16 ဧပြီ 2025 /

See today's Peace Related News

Homeသတင်းသုံးသပ်ချက်တာဝန်ယူ၊ တာဝန်ခံရေးနှင့် ပသုံးလုံး ပြုပြင်ပြောင်းလဲရေး

တာဝန်ယူ၊ တာဝန်ခံရေးနှင့် ပသုံးလုံး ပြုပြင်ပြောင်းလဲရေး

နိဒါန်း

စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေးအတွက် ဦးတည်လျှောက်လှမ်းနေကြသည့် နွေ‌ဦးတော်လှန်ရေးကာလအတွင်း ပသုံးလုံး၏ အပုတ်နံ့သည် နိုင်ငံတဝှမ်းလုံးတွင် ပျံ့လွင့်လာခဲ့ပြီဖြစ်သည်။ အနှီပသုံးလုံး၏ အပုတ်နံ့ပျံ့နှံ့လာခြင်းကို အလျင်အမြန် ရပ်တန့်နိုင်မှသာလျှင် နွေဦးတော်လှန်ရေး၏ ပွင့်ဖက်ပွင့်ချပ်များကို ဝင့်ကြွားထည်ဝါနိုင်စေလိမ့်မည်။ ထိုအတွက် ပသုံးလုံး ပြုပြင်ပြောင်းလဲရေးသည် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အတွက် စစ်ရေး၊ နိုင်ငံရေးနှင့် နိုင်ငံတကာအရေးကိစ္စများနည်းတူ ရှေ့ဆုံးဦးစားပေးလုပ်ငန်းစဉ်တရပ် ဖြစ်လာသင့်ပါသည်။

ယခုတပတ် BNI – Myanmar Peace Monitor ၏ အပတ်စဉ်သတင်းသုံးသပ်ချက်တွင် နွေဦးတော်လှန်ရေးအတွင်း ပသုံးလုံးအဖွဲ့များ၏ အရှုပ်ထုတ်များအား တာဝန်ယူ၊ တာဝန်ခံ ဖြေရှင်းရေးနှင့် ပသုံးလုံးပြုပြောင်းလဲရေးအတွက် တွေ့ရှိရသည့် ဖြစ်စဉ်ဖြစ်ရပ်များ၊ အချက်အလက်များကို လေ့လာတင်ပြသွားပါမည်။

ပသုံးလုံးအဖွဲ့များ ဆိုရာဝယ်

ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ)၊ ပြည်သူ့လုံခြုံရေးအဖွဲ့ (ပလဖ)နှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တို့ကို ပသုံးလုံးဟု ကနဦး အလွယ်မှတ်ရပါမည်။ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) များသည် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) မဖွဲ့စည်းခင်ကတည်းကပင် ပြည်ထောင်စုလွှတ်‌တော်ကိုယ်စားပြုကော်မတီ (CRPH) ၏ ညွှန်ကြားချက်ဖြင့် ဖွဲ့စည်းထွက်ပေါ်နေကြခြင်းဖြစ်သည်။ သို့သော် NUG ဖွဲ့စည်းပြီးချိန်တွင်မူ မူလကတည်းက ရှိနှင့်ပြီးဖြစ်သော ပအဖများနှင့် NUG အကြား ပေါင်းစည်းမှု၊ ချိတ်ဆက်မှုနှင့် ဖြစ်တည်မှုအခြေအနေများကို ရှင်းလင်းထားသည်ကို မတွေ့ရှိရသေးပေ။

မူလပအဖအဖွဲ့များသည် CRPH ကို တာဝန်ခံရမည်ဖြစ်ပြီး လွှတ်တော်ကိုယ်စားလှယ်များ၊ အကြမ်းမဖက် ပြည်သူ့အာဏာဖီဆန်ရေးလှုပ်ရှားမှုတွင် ပါဝင်သော ဝန်ထမ်း သို့မဟုတ် ကိုယ်စားလှယ်များ၊ လူငယ်များနှင့် အခြား ပါဝင်သင့်ပါဝင်ထိုက်သူ ရပ်မိရပ်ဖများအပါအဝင် အနည်းဆုံးအဖွဲ့ဝင် (၁၁) ဦးဖြင့် မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာ အုပ်စုအဆင့်မှစတင်ဖွဲ့စည်းရမည်ဖြစ်သည်။ 1 CRPH အနေဖြင့် ပြည်ထောင်စုအစိုးရတရပ် ဖွဲ့စည်းလာပါက အနှီ ပအဖ အဖွဲ့များသည် ၎င်းအစိုးရအဖွဲ့ကိုသာ တာဝန်ခံပူးပေါင်းဆောင်ရွက်ရမည်ဟု ဆိုထားပါသည်။

