26 ဇွန် 2025 /

See today's Peace Related News

Homeသတင်းသုံးသပ်ချက်တအာင်းပြည်ကောင်စီဖွဲ့စည်းခြင်း၊ တအာင်းတော်လှန်ရေးအရွေ့နှင့် PSLF/TNLA ၏ အခန်းကဏ္ဍ

တအာင်းပြည်ကောင်စီဖွဲ့စည်းခြင်း၊ တအာင်းတော်လှန်ရေးအရွေ့နှင့် PSLF/TNLA ၏ အခန်းကဏ္ဍ

နိဒါန်း

စစ်အာဏာရှင်စနစ်အပါအဝင် အာဏာရှင်မှန်သမျှ ချုပ်ငြိမ်းရေးသို့ ဦးတည်လျှောက်လှမ်းလာခဲ့သည့် နွေဦးတော်လှန်ရေးကာလအတွင်း အစဉ်တစိုက်ပါဝင်လာခဲ့သော တအာင်းနိုင်ငံရေးအတိုင်ပင်ခံကော်မတီ (TPCC) ကို တအာင်းပြည်ကောင်စီ (TLC) အဖြစ် ပြောင်းလဲဖွဲ့စည်းကာ တအာင်းပြည်တော်လှန်ရေးကာလအတွင်း အမြင့်ဆုံး အာဏာပိုင်အဖွဲ့အစည်းအဖြစ် အဆင့်မြှင့်တင်လိုက်ပြီဖြစ်သည်။ လာမည့်ခြောက်လအတွင်း အာဏာသိမ်းစစ်ကောင်စီကို ဖယ်ရှားရှင်းလင်းနိုင်ခဲ့သည့်နယ်မြေများကို အခြေခံပြီး တအာင်းပြည်တော်လှန်ရေးကာလ ပြည်သူ့အစိုးရတရပ်ကို ဆက်လက်ဖွဲ့စည်းသွားမည်ဟုလည်း ဆိုပါသည်။ ထို့အပြင် မြန်မာပြည်တဝှမ်းရှိ တော်လှန်ရေးအင်အားစုများနှင့်အတူ ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံတော် တည်ဆောက်နိုင်ရေးအတွက်လည်း ပူးပေါင်းဆောင်ရွက်သွားမည်ဟုလည်း သဘောထားထုတ်ပြန်ထားပါသည်။

ယခုတပတ် BNI – Myanmar Peace Monitor ၏ အပတ်စဉ်သတင်းသုံးသပ်ချက်တွင် တအာင်းပြည်ကောင်စီဖွဲ့စည်းခြင်း၊ တအာင်းတော်လှန်ရေးအရွေ့နှင့် PSLF/TNLA ၏ အခန်းကဏ္ဍကို လက်လှမ်းမီသမျှ လေ့လာတင်ပြသွားပါမည်။

တအာင်းပြည်ကောင်စီ ဖွဲ့စည်းခြင်း

၂၀၂၅ ခုနှစ် ဇွန်လ ၁ ရက်မှ ၃ ရက်အထိ ပြုလုပ်ခဲ့သည့် TPCC ၏ နိုင်ငံရေး ထိပ်သီးအစည်းအဝေးကြီးတွင် တအာင်း(ပလောင်) အမျိုးသားပါတီ (TNP)၊ ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး (PSLF/TNLA) နှင့် တအာင်းအရပ်ဖက်အစုအဖွဲ့များ (TCSOs) မှ ထိပ်ပိုင်း ခေါင်းဆောင်များအပါအဝင် ကိုယ်စားလှယ် (၈၃) ဦး တက်ရောက်ခဲ့သည်။ အစည်းအဝေးအတွင်း တအာင်းပြည်နယ် ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲရေးကော်မတီ (TSCDC) က ရေးဆွဲထားသည့် “တအာင်းပြည်တော်လှန်ရေးကာလအစိုးရအစီအမံ” ကို အတည်ပြုခဲ့ပြီး တအာင်းပြည်၏ တော်လှန်ရေးကာလတွင် အမြင့်ဆုံး နိုင်ငံရေးအာဏာပိုင်အဖွဲ့အစည်းအဖြစ် TLC ကို ဖွဲ့စည်းဆောင်ရွက်ရန် ဆုံးဖြတ်ခဲ့သည်။

