နိဒါန်း
“ သူ့အတွက်
ဘာအရေးကြီးနေတယ် မသိပေမယ့်
လူတွေအတွက်ကတော့
လူ့အသက်က ပိုအရေးကြီးပါတယ်…”
ဖော်ပြပါ တကြောင်းကဗျာကို စာရေးဆရာ၊ ကဗျာဆရာ မောင်လှမျိုး (ချင်းချောင်းခြံ) က “အဓမ္မိကရာဇာ” ဟု ခေါင်းစဉ်ပေးထားပြီး စက်တင်ဘာလ ၁၂ ရက်တွင် ရေးပြထားပါသည်။ အဓမ္မိကရာဇာဟူသည် “မင်းဆိုးမင်းယုတ်” ကို ရည်ညွှန်းသည်ဟု ကဗျာဆရာက ဆိုပါသည်။
ယခုတပတ် BNI – Myanmar Peace Monitor ၏ အပတ်စဉ်သတင်းသုံးသပ်ချက်တွင် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဦးဆောင်သော အာဏာသိမ်းစစ်အုပ်စု၏ လေကြောင်းရန်နှင့်အတူ ရေဘေးသင့်ကာလအတွင်း ပြိုပျက်ခဲ့ရသည့်ဘဝများ၊ ဆုံးရှုံးခဲ့ရသည့် အသက်များအတွက် အချက်အလက်၊ အဖြစ်အပျက်များကို မှတ်တမ်းပြုတင်ပြသွားပါမည်။
စစ်အုပ်စု၏ လေကြောင်းရန်
BNI – Myanmar Peace Monitor ၏ မှတ်တမ်းအရ ၂၀၂၄ ခုနှစ် စက်တင်ဘာလ ၁၆ ရက်အထိ စစ်အာဏာသိမ်းကာလအတွင်း မြန်မာနိုင်ငံတဝှမ်း စစ်ကောင်စီ၏ လေကြောင်းမှတဆင့် ဗုံးကြဲပစ်ခတ်တိုက်ခိုက်မှုဖြစ်စဉ်ပေါင်း ၁၄၅၅ ခုအထိ ရှိခဲ့သည်။
(ဖြစ်စဉ်တခုတွင် အနည်းဆုံးတိုက်ခိုက်သည့်အကြိမ် (၂) ကြိမ်မှ အများဆုံး (၁၀) ကြိမ်အထိ တွေ့ရှိရသဖြင့် လေကြောင်းတိုက်ခိုက်မှုအကြိမ်ရေအားဖြင့်မူ ယခုအရေအတွက်ထက် ပိုမိုများပြားနိုင်ပါသည်။)
၂၀၂၄ ခုနှစ် သြဂုတ်လတစ်လတည်းတွင် စစ်ကောင်စီ၏ လေကြောင်းမှတဆင့် ဗုံးကြဲပစ်ခတ်တိုက်ခိုက်မှုဖြစ်စဉ်ပေါင်း ၁၁၈ ခုရှိခဲ့ပြီး စစ်အာဏာသိမ်းကာလတလျှောက် လေကြောင်းတိုက်ခိုက်မှုဖြစ်စဉ် အများဆုံးတွေ့ရှိရခြင်း ဖြစ်ပါသည်။
စက်တင်ဘာလ ၃ ရက်၊ ရှမ်းပြည်နယ် တောင်ကြီးမြို့ရှိ စစ်ကောင်စီ၏ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် တွေ့ဆုံစဉ် အာဏာသိမ်းစစ်ခေါင်းဆောင်က တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့ (ERO) များထံ လက်လွှတ်ဆုံးရှုံးလိုက်ရသည့် မြို့သိမ်းဖြစ်စဉ်များအကြောင်း၊ ၎င်းတို့အနေဖြင့် နိုင်ငံတော်အချုပ်အခြာအာဏာကို မဖြစ်မနေ ကာကွယ်ဆောင်ရွက်မည်ဖြစ်သဖြင့် သတင်းရရှိမှုအခြေအနေပေါ်မူတည်ပြီး လိုအပ်သလို တုန့်ပြန်သွားမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။ ထို့ကြောင့် အဆိုပါမြို့ရွာများအတွင်းရှိ ပြည်သူများအနေဖြင့် ဘေးကင်းလုံခြုံရေး သတိပြုကြဖို့လိုအပ်ကြောင်း စစ်ခေါင်းဆောင်က ပြောဆိုခဲ့ပါသည်။ 1
