နိဒါန်း
“Sold Out” ဆိုသည့် စကားစုကို လူမှုကွန်ရက်၏ ဗန်းစကားတခုဖြစ်လာသည်အထိပင် အာဏာသိမ်းစစ်ကောင်စီသည် နိုင်ငံတဝှမ်းရှိမြို့များကို တစ်မြို့ပြီးတစ်မြို့ လက်လွတ်ဆုံးရှုံးနေရသည်။ ယင်းသို့ဆုံးရှုံးရချိန်တိုင်းတွင်လည်း သွေးရူးသွေးတန်းဖြင့် မြင်မြင်သမျှကို ပစ်မှတ်ထားတိုက်ခိုက်လေ့ရှိသကဲ့သို့ လေကြောင်းမှတဆင့် ဗုံးကြဲတိုက်ခိုက်မှုများကိုလည်း နေ့ရောညပါ၊ နေရာ ဒေသမရွေး လုပ်ဆောင်လေ့ရှိပါသည်။ ထို့ကြောင့်ပင် အရပ်သားပြည်သူများသည် ကျေးလက်ဒေသမှ မြို့ပြသို့သော်လည်းကောင်း၊ မြို့ပြဒေသမှ မြို့ကြီးများသို့သော်လည်းကောင်း၊ မြို့ကြီးများမှသည် ကျေးရွာများဆီသို့သော်လည်း စစ်ဘေးစစ်ဒဏ် လွတ်ရာလွတ်ကြောင်းအတွက် နေရပ်စွန့်ခွာ ရွေ့ပြောင်းနေကြရပါသည်။
သြဂုတ်လ (၈) ရက်က ပြင်ဦးလွင်-မန္တလေး အဆင်းလမ်းမကြီးပေါ်ရှိ ရာနှင့်ချီသော ကားတန်းကြီးသည် ပြင်ဦးလွင်မြို့ကို တော်လှန်ရေးအင်အားစုများက တိုက်ခိုက်တော့မည်ဟူသော သတင်းစကားများကြောင့် ဘေးလွတ်ရာသို့ ပြေးခွာတိမ်းရှောင်နေကြခြင်းဖြစ်သည်။
ယခုတပတ် BNI-Myanmar Peace Monitor ၏ အပတ်စဉ်သုံးသပ်ချက်တွင် မြို့သိမ်းဖြစ်စဉ်များ၊ စစ်အုပ်စု၏ လေကြောင်းရန်နှင့် ကျီးလန့်စာစားပြည်သူများအကြောင်းကို အချက်အလက်၊ ဖြစ်စဉ်ဖြစ်ရပ်များကို အခြေပြုကာ ချဉ်းကပ်တင်ပြသွားပါမည်။
မြို့သိမ်းဖြစ်စဉ်များ
၂၀၂၄ ခုနှစ် သြဂုတ်လ ၇ ရက်အထိ BNI-Myanmar Peace Monitor ၏ မှတ်တမ်းအရ စစ်အာဏာသိမ်းကာလအတွင်း စစ်ကောင်စီထံမှ မြို့ပေါင်း (၇၆) မြို့ကို တော်လှန်ရေးအင်အားစုများက သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ပါသည်။ ၂၀၂၁ ခုနှစ် ဇူလိုင်လမှစတင်ပြီး တော်လှန်ရေးအင်အားစုများ၏ မြို့သိမ်းဖြစ်စဉ်များကို တွေ့ရှိခဲ့ရပြီး မြို့အများစုသည် “၁၀၂၇ စစ်ဆင်ရေး” စတင်ပြီးနောက်ပိုင်းတွင်မှ ခပ်စိပ်စိပ်တွေ့ရှိလာရခြင်းဖြစ်သည်။ မြို့ ပေါင်း (၇၆) မြို့အနက် ၄၇ မြို့ သည် ၂၀၂၄ ခုနှစ်အတွင်း တွေ့ရှိရသည့် မြို့သိမ်းဖြစ်စဉ်များ ဖြစ်ပါသည်။

