉ်များဖြစ်လာသည်။ အထူးသဖြင့် သိမ်းပိုက်ထိန်းချုပ်ထားသည့် နယ်မြေများအတွင်းရှိ ပြည်သူလူထု၏ လုံခြုံရေးနှင့် အသက်အိုးအိမ်စည်းစိမ်များ ကာကွယ်စောင့်ရှောက်နိုင်ရေးသည် AA အတွက် အထူးအာရုံစိုက်စရာ ဖြစ်လာခဲ့ပါသည်။

“ဒီအချိန်ဟာ အာရက္ခပြည်သူပြည်သားတွေအတွက် အရေးကြီးတဲ့အချိန်ဖြစ်တယ်။ အာရက္ခပြည်သူတွေအနေနဲ့ အခွင့်အရေးနဲ့တာဝန်ကို တန်းတူခံစားထမ်းဆောင်ကြရမှာဖြစ်တယ်။ အာရက္ခတိုင်းပြည်ရဲ့ အမျိုးသားကာကွယ်ရေးမဟာဗျူဟာနှင့် မူဝါဒတွေအရ အရွယ်ရောက်ပြီးတဲ့ နိုင်ငံသားတိုင်း စစ်ပညာကို မဖြစ်မနေ သင်ယူရမှာဖြစ်ပြီးတော့ အရေးပေါ်အခြေအနေတွေမှာ ကာကွယ်ရေးတာဝန်တွေကို လာရောက်ထမ်းဆောင်ကြရမှာဖြစ်ပါတယ်” ဟု AA ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက ပြောပါသည်။

အရေးပေါ်ပြဌာန်းချက် သို့မဟုတ် စစ်မှုထမ်းပုစ္ဆာ

ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA) ၏ ၂၀၂၅ ခုနှစ် မေလ ၂၂ ရက်နေ့ ထုတ်ပြန်ချက်အရ ULA/AA အနေဖြင့် အမျိုးသားကာကွယ်ရေးဆိုင်ရာ အရေးပေါ်ပြဌာန်းချက် (National Defense Emergency Provision – NDEP) ကို ၂၀၂၅ ခုနှစ် မတ်လ ၁၈ ရက်တွင် စတင်ပြဌာန်းခဲ့သည်။ အဆိုပါပြဌာန်းချက်နှင့်အတူ အာရက္ခဒေသ (ရခိုင်ပြည်နယ်) အတွင်းရှိ ပြည်သူလူထု၏ အသက်၊ အိုးအိမ်၊ စည်းစိမ်းများ လုံခြုံရေးနှင့် တည်တံ့ရေးကို အလေးပေးဆောင်ရွက်ကာ မပြီးပြတ်သေးသည့် မြို့သိမ်းတိုက်ပွဲများကိုလည်း “အာရက္ခဒေသတခုလုံး အာရက္ခပြည်သူများ၏ လက်ထဲရောက်ရှိရေး” ရည်မှန်းပြီး အကောင်အထည်ဖော်လျက်ရှိသည်ဟု ဆိုပါသည်။ 1

အရေးပေါ်ပြဌာန်းချက်နှင့်ပတ်သက်ပြီး ထိုမျှသာဖော်ပြထားသော်လည်း NDEP အရဟုဆိုကာ အာရက္ခဒေသအတွင်းရှိ ပြည်သူများအား စိုးရိမ်ထိတ်လန့်စေသည့် စည်းကမ်းချက် ၄ ချက်ကို ထုတ်ပြန်ခဲ့သည်။