၂၀၂၁ ခုနှစ် မတ်လ ၂၄ ရက်တွင် ဖွဲ့စည်းခဲ့သည့် TPCC အား TLC အဖြစ် ပြောင်းလဲ ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး တအာင်းပြည်၏ အုပ်ချုပ်ရေး၊ ဥပဒေပြုရေးနှင့် တရားစီရင်ရေးဟူသော မဏ္ဍိုင် (၃) ရပ်အား ထိန်းကျောင်းကြပ်မတ်ဦးဆောင်နိုင်ရန် ရည်ရွယ်ထားသည်။ TLC ၏ ဥက္ကဌအဖြစ် PSLF/TNLA ဥက္ကဌဖြစ်သူ ဗိုလ်ချုပ်ကြီးတားအိုက်ဘုန်းက တာဝန်ယူထားပြီး တအာင်းအရပ်ဖက်အစုအဖွဲ့များမှ လွေးမိုးခမ်းက ဒုဥက္ကဌ (၁) အဖြစ်လည်းကောင်း၊ တအာင်း (ပလောင်) အမျိုးသားပါတီ (TNP) မှ တားအေးမောင်က ဒုဥက္ကဌ (၂) အဖြစ် အသီးသီးတာဝန် ယူထားကြပါသည်။ TLC တွင် အထက်ဖော်ပြပါအစုအဖွဲ့ (၃) ခုမှ ကိုယ်စားလှယ် (၃) ဦးစီ ပါဝင်ကာ စုစုပေါင်းကောင်စီဝင် (၉) ဦးဖြင့် ဖွဲ့စည်းထားသည်ကို တွေ့ရသည်။ ထိုအထဲ အမျိုးသမီး (၄) ဦး ၊ အမျိုးသား (၅) ဦးပါဝင်ပြီး အမျိုးသမီးများ၏ ဦးဆောင်မှု အခန်းကဏ္ဍကိုလည်း စိတ်ဝင်စားဖွယ်တွေ့ရှိရပါသည်။

တအာင်းပြည်ကောင်စီ (TLC) သည် ယခုနှစ် (၂၀၂၅) အတွင်း တအာင်းပြည် တော်လှန်ရေးကာလ ပြည်သူ့အစိုးရတရပ်ကို ကောင်စီအတွင်းရှိ အစုအဖွဲ့ (၃) ဖွဲ့မှ ခေါင်းဆောင်များ အပြင် သင့်လျော်သောကိုယ်စားလှယ်များဖြင့် ဆက်လက်ဖွဲ့စည်းသွားရမည်ဖြစ်သည်။ တဆက်တည်းတွင် မြန်မာပြည်အတွင်းရှိ တော်လှန်ရေးအင်အားစုများနှင့်အတူ ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်နိုင်ရန်အတွက်လည်း ပူးပေါင်းလုပ်ဆောင်သွားရမည် ဖြစ်ကြောင်း သိရသည်။

TNCC အတွင်းရေးမှူးဖြစ်သူ မိုင်းနိုင်ဂေါင်ဇာရ်ကတော့ TLC သည် TPCC ထက် လုပ်ပိုင်ခွင့်များ ပိုမိုရရှိထားပြီး နွေဦးတော်လှန်ရေးအတွင်း TPCC ပါဝင်ဆောင်ရွက်နေသည့် အစု အဖွဲ့တိုင်း၊ နေရာတိုင်းတွင်း TLC နာမည်ဖြင့် ဆက်လက်ပူးပေါင်း ပါဝင်သွားလိမ့်မည်ဟု ဆိုပါသည်။ TLC ကို လုပ်ပိုင်ခွင့်အာဏာအမြင့်ဆုံးဖြင့် မြှင့်တင်ပေးလိုက်ခြင်းဖြစ်သည့်အတွက် နွေဦးတော်လှန်ရေးအတွင်း ပေါ်ပေါက်လာသည့် အင်အားစုများနှင့် ဖြစ်စေ၊ အခြားသော မဟာမိတ်များဖြစ်စဉ် ပူးပေါင်း‌ဆောင်ရွက်ရေးအစီအမံများ၊ လုပ်ငန်းစဉ်များကို TLC ကသာ ဆွေး‌နွေးဆုံးဖြတ်သွားလိမ့်မည်ဟု မိုင်းနိုင်ဂေါင်ဇာရ်က ဆိုပါသည်။ 1