၂၀၂၃ ခုနှစ် လဆန်းပိုင်းမှစပြီး အာဏာသိမ်းစစ်အုပ်စုထံမှ မြို့များကို တော်လှန်ရေးအင်အားစုများက လစဉ် အနည်းဆုံး တစ်မြို့သိမ်းပိုက်ထားသည်ကိုလည်း တွေ့ရှိရသည်။ ၂၀၂၄ ခုနှစ် ဇွန်လ ၂၅ ရက်တွင် စတင်ခဲ့သည့် “၁၀၂၇ စစ်ဆင်ရေး” အပိုင်း (၂) စစ်ရေးလှုပ်ရှားမှုများနှင့်အတူ မြို့ပြကို ဦးတည်သည့် တော်လှန်ရေးအင်အားစုများ၏ စစ်ဆင်ရေးများသည် ရှမ်းမြောက်ဒေသ နောင်ချို၊ မိုးမိတ်၊ လားရှိုး၊ ကျောက်မဲ၊ မန္တလေးတိုင်း စဥ့်ကူး၊ မိုးကုတ်နှင့် တကောင်း 1 စသည့်မြို့များကို ရှေ့ဆင့်နောက်ဆင့် သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့သည်။ ထို့အပြင် ချင်းပြည်နယ်မတူပီမြို့၊ ရခိုင်ပြည်နယ်သံတွဲမြို့နှင့် ကျိန္တလီမြို့တို့ကိုလည်း ဒေသတွင်း တော်လှန်ရေးအင်အားစုများက သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့သည်ကို တွေ့ရသည်။
စစ်အုပ်စု၏ လေကြောင်းရန်
၂၀၂၄ ခုနှစ် သြဂုတ်လ ၁၄ ရက်တွင် အာရက္ခတပ်တော် (AA) ၏ ထိန်းချုပ်သိမ်းပိုက်ခြင်းခံလိုက်ရသည့် ဂွမြို့နယ် ကျိန္တလီမြို့ကို သြဂုတ်လ ၁၅ ရက်တွင် စစ်ကောင်စီတပ်က လေယာဉ်ဖြင့် ဗုံးကြဲပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် ကလေးငယ် (၂) ဦးနှင့် အမျိုးသမီး (၆) ဦးအပါအဝင် အရပ်သားပြည်သူ (၁၁) ဦး သေဆုံးခဲ့ရပြီး (၁၁) ဦး ဒဏ်ရာရရှိခဲ့ပါသည်။ သြဂုတ်လ ၁၀ ရက်ကလည်း မြောက်ဦးမြို့ ကြက်ဈေးရပ်ကွက်၊ မြောက်ဦးဟိုတယ်လမ်းဆုံကို ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အတွက် အရပ်သား ၆ ဦးသေဆုံးပြီး ၇ ဦး ဒဏ်ရာရရှိခဲ့ပါသည်။ 2
ချင်းပြည်နယ် ထန်တလန်မြို့အခြေစိုက် စစ်ကောင်စီတပ်ရင်း ခလရ (၂၆၉) ကို ချင်းအမျိုးသားတပ်ဦး (CNF) ဦးဆောင်သည့် ပူးပေါင်းဖွဲ့များက သြဂုတ်လ (၅) ရက်တွင် သိမ်းပိုက်ခဲ့သည်။ ထို့နောက် သြဂုတ်လ (၆) ရက် နံနက် (၁၂) နာရီဝန်းကျင်တွင် ဂျက်ဖိုက်တာ (၃) စီးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ပါသည်။ လေကြောင်းမှတဆင့် အကြိမ်ကြိမ်တိုက်ခိုက်ခြင်း၊ မီးရှို့ဖျက်ဆီးခြင်းနှင့် ကြုံတွေ့ခဲ့ရသည့် ထန်တလန်မြို့တွင် အရပ်သားပြည်သူများ နေထိုင်ခြင်းမရှိတော့ဘဲ မြို့ပျက်ကြီးသဖွယ်ဖြစ်နေပါသည်။ 3
