နိဒါန်း
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်၊ စစ်အာဏာသိမ်းချိန်မှစပြီး အာဏာသိမ်းစစ်ကောင်စီကို တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့ (ERO) များအပါအဝင်၊ မြို့ပြဒေသအလိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ (PDF-LDF) မှ နည်းမျိုးစုံဖြင့် လက်နက်ကိုင် တော်လှန်လျက်ရှိကြသည်။ စစ်ကောင်စီဘက်က ရက်စက်ကြမ်းကြုတ်သည့် နည်းလမ်းမျိုးစုံသုံးကာ တော်လှန်ရေးအင်အားစုများကို တိုက်ခိုက်မှုများ ပြုလုပ်လျက်ရှိသည်။
စစ်ကောင်စီသည် ၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းနှင့် ဒုတိယလှိုင်းနောက်ပိုင်းတွင် နယ်မြေတွေ ဆုံးရှုံးမှုများလာသည့်အလျောက် လေကြောင်းတိုက်ခိုက်မှုများ ပိုမိုအသုံးပြုလာသည်ကို တွေ့မြင်ရသည်။ လေကြောင်းတိုက်ခိုက်မှု ဖြစ်စဉ်များတွင် အရပ်သားပြည်သူများနေထိုင်ရာ ကျေးရွာ၊ မြို့ပြများအပြင် တော်လှန်ရေးအင်အားစုများဘက်မှ ဖမ်းဆီးရရှိထားသည့် စစ်ကောင်စီတပ်သားများ (ဝါ) စစ်သုံ့ပန်းများထားရှိရာ အကျဉ်းစခန်းများလည်း လေကြောင်းမှတဆင့် ဗုံးကြဲတိုက်ခိုက်ခံနေရပါသည်။
ယခုတပါတ် BNI-Myanmar Peace Monitor ၏ အပါတ်စဉ် သတင်းသုံးသပ်တင်ပြချက်တွင် စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုဖြစ်စဉ်များတွင် စစ်သုံ့ပန်းများအပေါ် ပစ်မှတ်ထားသည့် လေကြောင်းတိုက်ခိုက်မှု အကြောင်းအရာကို လေ့လာတင်ပြသွားမည်ဖြစ်ပါသည်။
စစ်သုံ့ပန်းများအပေါ် ပစ်မှတ်ထားသည့် လေကြောင်းတိုက်ခိုက်မှု ဖြစ်စဉ်များ
စစ်ကောင်စီတပ်သည် စစ်သုံ့ပန်းများအပေါ် လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်သည့် ဖြစ်စဉ်များကို ၂၀၂၄ နှစ်ကုန်ပိုင်းတွင် အဓိက စတင်တွေ့ရှိရပြီး ၂၀၂၅ ခုနှစ် ဇန်နဝါရီလ တစ်လတည်းတွင် စစ်သုံ့ပန်းများကို လေကြောင်းဖြင့် ဗုံးကြဲသည့်ဖြစ်စဉ် ၂ ခုရှိသည်ကို တွေ့မြင်နိုင်သည်။
ထို့အပြင် ၂၀၂၄ ခုနှစ်ထဲတွင် စက်တင်ဘာလ ၈ ရက်နေ့မှစပြီး ရခိုင်ပြည်နယ် ပေါက်တောမြို့နယ်ကိုလည်းကောင်း၊ စက်တင်ဘာလ ၉ ရက်နေ့တွင် ရခိုင်ပြည်နယ် မောင်တောမြို့ လေးမိုင် (နခခ-၂) စခန်းကိုလည်းကောင်း လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုဖြစ်စဉ်တွင် စစ်သုံ့ပန်းများအပါအဝင် အရပ်သားပြည်သူ အများအပြား သေဆုံးကြောင်း တွေ့ရသည်။