“(၁) စစ်မှုထမ်းရန်အကျုံးဝင်ပြီး စစ်မှုမထမ်းလို၍ အာရက္ခဒေသ၏ ပြင်ပသို့ထွက်ပြေးရန် ကြိုးစားသူများကို သွားလာခွင့်မပြုဘဲ တည်ငြိမ်သော စစ်ရေးအခြေအနေတစ်ခုသို့ ရောက်ရှိသည်အထိ တားမြစ်သည်။ (၂) အသက်အရွယ် (မ ၁၈ နှစ်မှ ၂၅ နှစ်အထိ၊ ကျား ၁၈ နှစ်မှ ၄၅ နှစ်အထိ) အတွင်း အကျုံးဝင်သူများကို သွားလာခွင့်မပြုဘဲ လက်ရှိတိုက်ပွဲများကြောင့် ဖြစ်ပေါ်လာသော အရေးပေါ်ကာလ ပြီးဆုံးချိန်အထိ တားမြစ်သည်။ (၃) အာရက္ခဒေသအတွင်းမှ နေရပ်စွန့်ခွာပြီး သွားလာကြသူများကို ကုန်းလမ်း၊ ရေလမ်းများမှ အခကြေးငွေယူ၍ သယ်ယူပို့ဆောင်သူများကို တားမြစ်သည်။ (၄) ကုန်သည်များအနေဖြင့် ၎င်းတို့သွားလာကြသည့် အချိန်များတွင် လူပိုများခေါ်ဆောင်ခြင်း၊ အခကြေးငွေယူ၍ လူကယ်ရီပို့ဆောင်ခြင်း လုံးဝ မပြုလုပ်ရန် တားမြစ်သည်” ဟူ၏။

AA ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခကတော့ ၎င်းတို့အနေဖြင့် အမျိုးသားကာကွယ်ရေးဆိုင်ရာ အရေးပေါ်ပြဌာန်းချက် (NDEP) ကို ရည်ရွယ်ချက် (၄) ခုဖြင့် ပြဌာန်းရခြင်းဖြစ်ကြောင်း ယခုလိုရှင်းပြပါသည်။

“အာရက္ခပြည်သူလူထုတရပ်လုံး ပါဝင်ခြင်းဖြင့် အမျိုးသားကာကွယ်ရေးတာဝန်များကို ပြည့်ဝစွာ ထမ်းဆောင်နိုင်ရန်၊ တမျိုးသားလုံးတက်ကြွစွာ ပါဝင်ခြင်းဖြင့် အာရက္ခတိုင်းပြည်၏ အချုပ်အခြာအာဏာနှင့် နယ်မြေတည်တံ့ခိုင်မြဲရေးကို ထိန်းသိမ်းကာကွယ်နိုင်ရန်၊ အာရက္ခတိုင်းပြည်၏ ပြည်တွင်း/ပြည်ပအန္တရာယ်အရပ်ရပ်ကို ကာကွယ်တားဆီးခြင်းအားဖြင့် အာရက္ခဒေသနေ လူမျိုး၊ ဘာသာတိုင်း စည်းလုံးချစ်ခင်စွာပါဝင်သည့် အမျိုးသားကာကွယ်ရေးစနစ်တစ်ခုကို ထူထောင်နိုင်ရန်၊ အာရက္ခတိုင်းပြည်၏ အချုပ်အခြာအာဏာပိုင်ဆိုင်မှုကို ထိန်းသိမ်းမြှင့်တင်ရာတွင် နိုင်ငံသားတိုင်း တူညီသောတာဝန်နှင့်အခွင့်အရေးများကို ခံစားခွင့်ရှိစေရန်” 2

ရခိုင်ပြည်နယ်အတွင်း NDEP ပြဌာန်းချက်အရ အကျုံးဝင်သူပေါင်း သန်းဂဏန်းခန့်ရှိနိုင်သည့်အတွက် အားလုံးကို တခါတည်းခေါ်ယူသွားမည်မဟုတ်ဘဲ သတ်မှတ်ထားသည့် အပတ်စဉ်နှင့် အရေအတွက်လိုအပ်ချက်အပေါ် မူတည်ကာ စိစစ်ခေါ်ယူသွားမည်ဟုလည်း ခိုင်သုခက ဆိုပါသည်။

သို့သော် ရခိုင်ပြည်နယ်အတွင်း ပြည်သူလူထုအပေါ် သက်ရောက်မှုကြီးမားသည့် ULA/AA ၏ အမျိုးသားကာကွယ်ရေးဆိုင်ရာ အရေးပေါ်ပြဌာန်းချက်နှင့် စစ်မှုထမ်းရမည့်အရေးကိစ္စသည် ပွင့်လင်းမြင်သာမှုမရှိခြင်း၊ အခြေခံလူအခွင့်အရေးချိုးဖောက်ခြင်းများ ရှိနေကြောင်း ဝေဖန်ခံရနေရသကဲ့သို့ အဓမ္မစစ်မှုထမ်းရန် ဖမ်းဆီးခေါ်ဆောင်းခံရသည့် ဖြစ်စဉ်များနှင့် စစ်မှုထမ်းရမည့်အရေး စိုးရိမ်ပူပန်နေသူများလည်း ရှိနေကြပါသည်။

