နိဒါန်း
စာသင်၊ စာအံနေကြသည့် ကျောင်းသူ၊ ကျောင်းသား (၂၀) ကျော်နှင့် ဆရာမ (၂) ဦး သေဆုံးခဲ့ရသည့် အိုးထိမ်းတွင်း ရွာစာသင်ကျောင်း ဗုံးကြဲခံရသော ဖြစ်စဉ်သည် စစ်အာဏာသိမ်းကာလအတွင်း ပထမဆုံးဖြစ်စဉ်မဟုတ်သကဲ့ သို့ နောက်ဆုံးဖြစ်စဉ်ဟုလည်း ဆိုနိုင်လိမ့်မည်မဟုတ်ပေ။ အာဏာသိမ်းစစ်အုပ်စု၏ လေကြောင်းမှတဆင့် ဗုံးကြဲတိုက်ခိုက်နေမှုအား မရပ်တန့်နိုင်သေးသရွေ့ မြန်မာနိုင်ငံတဝှမ်းလုံးရှိ စာသင်ကျောင်းများ၊ ဘာသာရေးကျောင်းများ၊ စစ်ရှောင်စခန်းနှင့် ဆေးရုံ၊ ဆေးပေးခန်းကအစ ကျေးရွာ၊ ရပ်ကွက်အဆုံး အားလုံးသည် စစ်အုပ်စု၏ လေကြောင်းပစ်မှတ်များ ဖြစ်လာနေပြီဖြစ်သည်။
ယခုတပတ် BNI-Myanmar Peace Monitor ၏ အပတ်စဉ်သတင်းသုံးသပ်ချက်တွင် အိုးထိမ်းတွင်းရွာ စာသင်ကျောင်း စစ်အုပ်စု၏ လေကြောင်းပစ်မှတ်ဖြစ်လာသည့် လွတ်မြောက်နယ်မြေမှ စာသင်ကျောင်းများအကြောင်းကို လက်လှမ်းမီသမျှ လေ့လာတင်ပြသွားပါမည်။
အိုးထိမ်းတွင်းရွာ စာသင်ကျောင်း ဗုံးကြဲခံရမှုဖြစ်စဉ်

၂၀၂၅ ခုနှစ် မေလ ၁၂ ရက်၊ နံနက် ၉ နာရီခွဲဝန်းကျင်တွင် စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ် အိုးထိမ်းတွင်းရွာ စာသင်ကျောင်းအား အာဏာသိမ်းစစ်ကောင်စီက လေကြောင်းမှတဆင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ စာသင်ကြားနေသည့် ကျောင်းသား၊ ကျောင်းသူ (၂၄) ဦးနှင့် ဆရာမ (၂) ဦး သေဆုံးခဲ့ရပြီး ကျေးရွာအတွင်းရှိ ဒေသခံပြည်သူ (၁၀၂) ဦးအထိ ထိခိုက်ဒဏ်ရာရရှိခဲ့ပါသည်။ အိမ်ခြေ (၃၀ဝ) ခန့်ရှိသော အိုးထိမ်းတွင်း (မြောက်) ရွာရှိ ဒေသခံပြည်သူ (၅၀ဝ) ခန့်သည် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရပါသည်။
အဆိုပါ ဗုံးကြဲခံရသည့် မေလ ၁၂ ရက်နေ့တွင်ပင် ကျောင်းသား၊ ကျောင်းသူ (၂၀) ဦးနှင့် ဆရာမ (၂) ဦး သေဆုံးခဲ့ရပြီး နောက်ဆက်တွဲအဖြစ် မေလ ၁၃ ရက်နေ့ ညပိုင်းတွင် ရှစ်နှစ်အရွယ် Grade – 2 ကျောင်းသား မောင်အောင်ဇေယျသေဆုံးခဲ့ရပါသည်။ မေလ ၁၄ ရက်နေ့ နံနက်ပိုင်းတွင်တော့ ၁၁ နှစ်အရွယ် Grade – 3 ကျောင်းသူ မပြည့်ပြည့် ထပ်မံသေဆုံးသွားခဲ့ခြင်းဖြစ်သည်။ 1