ပေါက်တောမြို့တောင်ဘက် အလယ်ဖရုံကာကျွန်း၊ ရှင်ရွာကျေးရွာရှိ စခန်းတစ်ခု တိုက်ခိုက်ခဲ့ပြီး စစ်သုံ့ပန်း ၇ ဦးအပါအဝင် သေဆုံးသူ ၁၇ ဦးရှိခဲ့ကြောင်း၊ ထိုအထဲတွင် စစ်ကောင်စီ၏ သတင်းပေးများနှင့် AA ၏ သတင်းများကို စစ်ကောင်စီထံ ပေးပို့နေသည်ဟူသော သံသယဖြင့် ဖမ်းဆီးစစ်ဆေးနေသူများ၊ ပြစ်ဒဏ်ကျခံနေရသူများအပါအဝင် အကျဉ်းစခန်း ထိန်းသိမ်းရေးတာဝန်ရှိသူများနှင့် ကျန်းမာရေးဝန်ထမ်းများပါဝင်ကြောင်း AA က ထုတ်ပြန်ထားသည်။ 1

စက်တင်ဘာလ ၉ ရက်နေ့ ရခိုင်ပြည်နယ် မောင်တောမြို့တွင်လည်း မြို့သိမ်းတိုက်ပွဲအတွင်း ဖမ်းဆီးရမိထားသော စစ်သုံ့ပန်းများနှင့် အရပ်သား အကျဉ်းသားများအပါအဝင် စုစုပေါင်း ဦးရေ ၅၀ ကျော် သေဆုံးခဲ့ရကြောင်း အာရက္ခတပ်တော် (AA) ထုတ်ပြန်ခဲ့သည်။ 2 ထို့အပြင် ၂၀၂၄ ခုနှစ် အောက်တိုဘာလ ၂၈ ရက်နေ့တွင်လည်း မန္တလေး – ရှမ်းမြောက်နယ်စပ် နောင်ချိုမြို့နယ်ရှိ မန္တလေး ပြည်သူ့ကာကွယ်ရေးတပ်မတော်၏ စစ်သုံ့ပန်းအချုပ်ဆောင်ကို ဗုံးကြဲခဲ့၍ စစ်သုံ့ပန်း ၈ ဦးအပါအဝင် ၁၂ ဦးသေဆုံးကာ ထိခိုက်ဒဏ်ရာရရှိသူ ၆၀ ဦးဝန်းကျင်ရှိခဲ့ကြောင်း သိရသည်။ 3
ထိုအချုပ်စခန်းကို အောက်တိုဘာလ ၃၀ ရက်နေ့တွင် လေကြောင်းဖြင် ထပ်မံတိုက်ခိုက်ခဲ့ခြင်းကြောင့် စစ်သုံ့ပန်း ဗိုလ်မှူးတစ်ဦးအပါအဝင် (၄) ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူ (၁) ဦးရှိခဲ့ကြောင်း သိရသည်။ 4 ၂၀၂၅ ခုနှစ် ဇန်နဝါရီလ (၁၈) ရက်နေ့တွင် မြောက်ဦးမြို့နယ်၊ ရမ်းချောင်းအနီးတဝိုက်ရှိ ရန်သူ့စစ်သုံ့ပန်းမိသားစုဝင်များ ထားရှိသည့်နေရာကို ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်၍ ကလေးငယ်များနှင့် အမျိုးသမီးများအပါအဝင် ၂၈ ဦးသေဆုံးခဲ့ရာ အဆိုပါ စစ်သုံ့ပန်းမိသားဝင်များမှာ အာရက္ခဒေသ စစ်ပွဲများအတွင်း ဖမ်းဆီးရမိထားသည့် စစ်ကောင်စီ၏ တပ်မိသားစုဝင်များဖြစ်ပြီး ၎င်းတို့ကို မကြာမီအချိန်တွင် အာရက္ခတပ်တော်မှ ပြန်လည်လွှတ်ပေးရန် စီစဉ်ထားရှိသူများဖြစ်ကြောင်း သိရှိရသည်။ 5
၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၄ ရက်တွင်လည်း ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ခွမ်းလုံကျေးရွာရှိ ကျောင်းနှင့်ဆေးရုံကို စစ်ကောင်စီက ဗုံးကြဲခဲ့ရာ ရဲအုပ်တဦး၊ ဒု-ရဲအုပ်သုံးဦး၊ တပ်ကြပ်ကြီးတစ်ဦး၊ တပ်ကြပ်တစ်ဦးနှင့် ရဲတပ်သားတစ်ဦး၏ဇနီး သေဆုံးခဲ့ပြီး အခြားရဲလေးဦး ဒဏ်ရာရရှိခဲ့သည်။ 6
လေကြောင်းတိုက်ခိုက်မှုကြောင့် စစ်သုံ့ပန်းများ ရာနှင့်ချီ သေဆုံးခဲ့
BNI-Myanmar Peace Monitor ၏ မှတ်တမ်းအရ ၂၀၂၄ စက်တင်ဘာလမှ ၂၀၂၅ ဇန်နဝါရီလ ၅ လအတွင်း စစ်သုံ့ပန်းများထားရှိသည့်နေရာကို စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်မှု ဖြစ်စဉ်ပေါင်း ၆ ခုကိုတွေ့ရှိရပြီး ထိုတိုက်ခိုက်မှုကြောင့် စစ်သုံ့ပန်းနှင့် မိသားစုဝင်များသေဆုံးမှု အရေအတွက် စုစုပေါင်း ၁၀၄ ကျော်ရှိသည်ကို တွေ့ရှိရသည်။ တိုက်ခိုက်မှုဖြစ်စဉ် ၆ ခုထဲတွင် ဖြစ်စဉ် ၃ ခုသည် ရခိုင်ပြည်နယ်တွင်တွေ့ရပြီး ကျန် ၃ ခုတွင် ရှမ်းမြောက် – မန္တလေး နယ်စပ်တွင် ၂ ခုနှင့် ချင်းပြည်နယ်တွင် တစ်ခုရှိကြောင်း တွေ့မြင်နိုင်သည်။
စစ်ကောင်စီတပ်သည် နိုင်ငံတစ်ဝှမ်းတွင် နယ်မြေဆုံးရှုံးမှု များပြားလာသည်နှင့်အမျှ အရပ်သားပြည်သူများနေသည့် နေရာများဖြစ်သော စာသင်ကျောင်းများ၊ ဆေးရုံဆေးခန်းများ၊ ဈေးများ၊ ဘာသာရေးအဆောက်အုံများ၊ စစ်ဘေးရှောင်စခန်းများနှင့် လူနေထူထပ်သောနေရာများအား ပစ်မှတ်ထားတိုက်ခိုက်မှုများ လုပ်ဆောင်လျက်ရှိသည်။
BNI- Myanmar Peace Monitor ၏ စုဆောင်းထားသော အချက်အလက်အရ ၂၀၂၁ စစ်အာဏာသိမ်းချိန်မှ ၂၀၂၅ ဖေဖော်ဝါရီလ ၁၁ ရက်နေ့အထိ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ သေဆုံးသူအရေအတွက် စုစုပေါင်း ၁၈၅၀ ကျော်ရှိသည်ကို တွေ့ရသည်။
၂၀၂၂ ခုနှစ်တွင် လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူသေဆုံးမှု ၁၈၅ ဦး၊ ၂၀၂၃ တွင် ၆၄၆ ဦးနှင့် ၂၀၂၄ တွင် ၁၀ဝ၁ ဦး စသဖြင့် တစ်နှစ်ထက်တစ်နှစ် ပိုမိုများပြားလာသည်ကိုလည်း တွေ့မြင်ရသည်။ 7
ထိုသို့ အရပ်သားပြည်သူများ ပစ်မှတ်ထားတိုက်ခိုက်မှုများလာသည့်အလျောက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များမှ ဖမ်းဆီးထားသည် စစ်သုံ့ပန်းများနှင့် ၎င်းတို့၏ မိသားစုဝင်များလည်း လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးမှုများ များပြားလာသည်ကို တွေ့မြင်နိုင်သည်။