AA ၏ စစ်မှုထမ်းကိစ္စ ဆန္ဒပြ

NDEP ပြဌာန်းသည်ဆိုသော ၂၀၂၅ ခုနှစ် မေလ ၁၈ ရက်နေ့တွင်ပင် အာရက္ခတပ်တော် (AA) သိမ်းပိုက်ထိန်းချုပ်ထားသည့် ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ်အတွင်းရှိ တန်းလွဲရာမမြို့၊ ကင်းတောင်ရွာ၊ လမို့မော်ရွာ၊ ဆားပြင်ရွာ၊ တောင်ကျေးရွာ၊ လမူးရွာ စသည့်ကျေးရွာများမှ ရာနှင့်ချီသည့် ဒေသခံပြည်သူများက ဆန္ဒပြခဲ့ကြပါသည်။

တောင်ကုတ်မြို့နယ် ရွာမတိုက်နယ်အတွင်းရှိ တန်းလွဲရာမမြို့နှင့် ကံပြင်၊ သက္ကယ်ကျွန်း၊ ဆားပြင်၊ ကင်းတောင်၊ လမို့မော်စသည့်ကျေးရွာများအတွင်း အရွယ်ရောက်သူတိုင်း စစ်မှုထမ်းရန်အတွက် ULA/AA တာဝန်ခံများက ခေါ်ဆောင်ခြင်းအပေါ် မကျေနပ်ကြသဖြင့် ဆန္ဒပြခဲ့ကြခြင်းဖြစ်သော်လည်း ထိုနေ့တွင်ပင် ဒေသခံပြည်သူ (၅၀) ကျော်ကို ဖမ်းဆီးသွားခဲ့ရာ မတ်လ ၂၅ ရက်နေ့အထိ ပြန်လည်လွှတ်ပေးခြင်းမရှိသေးဟု ဆိုပါသည်။ 3

“ကျနော်တို့ကျေးရွာက လူတွေကို စစ်မှုထမ်းဖို့ဆိုပြီး ULA/AA က တာဝန်ခံတွေ ဖိအားလာပေးပါတယ်။ မဖြစ်မနေ စစ်မှုထမ်းရမယ်လို့ ပြောတယ်။ အဲ့ဒီမှာ မကျေနပ်လို့ မိဘတွေက ဆန္ဒပြကြတာပါ။ ဆန္ဒပြတဲ့အချိန်မှာ သေနတ်ဖောက်ပြီး ဖြိုခွဲတယ်။ ဆန္ဒပြတဲ့သူတွေရော၊ လူငယ်တွေရော အကုန်ဖမ်းသွားတယ်။ ကျေးရွာသား ၅၀ ကျော်ကို ဖမ်းသွားတာ” ဟု ဖမ်းဆီးခံထားရသူ၏ မိသားစုဝင်တစ်ဦးက ပြောပါသည်။

ရခိုင်ပြည်နယ်အတွင်းရှိ ချင်းနိုင်ငံရေးဦးဆောင်ကော်မတီ (CPSC) ကလည်း အာရက္ခတပ်တော်မှ ဖမ်းဆီးပြီး စစ်သင်တန်းသို့ ပို့ဆောင်ခံထားရသည့် ချင်းလူငယ်နှင့် ကျောင်းသား/ကျောင်းသူ (၆၀) ကျော်အား ပြန်လွှတ်ပေးရန်အတွက် ၂၀၂၅ ခုနှစ် မေလ ၂၈ ရက်တွင် ထုတ်ပြန်တောင်းဆိုထားပါသည်။ ရခိုင်ပြည်သူလူထု၏ ထောက်ခံမှု၊ ပူးပေါင်းဆောင်ရွက်မှုဖြင့် စစ်ရေး၊ နိုင်ငံရေး အောင်မြင်မှုများရရှိထားသည့် ULA/AA အနေဖြင့် ပြည်သူလူထု အကျိုးစီးပွားကို ဗဟိုပြုသော တားမြစ်ချက်များကို ပြန်လည်စဉ်းစားရန်လိုအပ်ကြောင်း CPSC က အကြံပြုထားပါသည်။ 4