ဇူလိုင်လ ၁၇ ရက်၊ စဥ့်ကူးမြို့ကို ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေး (MDY-PDF) က သိမ်းပိုက်ထိန်းချုပ်ခဲ့ပြီးနောက် ဇူလိုင် ၂၃ ရက်တွင် စဥ့်ကူးမြို့နယ် ကျည်တောက်ပေါက်ရွာကို စစ်ကောင်စီက လေကြောင်းမှတဆင့် ဗုံးကြဲတိုက်ခိုက်ခဲ့ပါသည်။ အဆိုပါဖြစ်စဉ်အတွင်း (၅) လသားအရွယ် ကလေးငယ်တစ်ဦးအပါအဝင် ဒေသခံပြည်သူ (၆) ဦးဒဏ်ရာရရှိခဲ့သည်။ 4

အာဏာသိမ်းစစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများသည် မြို့သိမ်းခံရသည့်ဖြစ်စဉ်များ၊ စခန်းသိမ်းခံရသည့်ဖြစ်စဉ်များနှင့် တိုက်ရိုက်ချိတ်ဆက်နေပြီး စစ်အာဏာသိမ်းကာလ တလျှောက် ၂၀၂၄ ခုနှစ်အတွင်း လေကြောင်းတိုက်ခိုက်မှုအရေအတွက်သည် အများဆုံး ဖြစ်နေသည်ကို တွေ့ရှိရပါသည်။ တဆက်တည်းတွင် အဆိုပါလေကြောင်းတိုက်ခိုက်မှုဖြစ်စဉ်များနှင့် စစ်ကောင်စီ၏ လေကြောင်းရန်ကြောင့်ပင် နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေကြရသည့် စစ်ဘေးရှောင်ပြည်သူများအတွက် ပြေးရှောင်စရာပိုမိုကျဉ်းမြောင်းလာခဲ့ပါသည်။
ကျီးလန့်စာစား ပြည်သူများ
မိမိတို့ BNI-Myanmar Peace Monitor ၏ မှတ်တမ်းအရ နိုင်ငံတဝှမ်း စစ်ကြောင့် နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေကြရသည့် စစ်ဘေးရှောင်ပြည်သူပေါင်း ၃ ဒသမ၂ သန်းကျော်အထိရှိလာပြီး 5 ထိုအထဲမှ သုံးပုံတစ်ပုံခန့် (၁,ဝ၆၁,၉၇၆) သော စစ်ဘေးရှောင်ပြည်သူများသည် “၁၀၂၇ စစ်ဆင်ရေး” နောက်ပိုင်း မြို့သိမ်းဖြစ်စဉ်များ၊ စစ်စခန်းဆုံးရှုံးမှုများနှင့် ဆက်စပ်နေပြီး အများစုသည် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုအန္တရယ်နှင့် လက်နက်ကြီး ရမ်းသန်းပစ်ခတ်ခြင်းတို့ကြောင့် ဖြစ်ပါသည်။
၂၀၂၄ ခုနှစ် ဧပြီလတစ်လတည်းတွင် ရှော့တိုက်ဒုံးဖြင့် နှစ်ကြိမ်ပစ်ခတ်တိုက်ခိုက်ခံခဲ့ရသည့် ပြင်ဦးလွင်မြို့ရှိ အာဏာသိမ်းစစ်အုပ်စုနှင့် အပေါင်းအပါများသည် နောင်ချိုမြိုအား တော်လှန်ရေးအင်အားစုများထံ လက်လွှတ်လိုက်ရပြီးနောက် ပြင်ဦးလွင်မြို့ကို စွန့်ခွာကာ မန္တလေး၊ နေပြည်တော်၊ ရန်ကုန်ကဲ့သို့သော မြို့ကြီးများဆီ ဦးတည်ထွက်ပြေးရန် ပြင်ဆင်ကြိုးပမ်းနေသည်ဟု ဆိုပါသည်။ အလားတူ ပြင်ဦးလွင်မြို့ ဒေသခံပြည်သူများကလည်း စစ်ရေးပဋိပက္ခအတွက် စိုးရိမ်ပူပန်နေကြကာ နေရပ်စွန့်ခွာတိမ်းရှောင်ကြရန် ပြင်ဆင်နေကြသည်ကို တွေ့ရသည်။
