27 ဇွန် 2025 /

See today's Peace Related News

သတင်းသုံးသပ်ချက်စားပွဲဝိုင်းပေါ်ရောက် ရှမ်းမြောက်ဒေသ ပွတ်တိုက်မှုများ

စားပွဲဝိုင်းပေါ်ရောက် ရှမ်းမြောက်ဒေသ ပွတ်တိုက်မှုများ

နိဒါန်း

SSPP/SSA နှင့် PSLF/TNLA အကြား၊ PSLF/TNLA နှင့် KIO/KIA အကြား၊ KIO/KIA နှင့် MNTJP/MNDAA အကြား၊ MNTJP/MNDAA နှင့် SSPP/SSA အကြား စသည့် မဟာမိတ်အချင်းအချင်းအကြား နယ်မြေပိုင်ဆိုင်မှုအပေါ် အခြေပြုသော ပွတ်တိုက်မှုများသည် FPNCC ၏ နိုင်ငံရေးစားပွဲဝိုင်းပေါ်အထိ ရောက်ရှိလာခဲ့ပြီဖြစ်သည်။ စုံလင်ကွဲပြားသော တိုင်းရင်းသားလူမျိုးများ မှီတင်းနေထိုင်ရာ ရှမ်းမြောက်ဒေသတွင် အာဏာသိမ်းစစ်အုပ်စုနှင့် ၎င်းတို့၏ လက်အောက်ခံတပ်ရင်း၊ တပ်စခန်းနှင့် စစ်ကောင်စီထောက်တိုင်အားလုံးကို ဖြိုဖျက်ရှင်းလင်းနိုင်ခဲ့သည့်တိုင် အသိနှင့်သတိတွဲဖက်ကာ ဂရုတစိုက်ဖြေရှင်းရမည့် မဟာမိတ်ပွတ်တိုက်မှုများသည် တရွေ့ရွေ့တိုးပွားလာခဲ့ပြီဖြစ်သည်။

ယခုတပတ် BNI – Myanmar Peace Monitor ၏ အပတ်စဉ်သတင်းသုံးသပ်ချက်တွင် ရှမ်းမြောက်ဒေသရှိ မဟာမိတ်တော်လှန်ရေးအင်အားစုအချင်းချင်းအကြား ပွတ်တိုက်မှုများကို ဖြစ်စဉ်ဖြစ်ရပ်များအခြေပြုကာ ချဉ်းကပ်တင်ပြသွားပါမည်။

နောက်ခံကောက်ကြောင်း

အောင်မြင်ခြင်း၏ ဘေးထွက်ဆိုးကျိုးဟု ဆိုလျှင်လည်း တစိတ်တပိုင်းမှန်သည်ဟု ဆိုရပေလိမ့်မည်။ “၁၀၂၇ စစ်ဆင်ရေး” ကစသည်ဟု ဆိုရမည်။ အာဏာသိမ်းစစ်ကောင်စီတပ်နှင့် စစ်အုပ်စုထောက်တိုင်များအား အချိန်တိုအတွင်းမှာပင် အတုံးအရုံးလဲပြိုပျက်စီးဆုံးရှုံးခဲ့ရသည်အထိ အရှိန်အဟုန်အားကောင်းသော ညီနောင်မဟာမိတ် (၃) ဖွဲ့၏ “၁၀၂၇ စစ်ဆင်ရေး” သည် စစ်ရေးအရ အလွန်အောင်မြင်ခဲ့သော်လည်း ယင်းအောင်မြင်မှုနှင့်အတူ ဂရုတစိုက် ကိုင်တွယ်ဖြေရှင်းရမည့် ပြဿနာများ ကပ်ပါလာခဲ့သည်။