ရခိုင်ပြည်နယ် (ဝါ) အာရက္ခဒေသတခုလုံး လွတ်မြောက်ရေးအတွက် ဦးတည်လျှောက်လှမ်းလျက်ရှိသော ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ အာရက္ခတပ်တော် (ULA/AA) အနေဖြင့် အမျိုးသားကွယ်ရေးဆိုင်ရာ အရေးပေါ်ပြဌာန်းချက်ပါ စစ်မှုထမ်းကိစ္စရပ်များနှင့်ပတ်သက်ပြီး ပြည်သူလူထုအတွက် စိုးရိမ်ပူပန်နေရခြင်းအပေါ် အရေးပေါ်ဖြေရှင်းရန် လိုအပ်နေပြီဟုဆိုရပါမည်။

သုံးသပ်တင်ပြချက်

မိမိတို့ BNI – Myanmar Peace Monitor မှ လက်လှမ်းမီသမျှ စုဆောင်းရရှိထားသည့် ဖြစ်စဉ်ဖြစ်ရပ်များ၊ အချက်အလက်များအရမူ အာရက္ခတပ်တော်၏ စစ်မှုထမ်းဆိုင်ရာ ကိစ္စရပ်များအပါအဝင် အမျိုးသားကာကွယ်ရေးဆိုင်ရာ အရေးပေါ်ပြဌာန်းချက်များသည် ရခိုင်ပြည်နယ်အတွင်းရှိ ပြည်သူလူထုအတွက် လက်လှမ်းမီရန်နှင့် နားလည်သိရှိရန် အလွန်ခက်ခဲနေပြီး AA ကိုယ်တိုင်ကလည်း လူသိရှင်ကြား တရားဝင် ထုတ်ပြန်အသိပေးခြင်းမျိုး မတွေ့ရသေးပေ။

ထို့ကြောင့်ပင် ပြဌာန်းချက်များအပေါ် အကောင်အထည်ဖော်ဆောင်ကြသည့် အာရက္ခတပ်တော်၏ မြေပြင်တာဝန်ခံများသည် စစ်မှုထမ်းကိစ္စရပ်နှင့်ပတ်သက်ပြီး ဒေသခံပြည်သူလူထုအပေါ် လုံလောက်စွာ ရှင်းပြနိုင်ခြင်းမရှိသည်ကို တွေ့ရသည်။ တဆက်တည်းတွင် ပြည်သူလူထုအပေါ် ဖိအားပေးအကြပ်ကိုင်မှုများ၊ အဓမ္မဖမ်းဆီးမှုများနှင့် ပြည်သူလူထု၏ ဆန့်ကျင်မှု စသည့်ဖြစ်စဉ်များကို ဆက်တိုက်တွေ့လာရခြင်းဖြစ်သည်။

အာရက္ခ‌ဒေသအတွင်းရှိ အာရက္ခပြည်သူလူထု၏ ပူးပေါင်းပါဝင်မှု၊ ထောက်ကူပံ့ပိုးမှုရရှိရေးအတွက် အမှန်တကယ် မျှော်ရည်ခဲ့ပါမူ NDEP ပြဌာန်းချက်တစုံလုံးကိုဖြစ်စေ၊ စစ်မှုထမ်းခြင်းကိစ္စရပ်ဆိုင်ရာ တိကျသောပြဌာန်းချက်များကိုဖြစ်စေ ပြည်သူလူထု နားလည်သိရှိစေရေးကို ပွင့်လင်းမြင်သာစွာ တရားဝင် အသိပေးထုတ်ပြန်သင့်ပါသည်။ လက်ရှိ မြေပြင်အခြေအနေအရ အင်တာနက် အကန့်အသတ်၊ ဆက်သွယ်ရေး အကန့်အသတ်များကြောင့်ပင် အဆိုပါ တရားဝင်ထုတ်ပြန်ချက်များကို ပြည်သူလူထုနှင့်ထိတွေ့ကာ ရှင်းပြခြင်း၊ ဆွေးနွေးခြင်းများ၊ အာရက္ခပြည်သူများ၏ တုန့်ပြန်မှုကို အလေးထားခြင်း၊ နားထောင်ခြင်းများ စဉ်ဆက်မပြတ်ပြုလုပ်ကာ ပြည်သူများ၏ စိုးရိမ်ပူပန်မှုကို‌ အမြန်ဆုံးလျော့ချရန် လိုအပ်နေပါသည်။