ကိုးကန့်တပ်ဖွဲ့ (MNDAA) ထိန်းချုပ်သိမ်းပိုက်ထားသည့် လားရှိုးမြို့ အမှတ် ၁၂ ရပ်ကွက်အတွင်း အားကစားကွင်းနှင့် Silver Sky ဟိုတယ်ကို စက်တင်ဘာ ၈ ရက် နံနက် ၄ နာရီအချိန်တွင် စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ပါသည်။ စက်တင်ဘာ ၆ ရက်နေ့ကလည်း တအာင်းတပ်ဖွဲ့ (TNLA) ထိန်းချုပ်သိမ်းပိုက်ထားသည့် နမ့်ခမ်းမြို့ပေါ်ကို လေကြောင်းမှတဆင့် ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်အပါအဝင် အရပ်သားပြည်သူ ၁၃ ဦးသေဆုံးခဲ့ရပါသည်။ 2 စက်တင်ဘာလ ၉ ရက် ညနေပိုင်းတွင်လည်း အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသည့် မောင်တောမြို့နယ်အတွင်းရှိ အကျဉ်းစခန်းတစ်ခုကို စစ်ကောင်စီက လေကြောင်းမှတဆင့် ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် စစ်သုံ့ပန်းများအပါအဝင် အကျဉ်းသား (၅၀) ကျော် သေဆုံးခဲ့ရသည်ဟု ဆိုပါသည်။
BNI – Myanmar Peace Monitor ၏ မှတ်တမ်းအရ စက်တင်ဘာလ ၁၆ ရက်တာအတွင်း စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုဖြစ်စဉ် (၅၁) ခုအထိရှိခဲ့ပြီး မြို့နယ်ပေါင်း (၂၉) ခုအတွင်း လေကြောင်းမှတဆင့် ဗုံးကြဲပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ အာဏာသိမ်းစစ်အုပ်စု၏ လေကြောင်းတိုက်ခိုက်မှုများကို လေ့လာကြည့်ပါက တော်လှန်ရေးအင်အားစုများ၏ ထိန်းချုပ်သိမ်းပိုက်ခြင်းခံထားရသည့် မြို့များကို ပြန်လည်ရရှိရေး ပစ်မှတ်ထားနေသကဲ့သို့ တော်လှန်ရေးအင်အားစုများနှင့် စစ်ကောင်စီတပ်အကြား တိုက်ပွဲပြင်းထန်ရာမြို့နယ်များတွင်လည်း လေကြောင်းမှတဆင့် ဗုံးကြဲပစ်ခတ်တိုက်ခိုက်မှုများကို အရှိန်မြှင့် လုပ်ဆောင်နေသည်ကို တွေ့ရသည်။
မြောက်ပိုင်းညီနောင်မဟာမိတ် (၃) ဖွဲ့ကလည်း မြန်မာတစ်နိုင်ငံလုံးတွင် အာဏာသိမ်းစစ်အုပ်စု၏ လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်ရှိလာနိုင်သဖြင့် စစ်အုပ်စု၏ လေကြောင်းရန်ကို ပြည်သူများ သတိထားကြရန်အတွက် စက်တင်ဘာ ၁၀ ရက်နေ့တွင် သတိပေးထုတ်ပြန်ခဲ့သည်။ စစ်ရှုံးနေသည့် စစ်ကောင်စီတပ်၏ အကြမ်းဖက်လုပ်ရပ်များကို မှတ်တမ်းတင်ထားပြီး နိုင်ငံတကာအဖွဲ့အစည်းများထံ ပေးပို့သွားမည်ဟုလည်း ဆိုထားပါသည်။ 3