အလားတူ မန္တလေးမြို့နှင့် နီးကပ်လာသည့် တိုက်ပွဲများကြောင့် မန္တလေးမြို့ပေါ်ရှိဒေသခံ ပြည်သူများကလည်း စစ်ဘေးလွတ်ရာတိမ်းရှောင်ရန် ပြင်ဆင်နေကြပါသည်။ မန္တလေးမြို့သည် တအာင်းတပ်ဖွဲ့ (TNLA) နှင့် ပူးပေါင်းတပ်ဖွဲ့များသိမ်းပိုက်ထားသည့် မိုးကုတ်မြို့နှင့် မိုင် (၁၀ဝ) ကျော်သာကွာဝေးပြီး ပြည်သူ့ကာကွယ်ရေးတပ်မတော် – မန္တလေး (MDY-PDF) နှင့် ပူးပေါင်းတပ်ဖွဲ့များ သိမ်းပိုက်ထားသည့် စဥ့်ကူးမြို့နှင့် မိုင် (၅၀) ကျော်သာ ကွာဝေးပါသည်။ စစ်ကောင်စီတပ်အနေဖြင့်လည်း မန္တလေးမြို့ကို ခံစစ်အသွင်ပြင်ဆင်ထားသည်ဟု ဆိုပါသည်။
“နေ့တိုင်းနီးပါး ညနေမှောင်ပြီဆိုရင် လေယာဉ်တွေပျံလိုက် ဟက်စကီးတွေပျံလိုက်နဲ့ သူ့ဟာနဲ့သူ ရှုပ်နေတာပဲ။ ကျုံးဘက်က အထပ်မြင့်အိမ်တွေမှာလည်း တပ်စွဲထားတယ်” ဟု မန္တလေးဒေသခံတစ်ဦးက ပြောပါသည်။ 6
သုံးသပ်တင်ပြချက်
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းကလည်း မန္တလေးမြို့အနီးအထိ ခုခံတော်လှန်စစ်ဆင်ရေးလှိုင်းများ ရောက်ရှိလာသည့်အတွက် စစ်ရေးအခြေအနေများကို မျက်ခြေမပြတ်စောင့်ကြည့်ကာ ကြိုတင်ပြင်ဆင်ကြဖို့ တိုက်တွန်းထားသည်။
ချင်းပြည်နယ်တွင်သော်လည်းကောင်း၊ ရခိုင်ပြည်နယ်တွင်သော်လည်းကောင်း၊ မန္တလေးတိုင်းတွင်သော်လည်းကောင်း၊ ကချင်ပြည်နယ်တွင်သော်လည်းကောင်း စစ်ကောင်စီတပ်များ ကင်းစင်ရေးဟုကြွေးကြော်ကာ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့ (ERO) များကိုယ်တိုင် ဦးစီးဦးဆောင်ပြုပြီး လွတ်မြောက်ရေးအတွက် စစ်ကောင်စီတပ်များအားဟန်ချက်ညီ ထိုးစစ်ဆင်မှုများကို အရှိန်အဟုန်မြှင့်လာသည်ကို တွေ့ရသည်။ တော်လှန်ရေးအင်အားစုများ၏ စခန်းသိမ်း၊ မြို့သိမ်းစစ်ဆင်ရေးများသည် ဆက်လက်အားကောင်းလာမည့် အရိပ်အယောင်များသည်လည်း ထင်ရှားလာပြီဖြစ်သည်။ ကချင်၊ မန္တလေး၊ ချင်းနှင့် ရခိုင်ဒေသများအတွင်း “Sold Out” မြို့များ ထွက်ပေါ်လာနိုင်ပါသေးသည်။ တဆက်တည်းတွင် အရပ်သားပြည်သူများအပေါ် ပစ်မှတ်ထားသော အာဏာသိမ်းစစ်အုပ်စု၏ လေကြောင်းမှတဆင့် ဗုံးကြဲတိုက်ခိုက်မှုများကိုလည်း စိတ်မချမ်းမြေ့ဖွယ် ကြားသိမြင်တွေ့ရပေလိမ့်မည်။