လက်ရှိတွင် TPCC သည် အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) တွင် အစုအဖွဲ့ဝင်အနေဖြင့် ပါဝင်နေသကဲ့သို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တွင်လည်း ဖက်ဒရယ်ပြည်ထောင်စုရေးရာဝန်ကြီးဌာန၏ ဒုဝန်ကြီးတနေရာ ကိုယ်စားလှယ်စေလွှတ်ထားပါသည်။ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ၏ လမ်းညွှန်ချက်နှင့်အညီ ကြားကာလတအာင်းဒေသပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကိုလည်း TPCC က ဖွဲ့ စည်းထားပါသည်။

၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်ထုတ်၊ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများ၊ ပြည်နယ်/လူမျိုးကိုယ်စားပြုဖက်ဒရယ်ကောင်စီများ၏ ကြေညာချက် (ဝ၁/၂၀၂၅) တွင်လည်း TNCC ပါဝင်နေပြီး “ပြည်နယ်အားကောင်းရေးမှ ပြည်ထောင်စုအားကောင်းရေး” (Bottom-up Federalism Approach) ချဉ်းကပ်မှုဖြင့် အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကို လက်တွေ့တည်ဆောက်အကောင်အထည်ဖော်သွားမည်ဟု ဆိုထားပါသည်။ အဆိုပါ ချဉ်းကပ်မှုတွင် TPCC နှင့်အတူ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)၊ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ချင်းအမျိုးသားတပ်ဦး (CNF)၊ မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်ဆန့်ကျင်ရေး) (NMSP-AD)၊ ကရင်နီပြည်နယ်အတိုင်ပင်ခံကောင်စီ (KSCC)၊ ပအိုဝ်းအမျိုးသား ဖက်ဒရယ်ကောင်စီ (PNFC)၊ မွန်ပြည်နယ်ဖက်ဒရယ်ကောင်စီ (MSFC) နှင့်အမျိုးသမီးအဖွဲ့ချုပ် (မြန်မာနိုင်ငံ)(WLB) တို့လည်း ပါဝင်နေပါသည်။

ဆိုရသော် စစ်ရေး၊ နိုင်ငံရေးနှင့် အရပ်ဖက်အင်အားစုများဟူသော အစုအဖွဲ့ (၃) ခု စုဖွဲ့မှု ဖြင့် ပြောင်းလဲဖြစ်တည်လာသည့် တအာင်းပြည်ကောင်စီ (TLC) တွင် ဦးဆောင်မှုနှင့် ဦးတည် ချက်ကို ရှင်းလင်းစွာမြင်တွေ့လာရသလို တအာင်းပြည်၏ တော်လှန်ရေး (ဝါ) စစ်ရေး၊ နိုင်ငံ ရေးအရွေ့အပြောင်းများကို ထင်ရှားစွာထုတ်‌ဖော်ပြသလာခြင်းဟုလည်း ဆိုနိုင်ပါသည်။

တအာင်းတော်လှန်ရေးအရွေ့နှင့် PSLF/TNLA ၏ အခန်းကဏ္ဍ

အနီးဆုံးနှင့် အမြင်သာဆုံးအရွေ့အပြောင်းအဖြစ် “၁၀၂၇ စစ်ဆင်ရေး” က စတင်ရပါမည်။ ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၂၇ ရက်တွင် စတင်ခဲ့သည့် “၁၀၂၇ စစ်ဆင်ရေး” အတွင်း PSLF/TNLA သည် ညီနောင်မဟာမိတ် (၂) ဖွဲ့နှင့်အတူ ဦးဆောင်မှုအခန်းကဏ္ဍမှ ပါဝင်ခဲ့သည်။ တဆက်တည်းတွင် နွေဦးတော်လှန်ရေးကာလအတွင်း ပေါက်ဖွားလာခဲ့ကြသည့် မြို့ပြဒေသအလိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF/LDF) များနှင့်လည်း ပူးတွဲပါဝင်စေကာ အာဏာ သိမ်းစစ်ကောင်စီတပ်များအား ထိုးစစ်ဆင်တိုက်ခိုက်ရာတွင် ဦးဆောင်မှုပြုခဲ့ပါသည်။

