နိဒါန်း
စစ်အာဏာသိမ်းကာလအတွင်း တော်လှန်ရေးအင်အားစုများ၏ စခန်းသိမ်း၊ မြို့သိမ်းဖြစ်စဉ်များနှင့်အတူ နယ်မြေစိုးမိုးထိန်းချုပ်နိုင်မှုများ ပိုမိုကျယ်ပြန့်လာသည်နှင့်အမျှ တော်လှန်ရေးအင်အားစုအချင်းချင်းအကြား နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးမှုများကိုလည်း ဟိုတစ်စ၊ ဒီတစ်စ တွေ့မြင်လာရပြီဖြစ်သည်။ စားပွဲဝိုင်းတစ်ခုတည်းတွင် အစုအဖွဲ့အားလုံး စုံလင်ပါဝင်ခဲ့ခြင်းမဟုတ်သေးသည့်တိုင် နိုင်ငံရေးအရွေ့တစ်ခုကို လျှောက်လှမ်းနေကြသည်ဟုတော့ နားလည်ရပါသည်။
ယခုတစ်ပတ် BNI – Myanmar Peace Monitor ၏ အပတ်စဉ်သတင်းသုံးချက်တွင် တော်လှန်ရေးအင်အားစုများအကြား နားလည်လက်ခံလာကြသည့် နိုင်ငံရေးဦးတည်ချက် (၆) ချက်နှင့် အနာဂတ်ပြည်ထောင်စု မျှော်ရည်ရာများကို လေ့လာတင်ပြသွားပါမည်။
ပူးတွဲထုတ်ပြန်ချက်
၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ၃ ရက်နေ့တွင် ဖြစ်သည်။ အချက် (၁၀) ချက်ပါသည့် ပူးတွဲကြေညာချက်တစ်စောင်ကို ချင်းညီနောင်အဖွဲ့ (CB)၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH)၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD)၊ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) နှင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တို့ ပူးပေါင်းကာ ထုတ်ပြန်ခဲ့ပါသည်။
တန်းတူညီမျှမှုနှင့် ပြည်သူလူထု၏ဆန္ဒကို အခြေခံ၍ ပြည်နယ် / ဖက်ဒရယ် ယူနစ် အားကောင်းရေးမှ ပြည်ထောင်စုအားကောင်းရေး (Bottom – up Federalism) ချဉ်းကပ်မှု ဖြင့် တော်လှန်ရေးကာလ / ကြားကာလမှ စတင်ကာ အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီပြည် ထောင်စုတည်ဆောက်နိုင်သည်အထိ ဦးတည်လျှောက်လှမ်းနေပြီဟု အစချီထားပြီး ရရှိထားပြီးသော စုစည်းညီညွတ်မှုများထက် ပိုမိုကျယ်ပြန့်ခိုင်မာသော ပူးပေါင်းဆောင်ရွက်မှုများရရှိစေရန် ကြိုးပမ်းအားထုတ်ရင်း စုပေါင်းတော်လှန် တိုက်ပွဲဝင်လျက်ရှိကြောင်း ဖော်ပြပါ (၅) ဖွဲ့စလုံးက ဆိုထားပါသည်။ 1
ပြည်နယ်/ဖက်ဒရယ်ယူနစ်များ သတ်မှတ်ဖွဲ့စည်းရေးနှင့် နယ်နိမိတ်ပိုင်းခြားသတ်မှတ် ရေးကိစ္စရပ်များကို အသွင်ကူးပြောင်းရေးကာလရောက်ရှိသည့်အခါ ပြည်သူလူထု၏ဆန္ဒကို အခြေခံ၍ မည်သည့်ခွဲခြားဆက်ဆံ ခြင်းမရှိစေဘဲ အဓိကသက်ဆိုင်သူအားလုံး ပါဝင်သော နိုင်ငံရေးဆွေးနွေးပွဲများတွင် ညှိနှိုင်းပြီး တော်လှန်ရေးအင်အားစုများ အချင်းချင်းကြားဖြစ်ပွားသော မည်သည့်အငြင်းပွားမှုကိုမဆို မိတ်ဖက်ပဋိပက္ခများအဖြစ် မှတ်ယူကာ ငြိမ်းချမ်းသော နည်းလမ်းများဖြင့်သာ ဖြေရှင်းဆောင်ရွက်သွားမည်ဟု ပူးတွဲထုတ်ပြန်ချက်က ဆိုပါသည်။
ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ဖမ်းဆီးထိန်းသိမ်းခံနိုင်ငံရေးခေါင်းဆောင်များနှင့် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးသည် လက်ရှိပြဿနာများကို ဖြေရှင်းနိုင်ရေးအတွက် အလွန်အရေးကြီးသည်ဟု မှတ်ယူထားကြပြီး ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းရေးအတွက် နိုင်ငံရေးဦးတည်ချက် (၆) ချက်ကို ယခုလို ထုတ်ပြန်ခဲ့ပါသည်။
“(က) စစ်အာဏာသိမ်းထားမှုကို ဖယ်ရှားပြီး အနာဂတ်တွင် စစ်တပ်၏နိုင်ငံရေး၌ ပါဝင်နေခြင်းအား အဆုံးသတ်ရန်၊ (ခ) လက်နက်ကိုင်တပ်ဖွဲ့များအားလုံးကို ဒီမိုကရေစီနည်းကျရွေး ကောက်တင်မြှောက်ထားသည့် အရပ်သားအစိုးရ၏ စီမံအုပ်ချုပ်မှုအောက်၌ အပြည့်အဝထားရှိရန်၊ (ဂ) ၂၀ဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို အပြီးတိုင်ဖျက်သိမ်းရန်နှင့် ယင်းကို ပြန်လည် အသက်သွင်းရန် ကြိုးပမ်းမှုမှန်သမျှ တိုက်ဖျက်ရန်၊ (ဃ) သက်ဆိုင်သူ အစုအဖွဲ့များအားလုံး လက်ခံနိုင်သော ဖက်ဒရယ်နှင့် ဒီမိုကရေစီစနစ်ကိုအခြေခံသည့် ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲပြဌာန်းရန်၊ (င) ထွက်ပေါ်လာသော ဖက်ဒရယ်ဒီမိုကရေစီ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စုအသစ်အား တည်ဆောက်ရန်၊ (စ) ပဋိပက္ခအတွင်း “လိင် နှင့် ကျား၊ မအပေါ် အခြေခံသော အကြမ်းဖက်မှုများအပါအဝင်” မတရားကျူးလွန်ခံရသူများအတွက် တရားမျှတမှုပြန်လည်ရရှိရေးနှင့် အသွင်ကူးပြောင်းရေးကာလ တရားမျှတမှုရရှိရေး လုပ်ငန်းစဉ်ဖော်ဆောင်ရန်” ဟူ၏။
အာဏာသိမ်းစစ်အုပ်စု၏ ရွေးကောက်ပွဲကျင်းပရေး ကြိုးပမ်းနေခြင်းသည် နိုင်ငံပြိုကွဲမှုကို ဦးတည်စေသဖြင့် မြန်မာပြည်သူလူထုအပါအဝင် နိုင်ငံတကာအသိုက်အဝန်းမှ ပူးပေါင်းပါဝင်ခြင်း၊ ပံ့ပိုးကူညီခြင်းနှင့် အသိအမှတ်ပြုခြင်းများကို ရှောင်ကျဉ်ကြရန်၊ နိုင်ငံတကာ အသိုက်အဝန်းအနေဖြင့် မြန်မာပြည်သူများ လက်ရှိခံစားနေရသည့် အတိဒုက္ခများကို အမြန်ဆုံး ကုစားနိုင်ရန် တော်လှန်ရေးအင်အားစုများနှင့် ပူးပေါင်းကာ လက်တွေ့ကျပြီး ထိရောက်သော ပံ့ပိုးကူညီမှုများ ပေးအပ်ရန်နှင့် အာဏာသိမ်းစစ်အုပ်စုထံသို့ လေယာဉ်ဆီအပါအဝင် စစ်လက်နက်ပစ္စည်းများ ပံ့ပိုးရောင်းချခြင်း၊ သံတမန်ရေးရာအရ အသိအမှတ်ပြုဆက်ဆံခြင်းတို့ကို ရပ်တန့်ရန်တို့ကိုလည်း ပူးတွဲထုတ်ပြန်ချက်က တောင်းဆိုထားပါသည်။
ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုပေါ်ပေါက်ရေးအတွက် စည်းလုံးညီညွတ်စွာဖြင့် အတူတကွ ဆက်လက်တိုက်ပွဲဝင်သွားမည်ဟု ကတိသစ္စာပြုကြောင်းလည်း ပူးတွဲကြေညာချက်၏ အဆုံးတွင် ဖော်ပြထားသည်။
K2C + NUG ဘုံသဘောတူညီချက်နှင့် ဘာကွာသလဲ
CB အပါအဝင် အဖွဲ့ (၅) ဖွဲ့၏ ပူးတွဲထုတ်ပြန်ချက်ပါ နိုင်ငံရေးဦးတည်ချက် (၆) ချက်သည် ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်တွင် ထုတ်ပြန်ခဲ့သော ချင်းအမျိုးသားတပ်ဦး (CNF)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)၊ ကရင်အမျိုးသားအစည်းအရုံး (KNU) နှင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တို့၏ “စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက် အတူတကွ လက်တွဲတော်လှန်တိုက်ပွဲဝင်နေကြသော အဖွဲ့များ၏ ဘုံသဘောထားရပ်တည်ချက်” 2 ပါ နိုင်ငံရေးဦးတည်ချက် (၆) ချက်နှင့် တထပ်တည်းဟူပင် ဆိုနိုင်ပါသည်။
အပိုဒ် (စ) တွင် ဖော်ပြထားသည့် “ပဋိပက္ခအတွင်း မတရားကျူးလွန်ခံရသူများအတွက် တရားမျှတမှုရရှိရေးနှင့် အသွင်ကူးပြောင်းရေးကာလ တရားမျှတမှုရရှိရေးလုပ်ငန်းစဉ် ဖော်ဆောင်ရန်” ဟူသည့်နေရာတွင် “ပဋိပက္ခအတွင်း လိင်နှင့် ကျား၊ မအပေါ် အခြေခံသော အကြမ်းဖက်မှုများအပါအဝင် မတရားကျူးလွန်ခံရသူများအတွက် တရားမျှတမှုပြန်လည်ရရှိ ရေးနှင့် အသွင်ကူးပြောင်းရေးကာလ တရားမျှတမှုရရှိရေး လုပ်ငန်းစဉ်ဖော်ဆောင်ရန်” ဟူ၍ ဖြည့်စွက်ချက်အချို့သာ အပြောင်းအလဲရှိခဲ့သည်ကို တွေ့ရသည်။
သို့သော် K2C+NUG ၏ ဘုံသဘောတူညီချက်တွင်တော့ စစ်အာဏာသိမ်းမှုကို တရားမဝင်ကြောင်း ကြေညာပြီး ရှုတ်ချခြင်း၊ ၂၀ဝ၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအား တရားမဝင်ကြောင်း ကြေညာခြင်း၊ အနာဂတ် နိုင်ငံရေးလုပ်ငန်းစဉ်တွင် စစ်တပ်ပါဝင်ခွင့်မရှိစေရ၊ တော်လှန်ရေးအလွန်ကာလ နိုင်ငံရေးဦးဆောင်မှုသည် အာဏာရှင်စနစ်တော်လှန်ရေးတွင် ပါဝင်ခဲ့သော သက်ဆိုင်သည့် နိုင်ငံရေးအစုအဖွဲ့များ၏ စုပေါင်းပါဝင်ဦးဆောင်မှုဖြင့် နိုင်ငံသစ်တည်ဆောက်ရေး စသည့် အချက်များအပါအဝင် ရပ်တည်ချက် (၉) ချက်ကို တွေ့ရှိရပါသည်။