နိုင်ငံ့ဧရိယာ၏ ၆၇ ရာခိုင်နှုန်း (မြို့နယ်ပေါင်း ၂၂၂ မြို့နယ်) တွင် အာဏာသိမ်းစစ်ကောင်စီတပ်များနှင့် တော်လှန်ရေးအင်အားစုများအကြား တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားလျက်ရှိသည်။ စစ်ရေးစစ်ဘောင် ကျယ်ပြန့်လာသည်နှင့်အမျှ စစ်ဘေးရှောင်ရန်နယ်မြေသည် တဖြည်းဖြည်းပိုမိုကျဉ်းမြောင်းလာခဲ့ပြီဖြစ်သည်။ တောင်တန်းမြေပြန့်ဒေသအလိုက် မြို့ပေါင်း (၇၆) မြို့ကို သက်ဆိုင်ရာဒေသအလိုက် သိမ်းပိုက်ထိန်းချုပ်ထားခဲ့ကြသည့် တော်လှန်ရေးအင်အားစုများသည် စစ်ဘေးရှောင်ပြည်သူများအတွက် လုံခြုံမှုပေးစွမ်းနိုင်ရေး ကြိုးပမ်းသင့်ပါသည်။ နိုင်ငံတကာအစိုးရများ၊ နိုင်ငံတကာအဖွဲ့အစည်းများအနေဖြင့်လည်း မြန်မာပြည်သူလူထုကို အမှန်တကယ်အကာအကွယ်ပေးနိုင်ရေးအတွက် စစ်အုပ်စု၏ လေကြောင်းရန်ကို ဟန့်တားနိုင်ရေး အလေးအနက်ထား စဉ်းစားသင့်ပြီဖြစ်သည်။ လွတ်မြောက်နယ်မြေများကို အမှန်တကယ်လွတ်မြောက်နိုင်ရေးအတွက် ထောက်ကူပံ့ပိုးရန် လိုအပ်နေပြီဖြစ်ကြောင်း တင်ပြအပ်ပါသည်။
1 တကောင်းမြို့ကို NUG တပ်များ သိမ်းပိုက်၊ မြန်မာနောင်း၊ ၁၃ သြဂုတ် ၂၀၂၄
2 ကျိန္တလီမြို့က ခရစ်ယာန်ဘာသာရေးကျောင်းကို စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်သည့်အတွက် ကလေးငယ် ၂ ဦးအပါအဝင် ၁၁ ဦးသေဆုံးပြီး ၁၁ ဦးဒဏ်ရာရ၊ နိရဉ္ဇရာ၊ ၁၇ သြဂုတ် ၂၀၂၄
3 ထန်တလန်ရှိ အကြီးဆုံးတပ်စခန်း ဆုံးရှုံးပြီးနောက် စစ်ကောင်စီတပ်က ဂျက်ဖိုက်တာ ၃ စီးဖြင့် မြို့ကိုဗုံးကြဲ၊ မစ္ဈိမ ၊ ၆ သြဂုတ် ၂၀၂၄
4 စဥ့်ကူးတွင် စစ်တပ် ဗုံးကြဲမှုကြောင့် ကလေးငယ် ၁ ဦး အပါအဝင် ပြည်သူ ၆ ဦး ဒဏ်ရာရ၊ ဒီဗွီဘီ၊ ၂၅ ဇူလိုင် ၂၀၂၄
5 Internally Displaced Persons Situation in Myanmar, BNI-MPM, 13 Aug 2024
6 မန္တလေးဒေသခံအချို့ စစ်ဘေးတိမ်းရှောင်ရန် ပြင်ဆင်မှုများလုပ်၊ ၂၅ ဇူလိုင် ၂၀၂၄