စစ်ဆင်ရေးစတင်ခဲ့သည့် ၂၀၂၃ ခုနှစ် အောက်တိုဘာ ၂၇ ရက်မှ ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၁၀ ရက်အထိ နှစ်လခွဲကျော်အတွင်း ရာနှင့်ချီသော စစ်ကောင်စီတပ်စခန်းများနှင့်အတူ ရှမ်းမြောက်ဒေသရှိ မြို့ပေါင်း ၁၈ မြို့ကို အာဏာသိမ်းစစ်အုပ်စုထံမှ ညီနောင်မဟာမိတ် (၃) ဖွဲ့နှင့် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များက သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ပါသည်။

ကိုးကန့်တပ်ဖွဲ့ (MNDAA) သည် ချင်းရွှေဟော်၊ ဖောင်းဆိုင်၊ ကြူကုတ် (ပန်ဆိုင်း)၊ သိန္နီ၊ မုံးကိုး၊ ကွမ်းလုံ၊ ကုန်းကြမ်း၊ မော်ထိုက်နှင့် လောက်ကိုင်စသည့် မြို့ (၉) မြို့ကို သိမ်းပိုက် ထိန်းချုပ်နိုင်ခဲ့ပြီး တအာင်းတပ်ဖွဲ့ (PSLF/ TNLA) ကမူ မိုင်းလုံ၊ နမ့်ဆန်၊ နန့်ခမ်း၊ မန်တုံ၊ နမ္မတူ၊ မိုင်းငေါ့နှင့် ကွတ်ခိုင်စသည့် မြို့ (၇) မြို့ကို သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ပါသည်။ စစ်ဆင်ရေးနယ်မြေအတွင်း ပါဝင်ပြီး သိမ်းပိုက်ရရှိခဲ့သည့် ဟိုပန်နှင့် ပန်လုံမြို့ (၂) မြို့ကိုတော့ “ဝ” တပ်ဖွဲ့ (UWSA) က ဝင်ရောက်ထိန်းချုပ်ကာ နေရာယူသိမ်းပိုက်ခဲ့ပါသည်။

ထို့နောက် ဦးဖုန်တာရွှင် (ဦးဖုန်တဲရင်) ဦးဆောင်သည့် မြန်မာနိုင်ငံအမှန်တရားနှင့် တရားမျှတသောအမျိုးသားပါတီ(MNTJP) / မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (ကိုးကန့်တပ်ဖွဲ့-MNDAA) သည် ၎င်းတို့သိမ်းပိုက်နိုင်ခဲ့သည့် နယ်မြေများကို အခြေပြုပြီး ရှမ်းပြည်နယ် အထူးဒေသ (၁) အုပ်ချုပ်ရေး ကော်မတီဖွဲ့စည်းကာ အုပ်ချုပ်ရေး၊ လုံခြုံရေး၊ တရားစီရင်ရေးနှင့် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်း စသည့် ယန္တယားများကို အသက်သွင်းလာခဲ့သည်။ အလားတူ ဗိုလ်ချုပ်ကြီးတာအိုက်ဘုန်းဦးဆောင်သည့် PSLF/ TNLA သည်လည်း ၎င်းတို့ သိမ်းပိုက်နိုင်ခဲ့သည့် နယ်မြေများအတွင်း ကွင်းဆင်းကာ လူထုနှင့် တွေ့ဆုံခြင်းများပြုလုပ်ခဲ့ပြီး အုပ်ချုပ်ရေးယန္တရားများ လည်ပတ်နိုင်ရေး ကြိုးပမ်းလာခဲ့ပါသည်။

ထို့ကြောင့် ၎င်းတို့သိမ်းပိုက်ထိန်းချုပ်ထားသည့် မြို့ (၁၈) မြို့အနက် အချို့သောမြို့များတွင် နဂိုကတည်းက ရှိနှင့်နေပြီးသော တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့(ERO) များနှင့် MNDAA ၊ TNLA တို့အကြား မဟာမိတ်အချင်းချင်းဖြစ်လင့်ကစား နယ်မြေအငြင်းပွားမှုများ၊ ပွတ်တိုက်မှုများသည် ထိတွေ့တိုက်ပွဲအသွင် ရောက်ရှိလာခဲ့ပါသည်။