ထို့အပြင် အာဏာသိမ်းစစ်အုပ်စုအား စစ်ရေးအရသော်လည်းကောင်း၊ နိုင်ငံရေးအရသော်လည်းကောင်း ပြည်တွင်းကဖြစ်စေ၊ ပြည်ပကဖြစ်စေ ဖိအားပေးခြင်း၊ စစ်အုပ်စုအနေဖြင့် ဖော်ပြပါနိုင်ငံရေး ဦးတည်ချက် (၆) ချက်အား လက်ခံပါက စစ်အာဏာသိမ်းမှု အဆုံးသတ်ခြင်းနှင့် အာဏာလွှဲပြောင်းခြင်းဆိုင်ရာ ကိစ္စရပ်များအပါအဝင် လုပ်ငန်းစဉ်အဆင့်ဆင့်ကိုလည်း K2C+NUG ၏ ဘုံသဘောတူညီချက်တွင် ထည့်သွင်းဖော်ပြထားပါသည်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ယာယီသမ္မတ ဒူဝါလရှီးလကတော့ အဆိုပါ ဘုံသဘောတူညီချက်တွင် ထုတ်ပြန်ချက်ပါ K2C+NUG အပြင် ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) လည်း ပါဝင်သည်ဟု ဆိုပါသည်။
“ဒီဘုံသဘောတူညီချက်ဟာ လောလောဆယ်အားဖြင့် [K3C] လို့ ခေါ်တဲ့ KIO, KNU, KNPP, CNF တွေဖြစ်တဲ့ ကျွန်တော်တို့ရဲ့ တိုင်းရင်းသား မဟာမိတ်အစုအဖွဲ့တွေကြားမှာ သဘောတူညီချက်အားဖြင့် ခိုင်ခိုင်မာမာရရှိထားတဲ့ အချက်တွေဖြစ်သလို ဆက်လက်ပြီးတော့ တိုင်းရင်းသား မဟာမိတ်အဖွဲ့အစည်းတွေရဲ့ စုရုံးသဘောတူညီစေမှုကို ဆက်လက်ကြိုးပမ်းရမှာဖြစ်ပါတယ်။ အဲဒီထဲမှာ မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ရဲ့ အခန်းကဏ္ဍဟာ အလွန်အရေးကြီးတယ်လို့ ပြောချင်ပါတယ်” 3
ERO များနှင့် ပြည်နယ်/လူမျိုး ကိုယ်စားပြုကောင်စီများ၏ သဘောထား
၂၀၂၄ ခုနှစ် စက်တင်ဘာလ (၁၉) ရက်နေ့တွင် အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေးအတွက် သဘောထားထုတ်ပြန်ချက်ကို တိုင်းရင်းသားခုခံတော်လှန်ရေးအဖွဲ့အစည်း (ERO) (၃) ဖွဲ့နှင့် ပြည်နယ်/လူမျိုး ကိုယ်စားပြုကောင်စီများအပါအဝင် အဖွဲ့အစည်း (၉) ဖွဲ့က ကြေညာခဲ့ပါသည်။ အဆိုပါအဖွဲ့ (၉) ဖွဲ့အတွင်း CNF၊ KNPP၊ KNU၊ ကရင်နီအတိုင်ပင်ခံကောင်စီ (KSCC)၊ ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ (PNFC)၊ မွန်ပြည်သစ်ပါတီ-စစ်အာဏာရှင်တိုက်ဖျက်ရေး (NMSP-AD)၊ မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC)၊ တအာင်းနိုင်ငံရေးအတိုင်ပင်ခံကော်မတီ (TPCC) နှင့် အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) (WLB) တို့ ပါဝင်ခဲ့သည်။
ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရာတွင် ပြည်နယ်အားကောင်းရေးကို ရှေ့ရှုသည့် ပြည်နယ်အားကောင်းရေးမှ ပြည်ထောင်စုအားကောင်းရေး (Bottom-up Federalism) ချဉ်းကပ်မှုဖြင့် တော်လှန်ရေးကာလ/ ကြားကာလမှစတင်၍ ၎င်းတို့ ပြည်နယ်/လူမျိုး ကိုယ်စားပြုကောင်စီများ၊ ERO များအနေဖြင့် အတူတကွ တည်ဆောက်သွားမည်ဟု အဆိုပါအဖွဲ့ (၉) ဖွဲ့က သဘောတူထားခဲ့ကြပါသည်။ ထို့အပြင် Bottom-up Federalism အတွက် အခြေခံမူ (၃) ချက်ကိုလည်း ယခုလိုတွေ့ရှိရပါသည်။
“(က) အချုပ်အခြာအာဏာ၏ မူလပိုင်ရှင်များသည် ပြည်နယ်/ ဖက်ဒရယ်ယူနစ်များနှင့် ၎င်းပြည်နယ်/ဖက်ဒရယ်ယူနစ်များအတွင်းရှိ ပြည်သူလူထုများဖြစ်သည်။ (ခ) ပြည်နယ်/ ဖက်ဒရယ်ယူနစ်များသည် တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ကို အခြေခံသည်။ (ဂ) အချုပ်အခြာအာဏာ (Sovereignty)၊ သွေးစည်းညီညွတ်မှု (Solidarity)၊ လူထုနှင့်အနီးကပ်ဆုံးအာဏာ (Subsidiarity) နှင့် အချိုးကျမှု (Proportionality) အခြေခံမူများအတိုင်း လုပ်ပိုင်ခွင့်အာဏာခွဲဝေခြင်းကို ဆောင်ရွက်မည်” ဟူ၏။ 4
သုံးသပ်တင်ပြချက်
CB အပါအဝင် အဖွဲ့ (၅) ဖွဲ့၏ ပူးတွဲကြေညာချက်ပါ အချက် (၁၀) ချက်တွင် K2C+NUG ၏ ဘုံသဘောတူညီချက်ပါ နိုင်ငံရေးဦးတည်ချက် (၆) ချက်ကို မြင်တွေ့ရသကဲ့သို့ အဖွဲ့ (၉) ဖွဲ့၏ Bottom-up Federalism ချဉ်းကပ်မှုကိုလည်း အသိအမှတ်ပြု ဖော်ပြထားပါသည်။
ထို့အပြင် အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) များနှင့်တကွ ၁၀၂၇ စစ်ဆင်ရေးအပါအဝင် မြန်မာနိုင်ငံတဝှမ်း မြင်တွေ့နေရသည့် စစ်ရေး၊ နိုင်ငံရေး၊ နိုင်ငံတကာအရေး စသည့် ကဏ္ဍစုံမှ အောင်မြင်မှုများတွင် ပါဝင်နေကြသည့် တော်လှန်ရေးအင်အားစုအား ဂုဏ်ပြုထားသကဲ့သို့ နယ်မြေဒေသအလိုက် တွေ့မြင်နေရသည့် တော်လှန်ရေးအင်အားစု အချင်းချင်းအကြား အငြင်းပွားမှုများ၊ ပဋိပက္ခများကိုလည်း မီးမောင်းထိုးပြထားသည်ကို တွေ့ရပါသည်။
သို့နှင့်တိုင် အာရက္ခတပ်တော် (AA) မျှော်မှန်းချက်ဖြစ်သော ကွန်ဖက်ဒရေးရှင်း အသုံးအနှုန်းမျိုးကိုမူ ဘုံသဘောတူညီချက်အပါအဝင် အထက်တွင်ဖော်ပြခဲ့သည့် ပူးတွဲထုတ်ပြန်ချက်များ၊ သဘောထားထုတ်ပြန်ချက်များတွင် မတွေ့ရှိရသေးဟု ဆိုရပါမည်။ စစ်အာဏာသိမ်းကာလအတွင်း တော်လှန်ရေးအင်အားစုများ သိမ်းပိုက်ထိန်းချုပ်ထားသည့် မြို့ပေါင်း (၉၅) မြို့အနက် အာရက္ခတပ်တော်သည် ရခိုင်နှင့် ချင်းပြည်နယ်အတွင်းမှ မြို့ပေါင်း (၂၅) မြို့အထိ သိမ်းပိုက်ထိန်းချုပ်ထားသည်ကို သတိပြုရပါမည်။ 5