ယခုအခါ အာရက္ခတပ်တော်၏ ရည်မှန်းချက်ဖြစ်သော အာရက္ခဒေသ (ရခိုင်ပြည်နယ်) တခုလုံး လွတ်မြောက်ရေးသည် အလွန်နီးကပ်စွာ မြင်တွေ့နေရပြီဖြစ်သည်။ စစ်တွေ၊ ကျောက်ဖြူနှင့် မာန်အောင်ဟူသော မြို့နယ် (၃) ခုသာ အာဏာသိမ်းစစ်အုပ်စုက ဟိုနားတစ၊ ဒီနားတစ ထိန်းချုပ်နိုင်သည့် အနေအထားဖြစ်ပါသည်။ အာရက္ခဒေသအတွင်း မှီတင်းနေထိုင်ကြ နေကြသော အာရက္ခပြည်သူလူထုအပြင် အခြားသော တိုင်းရင်းသားပြည်သူလူထုတရပ်လုံး၏ လုံခြုံရေး၊ သက်ရှင်ရပ်တည်ရေးစသော အရေးကိစ္စအားလုံးကို အာရက္ခတပ်တော်အနေဖြင့် ထည့်သွင်းစဉ်းစားရပေလိမ့်မည်။

အာဏာသိမ်းစစ်အုပ်စု၏ ဆိုးယုတ်မှုများအလွန် အာရက္ခဒေသအတွင်းရှိ ပြည်သူလူထု၏ စိတ်နှလုံးကို သိမ်းကျုံးရယူနိုင်ရေးသည် စစ်အုပ်စုအား လက်နက်ဖြင့် မောင်းထုတ်နိုင်ခြင်းထက်ပင် ပို၍ခက်ခဲပြီး စိန်ခေါ်မှုကြီးမားနိုင်ကြောင်း သတိပြုသင့်သည်။ အာရက္ခပြည်သူများအတွက် စိုးရိမ်ပူပန်မှုကြီးစေသော အာရက္ခတပ်တော်၏ စစ်မှုထမ်းကိစ္စသည် စစ်ရေးလှုပ်ရှားမှုများနည်းတူ အရေးပေါ်ကိုင်တွယ်ဖြေရှင်းရမည့် ပုစ္ဆာတပုဒ်ဖြစ်လာကြောင်း တင်ပြအပ်ပါသည်။

1 အာရက္ခဒေသအတွင်းမှ နီရပ်စွန့်ခွာရန် အားထုတ်ကြိုးပမ်းနီကတ်သော ဒေသနီပြည်သူများ သိဟိလိုက်နာရန် အသိပီးတားမြစ်ထုတ်ပြန်ချက်၊ AA Info Desk ၊ ၂၂ မေ ၂၀၂၅
2 AA ရဲ့ စစ်မှုထမ်းပြဋ္ဌာန်းချက်မှာ ဘယ်သူတွေ ကင်းလွတ်ခွင့်ရလဲ (ရုပ်/သံ) ၊ ဧရာဝတီ၊ ၂၆ မေ ၂၀၂၅
3 စစ်မှုထမ်းကိစ္စ ဆန္ဒပြ၍ AA ထံ ဖမ်းဆီးခံရသော တောင်ကုတ် ဒေသခံ ၅၀ ကျော် ပြန်မလွတ်သေး၊ Western News၊ ၂၅ မေ ၂၀၂၅
4 ဖမ်းဆီးထိန်းသိမ်းထားတဲ့ ချင်း ကျောင်းသား/သူတွေ ပြန်လည်လွှတ်ပေးရန် CPSC မှ တိုက်တွန်း၊ နိရဉ္စရာ၊ ၂၈ မေ ၂၀၂၅