မဟာမိတ်အချင်းချင်း ပွတ်တိုက်မှုများ

MNTJP/MNDAA သည် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၁၁ ရက်၊ နံနက်ပိုင်း၊ ပန်ဆိုင်း (ကြူကုတ်) မြို့ရှိ ဒေသခံပြည်သူများအားခေါ်ယူကာ အစည်အ‌ဝေးတရပ်ပြုလုပ်ပြီး အရေးကြီးအချက် (၅) ချက်ကို အမိန့်ပေးညွှန်ကြားခဲ့သည်။ အဆိုပါအချက် (၅) ချက်တွင် (၁) အစည်းအဝေးတွင်ဖြစ်စေ ကိုးကန့်တပ်ဖွဲ့၏ သွားလာလှုပ်ရှားမှုများကို မှတ်တမ်းယူပြီး အွန်လိုင်းပေါ်မတင်ရန်၊ (၂) KIA နှင့် SSPP တပ်သားများကို စစ်ဝတ်စုံနှင့် လက်နက်ကိုင်ဆောင်လာပါက မြို့တွင်းသို့ ပေးမဝင်ရန်၊ (၃) မိမိနေအိမ်ရှိ သေနတ်များကို အမြန်ဆုံးအပ်နှံရန်၊ (၄) တစ်အိမ်တစ်ယောက် ကိုးကန့်တပ်ဖွဲ့ထံ စစ်မှုထမ်းရန်နှင့် (၅) မြို့အဝင်/အထွက်နှင့် အုပ်ချုပ်ရေးရုံးတို့တွင် ကင်းစောင့်ပေးရန်တို့ ဖြစ်သည်။ 1

၂၀၂၄ ခုနှစ် မတ်လ ၂၆ ရက်၊ ညဦးပိုင်းမှစတင်ပြီး မတ်လ ၂၇ ရက် မွန်းလွဲပိုင်းအထိ သိန္နီမြို့နယ် စယ်အူကျေးရွာ၊ ကုန်းညောင်ရွာနှင့် ပန်းနားကျေးရွာများအနီးတွင် ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် MNDAA တို့ နှစ်ဖက်ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့သည်။ အဆိုပါဖြစ်စဉ်နှင့်ပတ်သက်ပြီး တွေ့ဆုံဆွေးနွေးရေး နည်းလမ်းစဉ်ဖြင့်သာ ဖြေရှင်းသွားမည်ဟု SSPP/ SSA က ထုတ်ပြန်ခဲ့သည်။ 2

၂၀၂၄ ခုနှစ် ဇူလိုင်လ ၇ ရက်၊ ည (၉) နာရီအချိန်၊ ကျောက်မဲမြို့နယ် နောင်ပိန်ကျေးရွာအုပ်စု လုပ်ပါရဲစခန်းအနီး SSPP/SSA စခန်းချရာနေရာသို့ တအာင်းတပ်ဖွဲ့ (TNLA) မှ ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။ ဇူလိုင်လ ၅ ရက်နေ့ကလည်း ကျောက်မဲမြို့နယ် နောင်ပိန်ကျေးရွာအနီးနှင့် သီပေါမြို့နယ် ကြံခင်းရွာအနီးတို့တွင် SSPP/SSA နှင့် TNLA အကြား တိုက်ပွဲများ ဖြစ်ပွားခဲ့ပါသည်။ ဇူလိုင်လ (၈) ရက် ညပိုင်းတွင်တော့ ညီနောင်မဟာမိတ် (၃) ဖွဲ့မှ ဖော်‌ဆောင်နေသည့် “၁၀၂၇ စစ်ဆင်ရေး” အပိုင်း (၂) စစ်ရေးလှုပ်ရှားများအပေါ် SSPP အနေဖြင့် နှောင့်ယှက်နေသည်ဟုဆိုကာ အမြန်ဆုံး ကြားဝင်ညှိနှိုင်းပေးရန် ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေးကော်မတီ (FPNCC) ထံ TNLA က တင်ပြခဲ့သည်။