ထို့နောက် CRPH မှ ဖွဲ့စည်း‌ပေးလိုက်သည့် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ခေတ္တပြည်ထောင်စုဝန်ကြီး ဦးလွင်ကိုလတ်က အဆိုပါ ပအဖအဖွဲ့များသည် တရားဝင် ဒေသန္တရအုပ်ချုပ်ရေးအာဏာကို ကျင့်သုံးခွင့်ရှိသော အဖွဲ့များအဖြစ် အတည်ပြုပေးခဲ့သည်။ ပအဖ ဖွဲ့စည်းရန် ကျန်ရှိသော ဒေသအလိုက် မြို့နယ်များတွင်လည်း ၂၀၂၁ ခုနှစ် မတ်လ ၁၀ ရက် နောက်ဆုံးထားကာ ဖွဲ့စည်းရမည်ဟု မတ်လ ၃ ရက်တွင် ထုတ်ပြန်ခဲ့သည်။ 2

၂၀၂၁ ခုနှစ် ဧပြီလ ၁၆ ရက်၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ပေါ်ထွက်လာပြီးနောက်ပိုင်း NUG လက်အောက်တွင် ကြားကာလ ဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီကို ဖွဲ့စည်းခဲ့သည်။ အဆိုပါ ကော်မတီ၏ ၂၀၂၄ ခုနှစ် မတ်လ (၂၀) ရက်နေ့ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်း မြို့နယ်ပေါင်း ၁၇၄ မြို့နယ်တွင် မြို့နယ်အဆင့် ပအဖများကို ဖွဲ့စည်းထားနိုင်ပြီဟုဆိုပါသည်။

ရန်ကုန်တိုင်းတွင် (၃၉) မြို့နယ်၊ စစ်ကိုင်းတိုင်းတွင် (၃၅) မြို့နယ်၊ မန္တလေးတိုင်းတွင်၂၇ မြို့နယ်၊ ပဲခူးတိုင်းတွင် (၂၃) မြို့နယ်၊ ဧရာဝတီတိုင်းတွင် (၂၂) မြို့နယ်၊ မကွေးတိုင်းတွင် (၁၈) မြို့နယ်၊ တနင်္သာရီတိုင်းတွင် (၁၀) မြို့နယ် စုစုပေါင်း တိုင်း (၇) တိုင်းအတွင်းရှိ မြို့နယ်အားလုံး၏ (၈၅) ရာခိုင်နှုန်းအထိ ဖွဲ့စည်းထားပြီဟုဆိုပါသည်။ မြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့များနှင့် မြို့နယ်ပြည်သူ့ရဲတပ်ဖွဲ့များကိုမူ စစ်ကိုင်း၊ မကွေး၊ မန္တလေးနှင့် တနင်္သာရီတိုင်းများအတွင်းရှိ (၄၉) မြို့နယ်တွင်သာ ဖွဲ့စည်းထားနိုင်သည့် အခြေအနေဖြစ်ပါသည်။ 3

ကြားကာလ ဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဗဟိုကော်မတီတွင် NUG ဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းက ဥက္ကဌအဖြစ်တာဝန်ယူကာ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလွင်ကိုလတ်က ဒု-ဥက္ကဌတာဝန်ယူထားပြီး NUG ၏ ဝန်ကြီးဌာနများအားလုံးနီးပါး ပါဝင်သည်ဟု ဆိုပါသည်။ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) ၏ ဖွဲ့စည်းပုံတွင် ပသုံးလုံး (ပအဖ၊ ပလဖ၊ ပကဖ) ၏ ခေါင်းဆောင်များအားလုံး ပါဝင်နေသည်ဟု ဆိုပါသည်။ သို့သော် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) သည် NUG ကာကွယ်ရေးဝန်ကြီးဌာန၏ အမိန့်ပေးကွပ်ကဲမှုဖြင့် လုပ်ဆောင်ရပြီး ပြည်သူ့လုံခြုံရေးအဖွဲ့ (ပလဖ) များထက် လက်နက်တပ်ဆင်မှုအပိုင်း အားသာချက်ရှိနေသည်။ ထို့ကြောင့် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) များအနေဖြင့် ပြည်သူလူထုလုံခြုံရေးနှင့် ဒေသကာကွယ်ရေးအတွက် NUG ကာကွယ်ရေးဝန်ကြီးဌာနအောက်ရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) များနှင့် ပကဖများကို အားကိုးနေရပြီး ပအဖအတွင်း ပေါင်းစပ်ထည့်သွင်းခဲ့ခြင်းဖြစ်သည်။