မြန်မာပြည်သူလူထုအတွက်မူ အာဏာသိမ်းစစ်အုပ်စု၏ လေကြောင်းရန်ကို နေ့စဉ်နှင့်အမျှ စိုးရိမ်ကြောင့်ကျနေကြရသကဲ့သို့ နိုင်ငံတဝှမ်းတွင် ရေကြီးရေမြုပ်ခြင်းဒဏ်ကိုလည်း အလူးအလဲ ကြုံတွေ့ခံစားနေကြရပါသည်။
ရေကြီးခြင်း၊ ရေမြုပ်ခြင်းနှင့် ရေဘေးသင့်ပြည်သူများ
မန္တလေးတိုင်း သာစည်မြို့နယ် ထန်နောင်းကန်ကျေးရွာနှင့် ကပ်လျက်ရှိသည့် စမုံဆည် ရေထိန်းတမံသည် စက်တင်ဘာလ ၁၁ ရက်၊ ည ၇ နာရီဝန်းကျင်တွင် ကျိုးပေါက်ခဲ့ပြီး ဆည်အောက်ရှိ စမုံချောင်းရိုးတလျောက် ကျေးရွာများနှင့် လယ်ယာစိုက်ခင်းများ နစ်မြုပ်သွားခဲ့သည်။ သာစည်မြို့နယ် သာဂရကျေးရွာအုပ်စု သုံးပတ်လည်ကျေးရွာသည် စမုံချောင်းဘေးကပ်လျက်တွင်ရှိပြီး တရွာလုံးရေနစ်မြုပ်သွားသဖြင့် ဘုန်းတော်ကြီးကျောင်း၊ နေအိမ်အဆောက်အဦးများ၊ စာသင်ကျောင်းအုတ်တံတိုင်းများ၊ လမ်းတံတားများ၊ ခိုင်းနွားများ ပျက်စီးဆုံးရှုံးခဲ့ရပါသည်။ “ဘကြီးထွန်းမြိုင်ရဲ့ တဲလေး အလုံးလိုက် ရေထဲပါသွားတယ်။ ၁၃ ရက်နေ့ကမှ ရွာအနီး ချောင်းစပ်မှာ အလောင်းပြန်တွေ့တယ်။ ရွာပြန်လည်ထူထောင်ရေးအတွက်တော့ အကူအညီတွေ လိုအပ်နေတယ်” ဟု သာဂရရွာ ဒေသခံတဦးက ပြောပါသည်။

သုံးပတ်လည်ကျေးရွာမှ ထောင်နှင့်ချီသည့် ရေဘေးသင့်ပြည်သူများသည် သာဂရကျေးရွာအနောက်ပိုင်းရှိ ဘုန်းတော်ကြီးကျောင်းနှင့် ဘုရားဝန်များအတွင်း နေထိုင်လျက်ရှိပါသည်။ 4
စမုံဆည်ရေထိန်းတံမန်ကျိုးပေါက်ခြင်းကြောင့် သာစည်မြို့နယ်နှင့် ဝမ်းတွင်းမြို့နယ်အတွင်းမှ ကျေးရွာပေါင်း ၂၀ ကျော် ရေကြီးရေနစ်မြုပ်ခြင်းကို ကြုံတွေ့ခဲ့ရသည်။ ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးအတွက် အခက်အခဲများ ရင်ဆိုင်ကြုံတွေ့နေရပြီး “ပြည်သူမှ ပြည်သူသို့”၊ ပြည်သူအချင်းချင်း တပိုင်တနိုင်အကူအညီမျှနှင့်သာ မျှဝေသုံးစွဲနေကြရသည်ကို တွေ့ရပါသည်။
စက်တင်ဘာလ ၁၆ ရက်၊ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး (UNOCHA) ၏ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်း ရေဘေးသင့်ပြည်သူပေါင်း ၆ သိန်းကျော် (၆၃၁,ဝ၀ဝ) အထိ ရှိနိုင်ကြောင်း ထုတ်ပြန်ခဲ့ပြီး တိုင်းနှင့်ပြည်နယ် (၉) ခု၏ မြို့နယ်ပေါင်း ၅၉ မြို့နယ်အတွင်းရှိ ပြည်သူများ ရေဘေးသင့်ခဲ့သည်ဟု ဆိုပါသည်။ မန္တလေးတိုင်းအတွင်း