“၁၀၂၇ စစ်ဆင်ရေး” အပိုင်း (၂) အတွင်း သီပေါ၊ ကျောက်မဲမြို့နယ်ရှိ တပ်စခန်းများကို တော်လှန်ရေးတပ်ဖွဲ့များ တိုက်ခိုက်နေစဉ် စစ်ကောင်စီတပ်စခန်းများ လက်လွှတ်ရခါနီးအချိန်များတွင် SSPP မှ စခန်းကို လက်လွှဲရယူခြင်း၊ စစ်ကောင်စီတပ်ဖွဲ့ဝင်များကို သယ်ယူပို့ဆောင်ပေးခြင်း၊ လမ်းကြောင်းထွက်ပေါက်များ ဖွင့်ပေးခြင်းများကို လုပ်ဆောင်ခဲ့ကြောင်း TNLA က ထုတ်ပြန်ထားသည်။ ယင်းအပြင် စစ်ဆင်ရေး မစတင်မီကာလများတွင်ပင် စစ်ကောင်စီနှင့် SSPP ခေါင်းဆောင်များ ညှိနှိုင်းမှုများရှိကြောင်း TNLA က ဆိုသည်။ 3

၂၀၂၄ ခုနှစ် ဧပြီလအတွင်း မုံးကိုးမြို့ပေါ်ရှိ ကချင်လွတ်လပ်ရေးတပ်မတော် (KIO/KIA) ၏ ရုံးတခုကို MNDAA မှ ချိတ်ပိတ်ခဲ့ပြီး ကချင်စာပေနှင့်ယဉ်ကျေးမှု ရိုးရာမနောင်ကွင်းတွင် ခန်းမဆောင်ဆောက်လုပ်ရန် ပြင်ဆင်နေမှုကိုလည်း တားမြစ်ခဲ့ပါသည်။ 4 ဇွန်လ ၂၃ ရက်၊ ညအချိန်၊ ကွတ်ခိုင်မြို့နယ် ဂါလိုင်ကျေးရွာရှိ KIO/KIA ၏ ခွင့်ပြုချက်ဖြင့် ဖွင့်လှစ်ရန်ပြင်ဆင်နေသည့် အလယ်တန်းကျောင်းကို PSLF/TNLA မှ အင်အား (၄၀) ဝန်းကျင်နှင့် ရောက်လာပြီး ကျောင်းတံခါးပိတ်ကာ ကျောင်းဝန်းအတွင်းရှိ ဆရာ၊ ဆရာမ မိသားစုများအား အပြင်သို့‌မောင်းထုတ်ကာ ကျောင်းရှေ့ရှိ ကချင်အမျိုးသားအလံကိုလည်း ဖြုတ်သိမ်းခဲ့သည်ဟု ဆိုပါသည်။ ကျောင်းပြန်ဖွင့်နိုင်ရေးအတွက် နှစ်ဖက်ဆွေး‌နွေးညှိနှိုင်းမှုများ ပြုလုပ်နေရဆဲဖြစ်သည်။ 5