ပသုံးလုံး၏ လက်ရှိအခြေအနေနှင့်ပတ်သက်ပြီး ဦးလွင်ကိုလတ်က ယခုလိုပြောဆို ထားပါသည်။

“ကျွန်တော်တို့ အတတ်နိုင်ဆုံး အကောင်းဆုံးကြိုးစားတယ်။ မှားတာတွေလည်းရှိတယ်။ ရလာတဲ့ အခွင့်အရေးအပေါ် အလွဲသုံးစားလုပ်နေတဲ့ ပသုံးလုံးတွေလည်းရှိတယ်။ ကျွန်တော်ပြောချင်တာက ဒီပသုံးလုံးတွေကြောင့်လည်း ဒီနယ်မြေတွေထိန်းချုပ်နိုင်တာ။ PDF တစ်ခုတည်းနဲ့ ဒီနယ်မြေတွေကို မထိန်းချုပ်နိုင်ဘူး။ ဒီပသုံးလုံးရဲ့ တော်လှန်ရေးမှာ ပါဝင်မှုအား အရမ်းကြီးပါတယ်။ ဒီပသုံးလုံးထဲမှာ ဆွမ်းဆန်ထဲ ကြွက်ချေးရောတဲ့သူတွေလည်း ရှိတယ်။ ဒါတွေကို အချိန်မီ ထိန်းကျောင်းနိုင်ဖို့အတွက် တိုင်ကြားစာကော်မတီတွေဖွဲ့တယ်။ စိစစ်အရေးယူမှုတွေ လုပ်နေတယ်။ သမ္မတကြီးရဲ့ လမ်းညွှန်ချက်နဲ့အတူ NUG စုပေါင်းရုံးတွေ မြေပြင်မှာထိုင်ပြီးတော့ ခရိုင်တစ်ခုချင်းစီ၊ မြို့နယ်တစ်ခုချင်းစီ လိုက်ကြပ်မတ်ဖို့ လုပ်နေပါတယ်” 4

ပသုံးလုံး၏ အပုတ်နံ့

စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် ပြည်သူ့လုံခြုံရေးအချုပ်စခန်း (၂) အတွင်း အချုပ်သူတစ်ဦးအပေါ် လိင်အကြမ်းဖက်မှုဖြစ်စဉ်သည် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ပုံရိပ်ကို အရုပ်ဆိုးစေသကဲ့သို့ နွေဦးတော်လှန်ရေး၏ သရုပ်သကန်ကိုပါ အကျည်းတန်စေပါသည်။ ၂၀၂၃ ခုနှစ် ဇွန်လ ၁၅ ရက်ကတည်းက ဦးလွင်ကိုလတ် ဦးဆောင်သည့် ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန ပြည်သူ့ရဲတပ်ဖွဲ့ဌာနချုပ်သို့ ရောက်ရှိနေသည့် “ကန့်ဘလူ အချုပ်ခန်းက လိင်အကြမ်းဖက်မှုတိုင်ကြားမှု” ကို ယနေ့အချိန်အထိ ရှင်းလင်းသော ဖြေရှင်းချက် တစုံတရာချပြနိုင်မှုမရှိခြင်းသည် မေးခွန်းထုတ်စရာ ဖြစ်နေပါသည်။

ကန့်ဘလူမြို့နယ်သည် မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ)၊ မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)၊ မြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့ (ပလဖ) နှင့် မြို့နယ်တရားရေးဌာန စသော NUG ၏ ကြားကာလအုပ်ချုပ်ရေးယန္တရားများ လည်ပတ်နေပြီး စိုးမိုးမှုအားကောင်းသည့် မြို့နယ်တစ်ခုဖြစ်သည်။ သို့သော် မြို့နယ် ပအဖအဖွဲ့ခေါင်းဆောင်လည်းဖြစ်၊ ခရိုင်အဆင့် ပအဖအဖွဲ့ခေါင်းဆောင်လည်းဖြစ်သူ ဦးမဲခေါင် (ခ) ဦးမြင့်ဇော်ဦး၏ အချုပ်သူတစ်ဦးအပေါ် အာဏာအလွဲသုံးစားပြုကာ လိင်အမြတ်ထုတ်မှုတိုင်ကြားချက်၊ မြို့နယ် ပလဖအဖွဲ့ဝင် ဦးအာကာ၏ အချုပ်သူတစ်ဦးအပေါ် အတင်းအဓမ္မ ကာမရယူရန် ကြိုးပမ်းမှုတိုင်ကြားချက်နှင့် မြို့နယ်ပြည်သူ့ရဲတပ်ဖွဲ့ စခန်းမှူးဖြစ်သူ ဦးရဲရင့် (ခ) လင်းယုန်နှင့်ပတ်သက်သော ဒုရဲအုပ် မရှိုင်းဇာနည်၏ တိုင်ကြားချက်တို့သည် ၂၀၂၃ ခုနှစ် မေလ၊ ဇွန်လနှင့် ဇူလိုင်လများအတွင်း ထွက်ပေါ်လာခြင်းဖြစ်သည်။