ဒေသခံများ၏ အဆိုအရတော့ အာဏာသိမ်းစစ်အုပ်စုသည် မေလ ၁၂ ရက်နေ့ မနက်ပိုင်း ဗုံးကြဲတိုက်ခိုက်မှုအပြီး ညပိုင်းတွင်လည်း လေကြောင်းမှတဆင့် ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု ဆိုပါသည်။ အာဏာသိမ်းစစ်အုပ်စုအနေဖြင့် ထပ်ဆင့်ပေါက်ကွဲစေသော ကလပ်စတာဗုံး (Cluster) အမျိုးအစားကို အသုံးပြုခဲ့သည်ဟုလည်း ဒေသခံများက ဆိုကြပါသည်။
အိုးထိမ်းတွင်းရွာ ဗုံးကြဲခံရအပြီး သွားရောက်အကူအညီပေးခဲ့သည့် ကလေးမြို့ နည်းပညာအထက်တန်းကျောင်းမှ အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) ပြုလုပ်ထားသူ ကထိက ဒေါ်ရတီအုန်းကတော့“လွတ်လာတဲ့ကလေးတွေကို ပြန်မေးကြည့်တဲ့အခါ… လေယာဉ် ငြိမ်သွားတဲ့အချိန် ဝင်ကြည့်တော့ သားတို့သူငယ်ချင်းက ခုံပေါ်မှာ မှောက်လျက်ကြီး။ အဲဒီအတိုင်းကြီး အသက်ထွက်နေတာ။ နောက်ပြီးတော့ စာသင်ခုံတွေကြားထဲမှာလည်း အလောင်းတွေရှိနေတော့ စာသင်ခုံတွေကို အရင်ဆုံး အပြင်ထုတ်လိုက်ရတာဆိုတော့ သူတို့ စာသင်နေရင်းကိုပင် ခံလိုက်ရတာ” ဟု ဧရာဝတီသတင်းဌာနနှင့် အင်တာဗျူးတွင် ဖြေဆိုထားပါသည်။ 2

အိုးထိမ်းတွင်း (မြောက်) ရွာ စာသင်ကျောင်း လေကြောင်းမှတဆင့် ဗုံးကြဲတိုက်ခိုက်မှုဖြစ်စဉ်သည် ၂၀၂၂ ခုနှစ် စက်တင်ဘာလ ၁၆ ရက်၊ လက်ယက္ကုန်းရွာ စာသင်ကျောင်း ဗုံးကြဲခံရမှုဖြစ်စဉ်ကို ပြန်လည်အမှတ်ရစေပြီး စာသင်ကျောင်းများအား ပစ်မှတ်ထားတိုက်ခိုက်သည့် အာဏာသိမ်းစစ်အုပ်စု၏ စက်ဆုတ်ဖွယ်လုပ်ရပ်အဖြစ် တွေ့မြင်ရခြင်းဖြစ်သည်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ရှိ မြိုင်မြို့နယ် ပညာရေးဘုတ်အဖွဲ့ကတော့ အိုးထိမ်းတွင်း (မြောက်) ရွာ စာသင်ကျောင်းဗုံးကြဲခံရမှုကို အကြောင်းပြုပြီး စစ်အုပ်စု၏ လေကြောင်းတိုက်ခိုက်မှုများမှ ရှောင်ရှားနိုင်ရန်အတွက် မြို့နယ်အတွင်းရှိ မြေပြင်ကျောင်းအားလုံးကို ယာယီပိတ်ထားရန် ၂၀၂၅ ခုနှစ် မေလ ၁၂ ရက်တွင် ကြေညာခဲ့ပါသည်။
လေကြောင်းပစ်မှတ်ဖြစ်လာသည့် စာသင်ကျောင်းများ