ဇွန်လ ၂၃ ရက်နေ့ တအာင်းတပ်မတော်ပိတ်ပေးလိုက်တဲ့ ဂါလိုင်စာသင်ကျောင်း

အသိ၊ သတိနှင့် ဖြေရှင်းနည်း

ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့် တအာင်းလွတ်မြောက်ရေးတပ်မတော် (TNLA) တို့၏ ခေါင်းဆောင်များကတော့ ၎င်းတို့နှစ်ဖွဲ့အကြား မြေပြင်တွင် ကြုံတွေ့နေရသည့် ပြဿနာများအတွက် ပြည်သူလူထုအနေဖြင့် စိုးရိမ်ပူပန်စရာမလိုအပ်ကြောင်း ပြောဆိုကြပါသည်။ 6 မန်တုံဒေသရှိ KIO အရာရှိတဦးက “ပြဿနာ သေးသေးမွှားမွှားပဲ ဟုတ်တယ်။ ကျနော်တို့နဲ့ သူတို့က အထက်လူကြီးတွေအချင်းချင်းလည်း နေ့စဉ်နဲ့အမျှ ပုံမှန်ညှိနှိုင်းဆွေးနွေးနေတာဖြစ်တဲ့အတွက် ပြည်သူတွေလည်း စိုးရိမ်ဖွယ်မရှိဘူး။ ကျနော်တို့အချင်းချင်း ပစ်ကြ၊ ခတ်ကြတဲ့ထိတော့ ဖြစ်လာမှာမဟုတ်ပါဘူး၊ ရှိလာမှာလည်းမဟုတ်ပါဘူး။ မြေပြင်မှာ အချင်းချင်း ပြဿနာဖြစ်ပြီး အချင်းချင်း ပြန်ညှိနှိုင်းကြတာလောက်ပါပဲ။ ပြဿနာ ကြီးကြီးမားမား မဟုတ်ပါဘူး” ဟု ဆိုပါသည်။

SSPP/SSA နှင့် PSLF/TNLA အကြား ဖြစ်ပွားခဲ့သည့် စစ်ရေးပဋိပက္ခနှင့် အငြင်းပွားမှုများကိုလည်း ဇူလိုင်လ ၁၃ ရက်က FPNCC ၏ ညှိနှိုင်း‌နိုင်ပေးမှုကြောင့် ပြေလည်မှုရရှိသွားပြီဟု ဆိုပါသည်။ TNLA ပြောခွင့်ရ လွေးယေဦးက “ဒီလ ၁၃ ရက်နေ့မှာ FPNCC က ကျွန်မတို့နှစ်ဖွဲ့ကို ခေါ်ယူပြီးတော့မှ ကျွန်မတို့ တွေ့ဆုံမှုပြုလုပ်ခဲ့တယ်၊ ဒီတွေ့ဆုံဆွေးနွေးမှုမှာ ဒီနှစ်ဘက် အငြင်းပွားနေတာတွေ၊ ပွတ်တိုက်မှုတွေ ပြေလည်သွားပါပြီ။ နောက်နောင်ဆိုရင်လည်း ကျွန်မတို့နှစ်ဖွဲ့က ပွတ်တိုက်မှုတွေ၊ တိုက်ခိုက်မှုတွေ မဖြစ်ပွားရအောင် နှစ်ဖက်က အဓိက သတိထားဆောင်ရွက်သွားရမှာဖြစ်ပါတယ်” ဟု ဆိုပါသည်။ 7

ရှမ်းမြောက်ဒေသသည် အလွန်ထူးခြားသည်။ စုံလင်ကွဲပြားသော တိုင်းရင်းသားလူမျိုးစုများ အတူယှဉ်တွဲနေထိုင်လျက်ရှိသည်။ လူမျိုးစု တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်း (ERO) အများအပြား လှုပ်ရှားရာဒေသလည်း ဖြစ်သည်။ တချို့နယ်မြေဒေသများတွင် ERO နှစ်ဖွဲ့၊ သုံးဖွဲ့လှုပ်ရှားလျက်ရှိသည်။ ထို့ကြောင့် အချင်းချင်းအကြား ပွတ်တိုက်မှုများ၊ ထိတွေ့တိုက်ပွဲများ မကြာခဏဆိုသလို တွေ့ရှိရပါသည်။

သို့သော် စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေး၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးဆိုသည့် နိုင်ငံရေးရည်မှန်းချက်များကို ဖော်ဆောင်လျှောက်လှမ်းရာ နည်းလမ်းများ၊ ချဉ်းကပ်ရာလမ်းကြောင်း ကွဲပြားနေကြခြင်းသာဖြစ်သည်ဟု ဆိုရပါမည်။ အလားတူ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဦးဆောင်သော စစ်အာဏာသိမ်းမှုကိုလည်း ကျေနပ်စွာ လက်ခံ ကြမည့် ERO အစုအဖွဲ့မျိုးလည်း ရှိလိမ့်မည်မဟုတ်ပေ။