အဆိုပါဖြစ်စဉ် (၃) ခုစလုံးနှင့်ပတ်သက်ပြီး ကန့်ဘလူမြို့နယ်တရားသူကြီးနှစ်ဦးမှ “စုံစမ်းသိရသမျှ တင်ပြအစီရင်ခံစာ” ကို NUG ယာယီသမ္မတ၊ ဝန်ကြီးချုပ်၊ ပြည်ထဲရေးဝန်ကြီး၊ တရားရေးဝန်ကြီး၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီး၊ အမျိုးသမီး၊လူငယ်နှင့်ကလေးသူငယ်ရေးရာဝန်ကြီး၊ တိုင်းအဆင့် ပကဖခေါင်းဆောင်၊ အမှတ် (၁) စစ်ဒေသခရိုင်ကွပ်ကဲရေးမှူးစသည့် သက်ဆိုင်ရာ ခေါင်းဆောင်အဆင့်ဆင့်ကို မိတ္တူဖြင့်လိပ်မူကာ NUG တရားရေးဝန်ကြီးဌာန အကျဉ်းဦးစီးဌာနသို့ ၂၀၂၃ ခုနှစ် ဇူလိုင်လ (၆) ရက်တွင် တင်ပြခဲ့သည်။ ထို့နောက်၂၀၂၃ ခုနှစ် သြဂုတ်လ ၁၁ ရက်နေ့တွင် ဦးရဲရင့် (ခ) လင်းယုန်၏ ဖြစ်စဉ်နှင့် ဦးအာကာတို့၏ ဖြစ်စဉ်များကို လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနသို့ ထပ်မံတိုင်ကြားခဲ့သည်။

၂၀၂၄ ခုနှစ် မတ်လ ၁ ရက် နေ့အထိ ဦးရဲရင့် (ခ) လင်းယုန်၏ ဖြစ်စဉ်၊ ဦးမဲခေါင် (ခ) ဦးမြင့်ဇော်ဦး၏ ဖြစ်စဉ်၊ ဦးအာကာ၏ ဖြစ်စဉ်တို့နှင့်ပတ်သက်ပြီး NUG ၏ တိကျသော တုံ့ပြန်ဖြေရှင်းမှုမျိုး မတွေ့ရှိခဲ့ရပေ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ၏ စစ်ကိုင်းတိုင်း လွှတ်တော်ကိုယ်စားလှယ်တစ်ဦးလည်းဖြစ်သူ ဦးမဲခေါင် (ခ) ဦးမြင့်ဇော်ဦးသည် မြို့နယ်အဆင့်၊ ခရိုင်အဆင့် ပကဖခေါင်းဆောင်အဖြစ် တာဝန်ထမ်းဆောင်နေဆဲဖြစ်သည်။ 5

၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့တွင်တော့ ဦးမဲခေါင် (ခ) ဦးမြင့်ဇော်ဦး၏ အတင်းအဓမ္မ မုဒိမ်းကျင့်ခြင်း၊ ခြိမ်းခြောက်ခြင်းခံခဲ့ရသူ အသက် (၂၅) နှစ်အရွယ် ကာယကံရှင်ကိုယ်တိုင်က အမှုဖွင့်တိုင်ကြားခဲ့သည်။ ထိုနေ့တွင်ပင် မြို့နယ်ပြည်သူ့ရဲ့တပ်ဖွဲ့စခန်းမှူး ဦးရဲရင့် (ခ) လင်းယုန်၏နေရာကို တာဝန်ယူဆောင်ရွက်နေသည့် စခန်းမှူးဦးအောင်ဇေယျ၏ မုဒိမ်းကျင့် ခြင်းခံခဲ့ရသူ အသက် (၂၉) နှစ်အရွယ် ကာယကံရှင်ကလည်း အမှုဖွင့်တိုင်ကြားခဲ့သည်။ သို့သော် အမှုဖွင့်ပြီး တစ်လနီးပါးကြာချိန်အထိ တရားခံဖမ်းဆီးခြင်း၊ စစ်ဆေးခြင်းများ မပြုလုပ်နိုင်သေးကြောင်း ကန့်ဘလူ မြို့နယ်ပလဖတာဝန်ခံ ကိုသူရိန်က ပြောပါသည်။

ကိုသူရိန်က “ကြာနေမယ်ဆိုရင် ကျနော်တို့ မြေပြင်မှာ ဆောင်ရွက်နေရတဲ့သူဗျာ၊ တရားခံကလည်း ရိုးရိုးသာမန်သူမဟုတ်ဘူး၊ ဒီအထဲမှာ မြို့နယ်အဆင့် တာဝန်ထမ်းနေတဲ့သူဖြစ်တယ်၊ ဝန်ကြီးဌာနက စုံခုံဖွဲ့ပြီး စစ်မယ်ဆိုလည်း မြန်မြန်စစ်ပေါ့။.. တဖက်ကို သတင်းပေါက်သွားရင် တဖက်က အန္တရာယ်ပြုနိုင်တဲ့ အခက်အခဲတွေရှိတယ်” ဟု ဆိုပါသည်။ 6