သုံးသပ်တင်ပြချက်
စစ်ကောင်စီသည် စစ်သုံ့ပန်းများအပေါ် လေကြောင်းတိုက်ခိုက်မှုပြုလုပ်သည့် ဖြစ်စဉ် အများဆုံးသည် ရခိုင်ပြည်နယ်ထဲတွင်တွေ့ရှိရပြီး ၂၀၂၄ ခုနှစ်ထဲတွင် ရခိုင်ပြည်နယ်၌ မြို့သိမ်းတိုက်ပွဲများ များပြားလာသည့်အတွက် လေကြောင်းတိုက်ခိုက်မှုဖြစ်စဉ် များပြားလာကာ အရပ်သားပြည်သူများအပါအဝင် စစ်သုံ့ပန်းများပါ သေဆုံးမှုမြင့်မားလာသည်ကို သုံးသပ်နိုင်ပါသည်။
BNI-Myanmar Peace Monitor ၏ မှတ်တမ်းအရ ရခိုင်ပြည်နယ်တွင် ၂၀၂၁ စစ်အာဏာသိမ်းပြီးချိန်ကစပြီး လေကြောင်းတိုက်ခိုက်မှုဖြစ်စဉ်ပေါင်း ၃၇၉ ခုရှိရာ ထိုအထဲမှ ၈၈ ရာခိုင်နှုန်းကျော်သော ဖြစ်စဉ် ၃၃၆ ခုသည် ၂၀၂၄ ခုနှစ်အတွင်း တွေ့ရှိရသည်။
ထို့အပြင် ရခိုင်ပြည်နယ်တွင် ဖြစ်ပွားသည့် စစ်သုံ့ပန်းများအား ပစ်မှတ်ထားတိုက်ခိုက်မှုနှင့်ပါတ်သက်ပြီး AA ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက စစ်ကောင်စီသည် သူတို့ကျူးလွန်ထားသော စစ်ရာဇဝတ်မှုများကို ဖုံးကွယ်ရန်အတွက် သက်သေထွက်ဆိုနိုင်သည့် စစ်သုံ့ပန်းအရာရှိများကို ပစ်ခတ်တိုက်ခိုက်ခြင်းဖြစ်နိုင်ကြောင်း သုံးသပ်ထားသည်ကို တွေ့မြင်နိုင်သည်။ 8 ရခိုင် ပြည်နယ်တစ်ခုထဲတွင် စစ်သုံ့ပန်းစခန်းများအား ၅ လအတွင်း လေကြောင်းတိုက်ခိုက်မှုဖြစ်စဉ် ၃ ခု ပြုလုပ်ခြင်းကို ကြည့်ခြင်းအားဖြင့် စစ်ရာဇဝတ်မှုကို ဖုံးကွယ်ရန် သိသာထင်ရှားကြောင်း သုံးသပ်အပ်ပါသည်။
ထို့အပြင် မန္တလေး ပြည်သူ့ကာကွယ်ရေးတပ်မတော်၏ စစ်သုံ့ပန်းအချုပ်ဆောင်ကို အောက်တိုဘာလ ၂၈ ရက်နှင့် ၃၀ ရက်နေ့တို့တွင် နှစ်ခါတိုင်တိုင် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်သည်ကို ကြည့်ခြင်းအားဖြင့် စစ်ကောင်စီသည် စစ်သုံ့ပန်းများကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားတိုက်ခိုက်သည်ဟု ဆိုနိုင်ပါသည်။
မန္တလေးပြည်သူ့ကာကွယ်ရေးတပ်မတော်၏ စစ်သုံ့ပန်းအချုပ်ဆောင်ကို လေကြောင်းတိုက်ခိုက်မှုနဲ့ပါတ်သတ်ပြီး စစ်ဆင်ရေးများအတွင်း ဖမ်းဆီးရမိခဲ့သော စစ်သုံ့ပန်းများကို သုံ့ပန်းဥပဒေနှင့်အညီ ကောင်းမွန်စွာ ထိန်းသိမ်းထားရှိခဲ့သော်လည်း စစ်ကောင်စီသည် ၎င်းတို့၏ တပ်ဖွဲ့ဝင်ဟောင်းများကို ပစ်မှတ်ထား၍ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့သည်ဟု MDY (PDF) က ထုတ်ပြန်ထားသည်။ 9