တရုတ်အစိုးရ၏ စေ့စပ်ညှိနှိုင်းမှုနှင့် ဖိအားပေးမှုများကြောင့် ၁၀၂၇ စစ်ဆင်ရေး၏ ဦးဆောင်အဖွဲ့များဖြစ်သည့် ကိုးကန့်တပ်ဖွဲ့ (MNDAA) နှင့် တအာင်းတပ်ဖွဲ့ (TNLA) တို့သည် အာဏာသိမ်းစစ်အုပ်စုနှင့် တွေ့ဆုံဆွေးနွေးရန် တံခါးဖွင့်ထားကြရသည်။ ထိုနည်းတူ အာရက္ခတပ်တော် (AA) သည်လည်း နိုင်ငံရေးအရ ဖြေရှင်းရေးအတွက် ဆန္ဒဖော်ပြထားပြီးဖြစ်သည်။
စစ်အာဏာရှင်စနစ် အမြစ်ပြုတ်ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးသို့ ဦးတည်လျှောက်လှမ်းနေကြသော (၄) နှစ်တာကာလအတွင်း တော်လှန်ရေးအင်အားစုများ၏ တောင်တန်းမြေပြန့်ဒေသအလိုက် စစ်ရေးအောင်မြင်မှုများနှင့်အတူ နယ်မြေ စိုးမိုးထိန်းချုပ်နိုင်မှုများ ကျယ်ပြန့်လာသည်နှင့်အမျှ ကိုယ့်ဒေသ၊ ကိုယ့်လူမျိုး၏ အနာဂတ်အတွက် မျှော်မှန်းချက်များ၊ မျှော်ရည်ချက်များ အလီလီ ထွက်ပေါ်လာကြပြီ ဖြစ်ပါသည်။
CB အပါအဝင် အဖွဲ့ (၅) ဖွဲ့၏ ပူးတွဲထုတ်ပြန်ချက်ဖြစ်စေ၊ K2C + NUG ၏ ဘုံသဘောတူညီချက်ဖြစ်စေ၊ အဖွဲ့ (၉) ဖွဲ့၏ သဘောထားထုတ်ပြန်ချက်များဖြစ်စေ အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးနှင့် စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးသို့ ဦးတည်နေသော်လည်း အဆိုပါ နိုင်ငံရေးဦးတည်ချက်များနှင့် သဘောထားရပ်တည်ချက်များအတွင်း အခြားသော တော်လှန်ရေးအင်အားစုများ ပါဝင်လာနိုင်ရေးအတွက်လည်း ဘက်ပေါင်းစုံမှ ချဉ်းကပ်ညှိနှိုင်းရန် ကြိုးပမ်းအားထုတ်ကြရမည်ဖြစ်သည်။
လက်ရှိ မြင်တွေ့နေရသည့် နိုင်ငံရေးဦးတည်ချက် (၆) ချက်နှင့် သဘောထားရပ်တည်ချက်များသည် အနာဂတ် မြန်မာပြည်အတွက် ပုံပန်းသဏ္ဍန်များကို လှစ်ဟပြသနေသည်ဟု ရှုမြင်ရပါသည်။
1 ပူးတွဲထုတ်ပြန်ကြေညာချက်၊ CRPH ၊ ၃ ဖေဖော်ဝါရီ ၂၀၂၅
2 စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေးအတွက် အတူတကွ လက်တွဲတော်လှန်တိုက်ပွဲဝင်နေကြသော အဖွဲ့များ၏ ဘုံသဘောထားရပ်တည်ချက်၊ KNU၊ ၃၁ ဇန်နဝါရီ ၂၀၂၄
3 ဘုံသဘောထားရပ်တည်ချက်တွင် KIO ပါဝင်ပြီး မြောက်ပိုင်း ၃ ဖွဲ့၏သဘော ထားလည်း အရေးကြီးဟု NUG ယာယီသမ္မတဆို၊ ၆ ဖေဖော်ဝါရီ ၂၀၂၄
4 တိုင်းရင်းသားခုခံတော်လှန်ရေးအဖွဲ့အစည်းများနှင့် ပြည်နယ်/လူမျိုးကိုယ်စားပြုကောင်စီများ၏ အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေးအတွက် သဘောထားထုတ်ပြန် ကြေညာချက်၊ KNU၊ ၁၉ စက်တင်ဘာ ၂၀၂၄
5 တော်လှန်ရေးအင်အားစုများမှ သိမ်းပိုက်ထိန်းချုပ်ထားသည့် မြို့ပေါင်း ၉၅ မြို့၊ BNI – MPM Data၊ ၈ ဇန်နဝါရီ ၂၀၂၅