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်ကမူ လိင်အကြမ်းဖက်မှုကျူးလွန်ကြောင်း စွပ်စွဲခံထားရသူ ဦးမဲခေါင် (ခ) ဦးမြင့်ဇော်ဦး၊ ဦးရဲရင့် (ခ) လင်းယုန်နှင့် ဦးအောင်ဇေယျတို့ကို ဖမ်းဆီးထိန်းသိမ်းထားပြီး အမှုစစ်ဆေးနေပြီဖြစ်ကြောင်း ၂၀၂၅ ခုနှစ် မတ်လ ၄ ရက်၊ “ပြည်သူလူထုနှင့် နိုင်ငံတကာသို့ သတင်းစကားပြောကြားခြင်း” အစီအစဉ်တွင် ပြောဆိုထားပါသည်။ ထို့အပြင် စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ် ကံကြီးတောရွာမှ အသက် (၄၄) နှစ်အရွယ် ဘုန်းတော်ကြီး ဖာသာရ်မာတင်ဒေါနယ် သတ်ဖြတ်ခံရမှုဖြစ်စဉ်ကိုလည်း ၎င်းက ထည့်သွင်းပြောဆိုသွားခဲ့ပါသည်။ 7

ဆက်စပ်တွေ့ရှိချက်များ

၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ၁၄ ရက်နေ့၊ ရွှေဘိုမြို့နယ်နှင့် ဝက်လက်မြို့နယ်အစပ်တွင် တည်ရှိသော ကံကြီးတောရွာ၊ လုမယ်တော်သခင်မဘုရားကျောင်းတွင် မန္တလေးဂိုဏ်းချုပ်သာသနာမှ ကက်သလစ်ခရစ်ယာန်ဘုန်းတော်ကြီး ဖာသာရ်မာတင်ဒေါနယ် (Fr. Donald Martin – ရဲနိုင်ဝင်း) သည် လက်နက်ကိုင်လူတစု၏ သတ်ဖြတ်ခြင်းခံရပြီး ပျံလွန်တော်မူခဲ့သည်။
အဆိုပါဖြစ်စဉ်အတွင်း သံသယရှိသူ (၁၀) ဦးကို NUG ကာကွယ်ရေးဝန်ကြီးဌာနအောက်ရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ရွှေဘိုခရိုင်တပ်ရင်း (၅) နှင့် တိုက်နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တို့က ပူးပေါင်းဖမ်းဆီးခဲ့သည်။ ဖမ်းဆီးခံထားရသူများသည် ကံကြီးတောရွာနှင့် (၇) မိုင်ခန့်ဝေးသည့် တအုံ့ကျေးရွာမှ ဒေသကာကွယ်ရေးအဖွဲ့ဝင်များဖြစ်ပြီး သေနတ် (၅) လက်နှင့်အတူ သတ်ဖြတ်ရာတွင် အသုံးပြုခဲ့သည့် ဓားများကိုလည်း ဖမ်းမိခဲ့သည်ဟု ဆိုပါသည်။ လတ်တလော စုံစမ်းစစ်ဆေးမှုများအရ သံသယတရားခံများသည် လက်နက်ကိုင်တပ်ဖွဲ့ဝင်များဖြစ်သည့်အတွက် NUG ကာကွယ်ရေးဝန်ကြီးဌာနက စုံစမ်းစစ်ဆေးရေးခုံရုံးဖွဲ့ကာ စစ်ဆေးမှုများဆောင်ရွက်နေပြီး တရားဥပဒေနှင့်အညီ အရေးယူသွားမည်ဟု ဆိုပါသည်။ 8

၂၀၂၄ ခုနှစ် စက်တင်ဘာလ ၂၀ ရက်ကလည်း စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့၊ အမှတ် (၆) ချည်မျှင်စက်ရုံအတွင်း စက်ရုံတွင်း ဝင်ရောက်သည်ဟုဆိုကာ အသက် (၃၅) နှစ်အရွယ် ဆားထုံးရွာသားတစ်ဦးအား စက်ရုံလုံခြုံရေးတာဝန်ကျသူ ပလဖအဖွဲ့ဝင်တစ်ဦးက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့ပါသည်။ အဆိုပါဖြစ်စဉ်နှင့်ပတ်သတ်ပြီး စက်တင်ဘာလ ၂၆ ရက်တွင် ဆားလင်းကြီးမြို့နယ်အတွင်းရှိ ဆားထုံး၊ ဒူးထောက်၊ ကျောက်မှော်၊ တော်ကျောင်း၊ ရေခါး၊ ရေမှိန် စသည့်ကျေးရွာများမှ ဒေသခံပြည်သူ (၁၀ဝ) ကျော်စုပေါင်းကာ NUG က ဖွဲ့စည်းပေးထားသည့် ပသုံးလုံးအဖွဲ့များအား အလိုမရှိကြောင်း ဆန့်ကျင်ဆန္ဒဖော်ထုတ်ခဲ့ကြပါသည်။ 9