မြို့နယ် (၁၀) ခုမှ ရေဘေးသင့်ပြည်သူ (၃) သိန်းကျော်၊ ရှမ်းပြည်နယ်တောင်ပိုင်းအတွင်း မြို့နယ် (၁၄) ခုမှ ရေဘေးသင့်ပြည်သူ (၇၄,ဝ၀ဝ) ခန့်၊ ရှမ်းပြည်နယ်အရှေ့ပိုင်းအတွင်း မြို့နယ် (၂) ခုမှ ရေဘေးသင့်ပြည်သူ (၁၈,ဝ၀ဝ) ကျော်၊ ကရင်ပြည်နယ်အတွင်း မြို့နယ် (၅) ခုမှ ရေဘေးသင့်ပြည်သူ (၉၀,ဝ၀ဝ) နီးပါး၊ ပဲခူးတိုင်းအတွင်း မြို့နယ် (၆) ခုမှ ရေဘေးသင့်ပြည်သူ (၈၇,ဝ၀ဝ) ကျော်၊ ကရင်နီပြည် (ကယား) အတွင်း မြို့နယ် (၄) ခုမှ ရေဘေးသင့်ပြည်သူ (၉၀ဝ၀) ကျော်နှင့် မွန်ပြည်နယ်အတွင်း မြို့နယ် (၂) ခုမှ ရေဘေးသင့်ပြည်သူ ၉၀ဝ ကျော်တို့ဖြစ်သည်။ ရရှိထားသည့် သတင်းအချက်အလက်များအရ ရေကြီးရေနစ်မြုပ်ခြင်းကြောင့် ရာနှင့်ချီသော အရပ်သားပြည်သူများ သေဆုံးခဲ့ရပြီး ပြည်သူအများအပြား ပျောက်ဆုံးနေဆဲဖြစ်ကြောင်း UNOCHA က ဆိုပါသည်။ 5
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဝန်ကြီးဌာန (MoHADM) နှင့် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့များဖြစ်သော ကရင်အမျိုးသား အစည်းအရုံး (KNU)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) ၊ ချင်းအမျိုးသားတပ်ဦး (CNF) တို့ကလည်း ရာဂီမုန်တိုင်းကြောင့် ရေဘေးဒဏ် ရင်ဆိုင်ကြုံတွေ့နေရသည့် မြန်မာပြည်သူလူထုအတွက် အရေးပေါ် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီများ အမြန်ဆုံးပေးအပ်နိုင်ရေးကို နိုင်ငံတကာအစိုးရများနှင့် ကုလသမဂ္ဂထံ စက်တင်ဘာလ ၁၇ ရက်တွင် ပူးတွဲထုတ်ပြန်တောင်းဆိုခဲ့ပါသည်။
သုံးသပ်တင်ပြချက်
အမေရိကန်အစိုးရသည် မြန်မာနိုင်ငံအတွင်းရှိ ရာဂီမုန်တိုင်းဒဏ်သင့်ပြည်သူများအတွက် အရေးပေါ်လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများပေးအပ်ရန် ဆောင်ရွက်နေကြောင်းနှင့် အမေရိကန် နိုင်ငံတကာဖွံ့ဖြိုးရေးအေဂျင်စီ (USAID) မှတဆင့် ပေးအပ်နိုင်ဖို့ ဆောင်ရွက်နေကြောင်း စက်တင်ဘာ ၁၇ ရက်တွင်ထုတ်ပြန်သည်။ သြစတြေးလျအစိုးရလည်း လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများပေးအပ်ရန်အတွက် မိတ်ဖက်အဖွဲ့အစည်းများနှင့် အတူတကွ ဆောင်ရွက်လျက်ရှိသည်ဟု ဆိုပါသည်။