ထိုသို့ဖြင့် “၁၀၂၇ စစ်ဆင်ရေး” ပထမလှိုင်း၊ ဒုတိယလှိုင်းများအတွင်း မိုင်းလုံ၊ နမ့်ဆန်၊ နမ့်ခမ်း၊ မန်တုံ၊ နမ္မတူ၊ မိုင်းငေါ့၊ ကွတ်ခိုင်၊ နောင်ချို၊ မိုးမိတ်၊ ကျောက်မဲ၊ သီပေါ၊ မိုးကုတ် စသော မြို့ပေါင်း (၁၂) မြို့ကို အာဏာသိမ်းစစ်ကောင်စီထံမှ သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့သည်။ တရုတ်အစိုးရ၏ ကြားဝင်စေ့စပ်ပေးမှုကြောင့် အာဏာသိမ်းစစ်ကောင်စီကိုယ်စားလှယ်များနှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ဆောင်နေရသည့်တိုင် အာဏာသိမ်းစစ်အုပ်စုထံမှ သိမ်းပိုက်ထားသည့် မြို့များ၊ နယ်မြေများကို ပြန်ပေးမည်မဟုတ်ကြောင်း PSLF/TNLA က စိတ်ပိုင်းဖြတ်ထားပုံရသည်။

ယခုအခါ တအာင်းပြည်ကောင်စီ (TLC) အတွင်း ဦးဆောင်မှုအခန်းကဏ္ဍမှနေ၍ ပါဝင်လာကြောင်း PSLF/TNLA က ကိုယ်ထင်ပြလာခဲ့ပြီဖြစ်သည်။ ဆက်လက်ပေါ်ထွက်လာဖွယ်ရှိသည့် တအာင်းပြည်တော်လှန်ရေးကာလ ပြည်သူ့အစိုးရတွင်လည်း PSLF/TNLA၏ ဦးဆောင် ဦးရွက်ပြုမှုများကို အခြားသော နိုင်ငံရေးနှင့် အရပ်ဖက်အစုအဖွဲ့ခေါင်းဆောင်များနှင့်အတူ မြင်တွေ့ရပေလိမ့်မည်။

ထို့အတူ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့ (၇) ဖွဲ့ဖြင့် ဖွဲ့စည်းထားသည့် ပြည်ထောင်စုနိုင်ငံရေးဆွေးနွေးရေးကော်မတီ (FPNCC) တွင်လည်းကောင်း၊ မြောက်ပိုင်း ညီနောင်မဟာမိတ် (၃) ဖွဲ့ စုဖွဲ့မှုတွင်လည်းကောင်း၊ နွေဦးတော်လှန်ရေးကာလတွင်မှ ပေါက်ဖွားလာခဲ့ကြသည့် မြို့ပြဒေသလိုက် PDF/LDF များနှင့် ဒေသတွင်း မဟာမိတ်ပူးပေါင်းလှုပ်ရှားမှုများတွင်လည်းကောင်း PSLF/TNLA ၏ စစ်ရေး၊ နိုင်ငံရေးပူးပေါင်းလှုပ်ရှားမှုများကို ဆက်လက်မြင်တွေ့ရမည်ဖြစ်သည်။