မကွေးတိုင်း ထီးလင်းမြို့နယ်အတွင်းတွင်လည်း NUG ၏ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) သည် အရှေ့ခြမ်း၊ အနောက်ခြမ်းဟူ၍ နှစ်ခြမ်းကွဲနေသည့်အတွက် မြို့နယ်အတွင်းရှိ ကျေးရွာပေါင်း (၃၀) ကျော်တွင် နေထိုင်သည့် ဒေသခံပြည်သူ (၁၀ဝ၀) ကျော်က ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၈ ရက်နေ့တွင် ဆန္ဒဖော်ထုတ်ခဲ့ကြပါသည်။ ဆန္ဒပြမှုတွင် ပြည်သူလူထုများက ‘အာဏာရူးတဲ့ ခရိုင်ပအဖ အလိုမရှိ၊ ထီးလင်းမြို့နယ် ၂ ခြမ်းကွဲအောင်လုပ်တဲ့ မြတ်လေးဦး အလိုမရှိ၊ NUG ၏ မူဝါဒအကောင်အထည်ဖော်နိုင်သော မြို့နယ်ပအဖပေါ်ပေါက်ရေး ဒို့အရေး၊ ပြည်သူ့ဆန္ဒကို MOHAI မှ ဖော်ဆောင်ရေး ဒို့အရေး’ စသည့် ဘန်နာများကိုင်ဆောင်၍ ကြွေးကြော်ဆန္ဒပြခဲ့ကြသည်ကို တွေ့ရသည်။ 10 (စာကြွင်း – MOHAI ဟူသည် NUG ၏ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနကို ဆိုလိုခြင်းဖြစ်သည်)

ဆိုရသော် ပြည်ထောင်စုဝန်ကြီး ဦးလွင်ကိုလတ်ပြောဆိုသလို တော်လှန်ရေးအင်အားစုများ၏ နယ်မြေစိုးမိုး‌ရေးတွင် ပသုံးလုံးအဖွဲ့များ၏ အရေးပါမှုကို အသိအမှတ်ပြုသကဲ့သို့ ဖမ်းဆီးထားသည့် အချုပ်ခန်းအတွင်းမှ အချုပ်သူ၊ အချုပ်သားများအစ ဒေသခံပြည်သူလူထုအပေါ် ကျူးလွန်ထားသည့် အကြမ်းဖက်လုပ်ရပ်များ၊ တရားလက်မဲ့သတ်ဖြတ်မှုများ၊ ရိုက်နှက်မှုများ စသောလုပ်ရပ်များကိုလည်း မျက်ကွယ်ပြုခြင်း၊ ဖုံးအုပ်ထားခြင်းငှာ မပြုမိစေရေး အထူးသတိပြုရမည်ဖြစ်သည်။

စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေး၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက် လက်နက်မဲ့ ငြိမ်းချမ်းစွာဆန္ဒဖော်ထုတ်ပြီး ယနေ့အချိန်ထိ လူထုသပိတ်လှုပ်မှုများကို အင်တိုက်အားတိုက် ဆောင်ရွက်နေကြသည့် သပိတ်အင်အားစုများသည်ပင် NUG လက်အောက်ခံ ပသုံးလုံးအဖွဲ့ဝင်များ၏ တားဆီးပိတ်ပင်မှုများကို ကြုံတွေ့နေရသည်ဟု ဆိုပါသည်။

သုံးသပ်တင်ပြချက်

ပြည်ထောင်စုဝန်ကြီး ဦးလွင်ကိုလတ်ကမူ ပသုံးလုံးအဖွဲ့များနှင့်ပတ်သက်ပြီး NUG ကာကွယ်ရေးဝန်ကြီးဌာနနှင့် ပြည်ထဲရေးဝန်ကြီးဌာနများသို့ တိုင်ကြားထားသည့် အမှုပေါင်း (၈၀) ကျော်ရှိရာတွင် ထိုအထဲမှ (၁၁) မှုကိုသာ အရေးယူထားနိုင်ပြီး ကျန်အမှုများကိုမူ စစ်ဆေးနေဆဲဖြစ်သည်ဟု ဆိုပါသည်။ စစ်ကိုင်းတိုင်းအတွင်းရှိ မြို့နယ် (၇) ခုမှ ပအဖအဖွဲ့များကို အရေးယူထားပြီး မြို့နယ်တစ်ခုဆိုလျှင် ပအဖတစ်ဖွဲ့လုံးကို ယာယီရပ်ဆိုင်းထားသည်ဟု ဆိုပါသည်။ မြို့နယ် (၆) ခုတွင်မူ ပအဖအဖွဲ့ဝင်အချို့ကို အစားထိုးခန့်သွားမည်ဟု ၎င်းက ဆိုပါသည်။ 11