စက်တင်ဘာလ ၁၇ ရက်တွင် ပြုလုပ်သော အာဏာသိမ်းစစ်ကောင်စီ၏ “သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု ဆိုင်ရာအစည်းအဝေး” တွင်တော့ လွန်ခဲ့သောနှစ်ပေါင်း ၅၀ အတွင်း ယခုကဲ့သို့ဆိုးရွားသည့်အခြေအနေ မဖြစ်ပေါ်ခဲ့ဖူးကြောင်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ညည်းတွားခဲ့သည်။ လာမည့် အောက်တိုဘာလ ၁ ရက်နေ့မှစတင်ပြီး လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်း ကောက်ယူခြင်းများ ဆောင်ရွက်တော့မည်ဖြစ်သဖြင့် ကူညီကယ်ဆယ်ရေးစခန်းများရှိ ရေဘေးသင့်ပြည်သူများအား နေရပ်သို့ အမြန်ဆုံး ပြန်လည်နေထိုင်နိုင်ရေး ဆောင်ရွက်ရမည်ဖြစ်ကြောင်း ၎င်း၏ စစ်ကောင်စီဝန်ကြီးများအား ညွှန်ကြားခဲ့သည်။
ထို့ကြောင့် အမေရိကန်အစိုးရအပါအဝင် နိုင်ငံတကာအစိုးရများ၊ ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအဖွဲ့အစည်းများအနေဖြင့် မြန်မာ့အရေးနှင့် မြန်မာပြည်သူလူထုအရေးအတွက် စဉ်းစားရာတွင် ရေဘေးသင့်ပြည်သူများ၊ စစ်ဘေးသင့်ပြည်သူများအတွက် အရေးပေါ် လူသားချင်းစာနာထားမှုဆိုင်ရာအကူအညီများ ပေးအပ်နိုင်ရေးကို ကြိုးပမ်းသင့်ပါသည်။ ထိုသို့ တဆက်တည်းတွင် နိုင်ငံတဝှမ်းလေကြောင်းတိုက်ခိုက်မှုများကို အားကိုးပြီး နိုင်ငံအတွင်း ကြမ္မာဆိုးဖန်နေဆဲဖြစ်သော စစ်အုပ်စု၏ လေကြောင်းရန် ရပ်တန့်နိုင်ရေးအတွက်လည်း အလေးအနက်ထား စဉ်းစားသင့်ပြီဖြစ်ပါသည်။
လူ့အသက်ပေါင်းများစွာကို နေ့စဉ်နှင့်အမျှ ရန်မူလျက်ရှိသော စစ်အုပ်စု၏ လုပ်ရပ်များအားလုံးကို ရပ်တန့်နိုင်မှသာ မြန်မာပြည်သူလူထုအတွက် စိတ်၏ လုံခြုံမှု၊ ကိုယ်၏ လုံခြုံမှုကို ရရှိမည်ဟု ဆိုနိုင်ပါသည်။
မောင်လှမျိုး (ချင်းချောင်းခြံ) ၏ “အဓမ္မိကရာဇာ” ကဗျာဖြင့် အဆုံးသတ်တင်ပြလိုပါသည်။
“သူ့အတွက်
ဘာအရေကြီးနေတယ်မသိပေမဲ့၊
လူတွေအတွက်ကတော့
လူ့အသက်က ပိုအရေးအကြီးပါတယ်”
1 စွန့်လွှတ်လိုက်ရတဲ့ နယ်မြေတွေပြန်ရဖို့ ဆောင်ရွက်သွားမှာဖြစ်ကြောင်း စစ်ခေါင်းဆောင်ပြော၊ RFA ၊ ၄ စက်တင်ဘာ ၂၀၂၄
2 စစ်ကောင်စီက လားရှိုးမြို့ကို ဗုံးထပ်ကြဲ ၊ RFA ၊ ၈ စက်တင်ဘာ ၂၀၂၄
3 3 Brotherhood Alliance (AA+MNDAA+TNLA), Telegram, 10 September 2024
4 မန္တလေးတိုင်း၊ သာစည်မြို့နယ်၊ သာဂရရွာဒေသခံတဦးထံ စက်တင်ဘာ ၁၅ ရက်တွင် မေးမြန်းထား ခြင်း ဖြစ်သည်။
5 နိုင်ငံတစ်ဝန်း လူ ခြောက်သိန်းကျော် ရေဘေးသင့်ကြောင်း UNOCHA ပြော၊ RFA ၊ ၈ စက်တင်ဘာ ၂၀၂၄