ရှမ်းပြည်နယ်မြောက်ပိုင်း တန့်ယန်းမြို့နယ် မန်ကတ်နှင့် မန်ပတ်ရွာရှိ စစ်ကောင်စီတပ်စခန်းများကို ဇူလိုင်လ ၁၀ ရက်တွင် TNLA က ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ထိုနေ့ညပိုင်းအချိန်တွင်ပင် ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ၏ တပ်ဖွဲ့ဝင်များသည် တန့်ယန်းမြို့အတွင်း ဝင်ရောက်လာကာ မြို့ကို ထိန်းချုပ်ရန် ပြင်ဆင်ခဲ့သည်။ UWSA ပြောခွင့်ရသူ ဦးညီရမ်းကတော့ တန့်ယန်းဒေသအတွင်း စစ်ရေးပဋိပက္ခမကူးစက်စေဖို့ ရည်ရွယ်လုပ်ဆောင်ခြင်းဖြစ်ကြောင်း ပြောဆိုထားပါသည်။ 8

အလားတူ ဇူလိုင်လ ၁၂ ရက်တွင်လည်း မိုင်းရယ်မြို့နယ်အတွင်း ဒေသတည်ငြိမ်ရေးနှင့် လုံခြုံရေးအတွက် ရည်ရွယ်သည်ဟုဆိုကာ SSPP/SSA တပ်ဖွဲ့ဝင်များသည် မိုင်းရယ်မြို့အတွင်း ဝင်ရောက်နေရာယူခဲ့သည်။ မိုင်းရယ်မြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်များကို MNDAA နှင့် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များက ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိသည်။ 9

ရှမ်းပြည်နယ်မြောက်ပိုင်း မိုင်းရယ်မြို့တွင် ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA) တပ်ဖွဲ့ဝင်များအား ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၁၂ နေ့က တွေ့ရစဉ်။

သုံးသပ်ချက်

အာဏာသိမ်းစစ်အုပ်စု ပြုတ်ကျရေး၊ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေး ဦးတည်သော တော်လှန်စစ်သည် နိုင်ငံတဝှမ်း စတုတ်တိုက်ကာ ဖြိုဖျက်ရှင်းလင်းရေးနှင့် အသွင်တူသည်။ စစ်ကောင်စီတပ်စခန်းများ ခြေကုပ်ယူရာ နေရာဒေသတိုင်းသည် တော်လှန်ရေးအင်အားစုများ၏ ထိုးစစ်ဆင်တိုက်ခိုက်မှုများ ရောက်ရှိနိုင်ချေရှိသည်။ အလားတူ “၁၀၂၇ စစ်ဆင်ရေး” အပိုင်း (၂) ၏ စစ်ရေး အရွေ့အဟုန်သည် ရှမ်းမြောက်မှသည် မန္တလေး၊ စစ်ကိုင်းအထိ ရွေ့လျားရန် တာဆူနေသည်။ ERO များနှင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ PDF တပ်ရင်း၊ တပ်ဖွဲ့များ၏ ပူးပေါင်းလှုပ်ရှားမှုများကို အထင်အရှားမြင်တွေ့လာရပြီဖြစ်သည်။

“ငါ့နယ်မြေ၊ ငါ့ဒေသ” ဟူသော နယ်မြေပိုင်စိုးမှုကို အခြေပြုသည့် အငြင်းပွားမှုပြဿနာများသည် စစ်နယ်၊ စစ်ဘောင်ကျယ်ပြန့်လာသည်နှင့်အမျှ ပိုမိုမြင်တွေ့လာဖွယ်ရှိသည်။ FPNCC ၏ စားပွဲဝိုင်းပေါ်မှ မဟာမိတ်အချင်းချင်းအကြား ပွတ်တိုက်မှုများအပေါ် ဖြေရှင်းနည်းသည် မည်သို့ဖြစ်နိုင်သနည်း။ သေချာသည်က အချင်းချင်းအကြား ပွတ်တိုက်မှုနှင့် အငြင်းပွားမှုများကို စစ်ရေးပဋိပက္ခအသွင် ရောက်ရှိမသွားစေရေးအတွက် ဦးတည်အဖြေရှာလိမ့်မည်ဟု ကောက်ချက်ချနိုင်သည်။ တန့်ယန်းနှင့် မိုင်းရယ်ကဲ့သို့သော စစ်မီးမကူးစပ်ရေး ဟန့်တားမှုသည် မှန်ကန်သည့်နည်းလမ်းတခု ဖြစ်နိုင်သကဲ့သို့ ယခုထက်ပိုမိုကောင်းမွန်သည့် ဆွေးနွေးညှိနှိုင်းမှုများ၊ ပူးပေါင်းဆောင်ရွက်မှုများလည်း ရှိနိုင်ပါသေးသည်။