အချုပ်ဆိုရသော် စစ်ကောင်စီသည် နယ်မြေဆုံးရှုံးမှုများလာသည်နှင့်အမျှ လေကြောင်းတိုက်ခိုက်မှုများကို အရပ်သားပြည်သူနှင့် စစ်သုံ့ပန်းများအား ခွဲခြားမှုမရှိဘဲ လုပ်ဆောင်နေသောကြောင့် တော်လှန်ရေးအင်အားစုများအနေဖြင့် သိမ်းပိုက်ထားသော နယ်မြေများတွင် လေကြောင်းရန်ကို အထူးသတိပြုရန်နှင့် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်လေ့ရှိသည့် ပုံစံများကို လေ့လာကာ လေကြောင်းကာကွယ်ရေးနည်းလမ်းများကို စနစ်တကျ ပြင်ဆင်ဆောင်ရွက်ရန်လိုအပ်သည်။ ထို့အပြင် စစ်သုံ့ပန်းများသည် စစ်ကောင်စီ၏ ရာဇဝတ်မှုကျူးလွန်မှုများကို ထွက်ဆိုနိုင်သော ခိုင်မာသည့် သက်သေများဖြစ်သည့်အလျောက် ဖမ်းဆီးထားသည့် စစ်သုံ့ပန်းများမှတဆင့် လိုအပ်သည့် သက်သေစုဆောင်းမှုများကို အချိန်မဆိုင်းဘဲ လုပ်ဆောင်ရန် အရေးကြီးကြောင်း သုံးသပ်တင်ပြအပ်ပါသည်။
1 ပေါက်တောကို လေတပ် ဗုံးကြဲ၊ သေဆုံးသူ ၁၇ ဦးထဲတွင် သုံ့ပန်းတချို့ ပါဝင်ဟုဆို၊ Myanmar Now၊ ၁၀ စက်တင်ဘာ ၂၀၂၄
2 စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် စစ်သုံ့ပန်းနှင့် အကျဉ်းသား ၅၀ ကျော် သေဆုံး Mizzima၊ ၁၀ စက်တင်ဘာ ၂၀၂၄
3 မန္တလေးပြည်သူ့တပ် စစ်သုံ့ပန်းအချုပ်ဆောင်ကို စစ်ကောင်စီ ဗုံးကြဲ Western News ၊ ၂၉ အောက်တိုဘာ ၂၀၂၄
4 မန္တလေး-PDF ၏ စစ်သုံ့ပန်းအချုပ်ဆောင်ကို စစ်ကောင်စီ လေကြောင်းဗုံးထပ်ကြဲ၊ ဗိုလ်မှူးအပါအဝင် (၄) ဦးသေဆုံး Shan News၊ 31 အောက်တိုဘာ ၂၀၂၄
5 စစ်သုံ့ပန်းများနှင့် မိသားစုများအားထားရှိသည့် ယာယီထိန်းသိမ်းရေး စခန်းအား စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကြဲ၍ ၂၈ ဦးသေပြီး ၂၅ ဦးဒဏ်ရာရ နိရဉ္စရာ၊ ၁၉ ဇန်နဝါရီ ၂၀၂၅
6 ဖလမ်းတွင် စစ်ကောင်စီတပ်ဗုံးကြဲမှု ရဲအရာရှိအပါအဝင် စစ်သုံ့ပန်း ၇ ဦး သေဆုံး Mizzima၊ ၆ ဇန်နဝါရီ ၂၀၂၅
7 Military Junta’s Airstrikes in Myanmar
8 AA ရဲ့ အကျဉ်းစခန်းကို စစ်ကောင်စီ ဗုံးကြဲ BBC၊ ၂၁ စက်တင်ဘာ ၂၀၂၄
9 မန္တလေးပြည်သူ့တပ် စစ်သုံ့ပန်းအချုပ်ဆောင်ကို စစ်ကောင်စီ ဗုံးကြဲ Western News ၊ ၂၉ အောက်တိုဘာ ၂၀၂၄