မည်သို့ဆိုစေ ကန့်ဘလူမြို့နယ်အတွင်းရှိ အချုပ်စခန်းအတွင်းမှ အာဏာအလွဲသုံးစားပြုသည့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု၊ အမြတ်ထုတ်မှုများအပါအဝင် နိုင်ငံတဝှမ်းရှိ စိုးမိုးထိန်းချုပ်နယ်မြေများအတွင်း ပအပ၊ ပလဖ၊ ပကဖစသော ပသုံးလုံးအဖွဲ့များ၏ ပြည်သူထုအပေါ် အကြမ်းဖက်မှုများ၊ သတ်ဖြတ်မှုများ၊ ရိုက်နှက်မှုဖြစ်စဉ်များအတွက် တရားမျှတမှုရရှိရေးသည် အလွန်အရေးကြီးပါသည်။ အမှန်တကယ်ကျူးလွန်သူများအား ပြစ်ဒဏ်မှ လွတ်ကင်းခြင်းမရှိစေရေးအတွက် အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ (NUG) တစ်ဖွဲ့လုံးက တာဝန်ယူ၊ တာဝန်ခံရပေလိမ့်မည်။

ပြည်သူလူထု၏ ထောက်ခံအားပေးမှုကို အရင်းပြုပြီး အာဏာသိမ်းစစ်အုပ်စုကို ဆန့်ကျင်တော်လှန်နေသည်ဆိုသော NUG အပါအဝင် တော်လှန်ရေးအင်အားစုအသီးသီးအတွက် ပြည်သူလူထု၏ ယုံကြည်မှုကျဆင်းစေမည့် လုပ်ရပ်မှန်သမျှကို အချိန်မဆွဲဘဲ အလေးအနက်ထား ဖြေရှင်းကြရပါမည်။ ပြည်သူလူထုအပါအဝင် တော်လှန်ရေးအင်အားစုများ လိုလားသော ပသုံးလုံးအဖွဲ့ ပြုပြင်ပြောင်းလဲရေးသည် ပွင့်လင်းမြင်သာမှု၊ တာဝန်ယူ တာဝန်ခံမှုများကို အထင်းသား ပေါ်လွင်နေဖို့ လိုအပ်ပါသည်။

ပသုံးလုံးအဖွဲ့များ ပြုပြင်ပြောင်းလဲရေးအပါအဝင် NUG အစိုးရအဖွဲ့အတွင်း အပြောင်းအလဲများသည် ပြည်သူလူထုနှင့် တော်လှန်ရေးအင်အားစုအားလုံးအတွက် ခွန်အားတရပ်ဖြစ်စေရေး အလွန်အရေးကြီးကြောင်း သုံးသပ်တင်ပြအပ်ပါသည်။

1 ကြားကာလပြည်သူ့အုပ်ချုပ်ရေးအစီအစဉ်၊ CRPH၊ ၂၂ ဖေဖော်ဝါရီ ၂၀၂၁
2 ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များကို တရားဝင် ဒေသန္တရ အုပ်ချုပ်ရေးအာဏာကို ကျင့်သုံးခွင့်ရှိသော အဖွဲ့များအဖြစ် ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာနက အတည်ပြုလိုက်သည်။
3 ကြားကာလဒေသန္တရအုပ်ချုပ်ရေးနှင့် ပြည်သူ့ဝန်ဆောင်မှုများ ဆောင်ရွက်မှုဆိုင်ရာ ထုတ်ပြန်ကြေညာချက်
4 “ပသုံးလုံးတွေကြောင့် ဒီနယ်မြေတွေ ထိန်းချုပ်နိုင်တာ” – NUG ပြည်ထဲရေးဝန်ကြီး၊ Myanmar Now၊ ၂၄ ဇန်နဝါရီ ၂၀၂၅
5 ကန့်ဘလူ အချုပ်စခန်းက အာဏာအလွဲသုံး လိင်အမြတ်ထုတ်မှု၊ ဧရာဝတီ၊ ၁ မတ် ၂၀၂၄
6 NUG တာဝန်ယူရမယ့် ကန့်ဘလူ အချုပ်စခန်းက လိင်အကြမ်းဖက်မှု၊ Honest Information၊ ၂၄ ဇန်နဝါရီ ၂၀၂၅
7 “ပြည်သူလူထုနှင့် နိုင်ငံတကာသို့ သတင်းစကားပြောကြားခြင်း (Press Briefing) အစီအစဉ် – ၅/၂၀၂၅”
8 ကက်သလစ်ဘုန်းတော်ကြီး အသတ်ခံရမှု NUG ဝမ်းနည်းကြောင်း ဆို၊ ဧရာဝတီ၊ ၁၈ ဖေဖော်ဝါရီ ၂၀၂၅
9 ဆားလင်းကြီး ချည်မျှင် စက်ရုံကိစ္စ “ပ” သုံးလုံး အလိုမရှိကြောင်း ဒေသခံတွေ ဆန္ဒပြ၊ MFP ၊ ၂၈ စက်တင်ဘာ ၂၀၂၄
10 ထီးလင်းမြို့နယ်တွင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ အသစ်ဖွဲ့စည်းရေး ကျေးရွာပေါင်း (၃၀) ကျော်က လူထုဆန္ဒပြ၊ MPA၊ ၈ ဇန်နဝါရီ ၂၀၂၄
11 စစ်ကိုင်းတိုင်းက ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ခုနစ်ခုကို NUG အရေးယူ၊ အာအက်ဖ်အေ၊ ၁၁ စက်တင်ဘာ ၂၀၂၄