သုံးသပ်တင်ပြချက်

PSLF/TNLA သိမ်းပိုက်ထိန်းချုပ်ထားသည့် နောင်ချိုမြို့နယ်အတွင်း တိုက်ပွဲများ ဆက်လက်ပြင်းထန်နေဆဲဖြစ်သည်။ အာဏာသိမ်းစစ်အုပ်စုသည် တရုတ်အစိုးရ၏ အကူအညီ ဖြင့် ၎င်းတို့လက်လွှတ်ဆုံးရှုံးထားသည့် နယ်မြေများအား ပြန်လည်ရရှိရေး ကြိုးပမ်းနေသလို စစ်ရေးအရလည်း မြေပြင်ကတမျိုး၊ ဝေဟင်ကတဖုံ ထိုးစစ်ဆင်ဖိအားပေးလျက်ရှိသည်။ အခြားတဖက်တွင်လည်း PSLF/TNLA နှင့် ဒေသတွင်းတော်လှန်ရေးမဟာမိတ်အဖွဲ့များအကြား စိတ်ဝမ်းကွဲစေမည့် ဝါဒဖြန့်သတင်းများပါ အချိန်နှင့်အမျှထုတ်ဖြန့်လာသည်ကို တွေ့ရသည်။

တအာင်းဒေသအတွင်းရှိ နိုင်ငံရေးအစုအဖွဲ့၊ အရပ်အဖက်အဖွဲ့အစည်းအစုအဖွဲ့နှင့် လက်နက်ကိုင်တော်လှန်ရေးအစုအဖွဲ့တို့ ပေါင်းစပ်ဖြစ်တည်လာသည့် တအာင်းပြည်ကောင်စီ (TLC) ဖွဲ့စည်းနိုင်ခြင်းသည် တအာင်းဒေသတွင်း တော်လှန်ရေး၏ အရွေ့တခုကို အထင် အရှား ပြသနိုင်ခြင်းဖြစ်သည်။ သို့သော် အခြားတဖက်တွင်လည်း ဒေသတွင်း လူမျိုးရေးကိစ္စ ရပ်များ၊ တရုတ်အစိုးရ၏ ဖိအားနှင့် အာဏာသိမ်းစစ်အုပ်စု၏ လေကြောင်းမှတဆင့် ဗုံးကြဲ တိုက်ခိုက်မှုအပါအဝင် စိန်ခေါ်မှုများစွာသည် TLC ကို စောင့်ကြိုနေသည်ဟု ဆိုရပါမည်။

မည်သို့ဆိုစေ တအာင်းပြည်တော်လှန်ရေးကာလအတွင်း အမြင့်ဆုံး အာဏာပိုင်အဖွဲ့အစည်းအဖြစ် ဖြစ်တည်လာသည့် တအာင်းပြည်ကောင်စီတွင် PSLF/TNLA ၏ ဦးဆောင် ပါဝင်မှုအခန်းကဏ္ဍသည် အလွန်စိတ်ဝင်စားဖွယ်ကောင်းလှပြီး အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေးအတွက် တော်လှန်ခွန်အားတရပ်ဖြစ်လာမလားဆိုသည် ကလည်း စောင့်ကြည့်ချင်စရာ ဖြစ်သည်။

ပြည်နယ်အားကောင်းရေးမှ ပြည်ထောင်စုအားကောင်းရေးချဉ်းကပ်မှုအတွက် TLC ဖြစ်တည်မှုသည် အရေးပါသည့် ခြေလှမ်းတရပ်ဟု ဆိုနိုင်သလို စစ်အာဏာရှင်စနစ်အပါအဝင် အာဏာရှင်စနစ်မှန်သမျှ ချုပ်ငြိမ်းရေးအတွက် စစ်ရေး၊ နိုင်ငံရေးအရွေ့ပေါင်းများစွာ၊ ခြေလှမ်း ပေါင်းများစွာအတွက်လည်း အလွန်အရေးပါသော ရှေ့ပြေးအမြူတေတခုဖြစ်နိုင်ကြောင်း သုံးသပ်တင်ပြအပ်ပါသည်။

1 PSLF/TNLA ရဲ့ ဦးဆောင်မှုဆိုတာထက် TLC ကို လုပ်ပိုင်ခွင့်အားလုံးပေးလိုက်တယ်၊ Burma VJ ၊ ၉ ဇွန် ၂၀၂၅