ရှမ်းမြောက်ဒေသရှိ တော်လှန်ရေးအင်အားစုအချင်းချင်းအကြား ပွတ်တိုက်မှုများသည် ဖြေရှင်း၍မရသည့် ပုစ္ဆာတစ်ပုဒ်မဖြစ်နိုင်ကြောင်း လက်တွေ့ပြသနိုင်ဖို့အတွက်မူ FPNCC အပါအဝင် တော်လှန်ရေးအင်အားစုတိုင်းတွင် တာဝန်ရှိသည်ဟု ဆိုရမည်ဖြစ်ပါသည်။

1 ပန်ဆိုင်းမြို့တွင်းသို့ SSPP နှင့် KIA တပ်သားများ လက်နက်ကိုင်ဆောင်ပြီး ဝင်ခွင့်မပြု၊ သျှမ်းသံတော်ဆင့်၊ ၁၃ ဖေဖော်ဝါရီ ၂၀၂၄
2 ရှမ်းမြောက်မှာ MNDAA နဲ့ SSPP/SSA တပ်တို့တိုက်ပွဲဖြစ်၊ KNG ၊ ၂၈ မတ် ၂၀၂၄
3 ၁၀၂၇ စစ်ဆင်ရေးကို SSPPနှောင့်ယှက်နေဟု TNLA ထုတ်ပြန်ပြီး ကြားဝင်ညှိနှိုင်းပေးရန် FPNCCထံ တင်ပြ၊ မဇ္ဈိမ ၊ ၈ ဇူလိုင် ၂၀၂၄
4 MNDAA က မုံးကိုး KIO ရုံးကို ချိတ်ပိတ် ၊ ကချင် မနောင်ကွင်း ခန်းမဆောင် ဆောက်လုပ်မှုကိုလည်း တားမြစ်၊ KNG ၊ ၂၆ ဧပြီ ၂၀၂၄
5 ဂါလိုင်(Galeng)စာသင်ကျောင်းဖွင့်ဖို့ ကျောင်းကော်မတီနဲ့ TNLA တို့ညှိနှိုင်းနေဆဲ၊ KNG ၊ ၂၄ ဇွန် ၂၀၂၄
6 KIA နဲ့ TNLA အကြားလတ်တလောဖြစ်နေတဲ့ ပြဿနာ စိုးရိမ်စရာမလိုဘူးလို့ လက်နက်ကိုင်နှစ်ဖွဲ့ပြော၊ KNG ၊ ၂၀ ဇွန် ၂၀၂၄
7 SSPP နဲ့ ပဋိပက္ခ ပြေလည်သွားကြောင်း TNLA ပြော၊ အာအက်ဖ်အေ၊ ၁၇၊ ဇူလိုင် ၂၀၂၄
8 ထောင်နဲ့ချီတဲ့ ဝ တပ်ဖွဲ့တွေ တန့်ယန်းမြို့မှာ ရောက်ရှိနေ၊ ဗွီအိုအေ၊ ၁၁ ဇူလိုင် ၂၀၂၄
9 မိုင်းရယ်မြို့မှာ SSPP တပ်တွေ ဝင်ရောက်နေရာယူ ၊ အာအက်ဖ်အေ၊ ၁၃ ဇူလိုင် ၂၀၂၄