ပဋိပက္ခအတွင်းက ငလျင်ဒဏ်သင့်ပြည်သူများနှင့် အပစ်ရပ်ခြင်း၊ မရပ်ခြင်း ဝိရောဓိ

နိဒါန်း အင်အားပြင်း ငလျင်လှုပ်ခတ်မှုကြောင့် အသက်လုနေကြရသည့် မြန်မာပြည်သူလူထုအပေါ် ဝေဟင်ကနေ ဗုံးကြဲတိုက်ခိုက်ရက်သော အာဏာသိမ်းစစ်တပ်၏ လုပ်ရပ်သည် စက်ဆုတ်ရွံရှာဖွယ်အတိ ဖြစ်သည်။ ငလျင်ဒဏ်ကြောင့် ထောင်နှင့်ချီသော သေဆုံးသူများ၊ ထိခိုက်ဒဏ်ရာရရှိသွားသူများနှင့် ပျောက်ဆုံးနေသူများအား ကယ်မခြင်း၊ ရှာဖွေခြင်းနှင့် ထောက်ကူခြင်းငှာ အဆောတလျင် လုပ်ဆောင်ခြင်းမပြုဘဲ ကနဦးထွက်ပေါ်လာသည့် သတင်းသည်ကား “နိုင်ငံတကာမီဒီယာများအား သတင်းရယူခွင့်...

သမ္မတ ထရန့် အဖက်တ်၊ မြန်မာ့မီဒီယာ အကျပ်အတည်းနှင့် ခြိမ်းခြောက်ခံနေရသော ပြည်သူလူထု၏ သတင်းသိခွင့်

နိဒါန်း နှစ်ပေါင်း (၈၀) ကျော်ကြာ မြန်မာပြည်သူလူထုနှင့် ရင်းနှီးလာခဲ့သည့် အမေရိကန်အသံ - မြန်မာ (VOA -Burmese) ၏ သတင်းထုတ်လုပ်မှုအစီအစဉ်များသည် ၂၀၂၅ ခုနှစ် မတ်လ ၁၆ ရက်ကစပြီး ရပ်နားသွားခဲ့ပြီဖြစ်သည်။ နောက်ထပ် အမေရိကန်အစိုးရ၏ ရန်ပုံငွေပံ့ပိုးမှုဖြင့် လည်ပတ်လာခဲ့သည့် အာအက်ဖ်အေ (Radio...

စစ်အုပ်စု၏ လေကြောင်းရန်နှင့် ရင်ဆိုင်လာရသည့် တော်လှန်ရေးအင်အားစုများနယ်မြေမှ စစ်သုံ့ပန်းများ

နိဒါန်း ၂၀၂၁ ခုနှစ် ဖေ‌ဖော်ဝါရီ ၁ ရက်၊ စစ်အာဏာသိမ်းချိန်မှစပြီး အာဏာသိမ်းစစ်ကောင်စီကို တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့ (ERO) များအပါအဝင်၊ မြို့ပြဒေသအလိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ (PDF-LDF) မှ နည်းမျိုးစုံဖြင့် လက်နက်ကိုင် တော်လှန်လျက်ရှိကြသည်။ စစ်ကောင်စီဘက်က ရက်စက်ကြမ်းကြုတ်သည့် နည်းလမ်းမျိုးစုံသုံးကာ တော်လှန်ရေးအင်အားစုများကို တိုက်ခိုက်မှုများ ပြုလုပ်လျက်ရှိသည်။ စစ်ကောင်စီသည် ၁၀၂၇...