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် Global Coalition to protect Education from Attack (GCPEA) တို့မှ ထုတ်ပြန်သော အချက်အလက်များအရ ၂၀၂၅ ခုနှစ် မေလ ၁၂ ရက်အထိ စစ်အာဏာသိမ်းကာလအတွင်း စစ်အုပ်စု၏ ပစ်မှတ်ထားတိုက်ခိုက်ခံရသည့် စာသင်ကျောင်းပေါင်း (၃၃၃) ကျောင်းအထိရှိလာပြီး စစ်ကိုင်းတိုင်းအတွင်းရှိ စာသင်ကျောင်းများသည် အများဆုံး ပစ်မှတ်ထားတိုက်ခိုက်ခံရနေရသည်ဟု ဆိုပါသည်။ 3
စစ်ကိုင်းတိုင်းအတွင်း (၈၄) ကျောင်း၊ မကွေးတိုင်းအတွင်း (၃၈) ကျောင်း၊ မန္တလေးတိုင်းအတွင်း (၂၈) ကျောင်း၊ ချင်း ပြည်နယ်အတွင်း (၂၈) ကျောင်း၊ ရခိုင်ပြည်နယ်အတွင်း (၂၈) ကျောင်း၊ ရှမ်းပြည်နယ်အတွင်း (၂၅) ကျောင်း၊ ကရင်ပြည်နယ်အတွင်း (၂၁) ကျောင်း၊ ကချင်ပြည်နယ်အတွင်း (၂၀) ကျောင်း၊ ပဲခူးတိုင်းအတွင်း (၁၉) ကျောင်း၊ ကရင်နီ (ကယား) ပြည်နယ်အတွင်း (၁၇) ကျောင်း၊ မွန်ပြည်နယ်အတွင်း (၁၀) ကျောင်း၊ ရန်ကုန်တိုင်းအတွင်း (၆) ကျောင်း၊ ဧရာဝတီတိုင်းအတွင်း (၅) ကျောင်း၊ တနင်္သာရီတိုင်းအတွင်း (၄) ကျောင်း စသဖြင့် တိုင်းနှင့်ပြည်နယ် (၁၄) ခုစလုံးတွင် စာသင်ကျောင်း (၃၃၃) ကျောင်းကို ပုံစံမျိုးစုံဖြင့် တိုက်ခိုက်ဖျက်ဆီးခဲ့ခြင်းဖြစ်သည်။

၂၀၂၅ ခုနှစ် ဧပြီလ ၁၆ ရက်တွင်ထုတ်ပြန်သော NUG ၏ လေးနှစ်ပြည့် လုပ်ငန်းဆောင်ရွက်ချက် အစီရင်ခံစာအရ ၂၀၂၂ ခုနှစ်မှ ၂၀၂၄ ခုနှစ်အတွင်း မြန်မာနိုင်ငံတဝှမ်း အခြေခံပညာ မြေပြင်စာသင်ကျောင်းပေါင်း (၁၅,၅၀ဝ) အထိရှိနေကြောင်း သိရပါသည်။ ထို့အပြင် တိုင်းရင်းသားဒေသများတွင်လည်း ကျောင်းအရေအတွက် (၈၇၀) အထိရှိသည်ဟု ဆိုပါသည်။ 4
အာဏာသိမ်းစစ်အုပ်စု၏ လေကြောင်းပစ်မှတ်များဖြစ်လာသော NUG လက်အောက်ခံ မြေပြင်စာသင်ကျောင်းများအပါအဝင် တော်လှန်ရေးနယ်မြေနှင့် လွတ်မြောက်နယ်မြေများအတွင်းရှိ မြေပြင်စာသင်ကြောင်းများ၏ လုံခြုံရေးသည် အထူးစိုးရိမ်ဖွယ်ဖြစ်လာပါသည်။
အတိုင်အဖောက်မညီသည့် စစ်အုပ်စု၏ ဝါဒဖြန့်မှုများ
စစ်ကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ကတော့ အိုးထိမ်းတွင်း (မြောက်) ရွာ စာသင်ကျောင်း ဗုံးကြဲတိုက်ခိုက်ခံရမှုဖြစ်စဉ်သည် တရားမဝင် မီဒီယာများ၏ မဟုတ်မမှန် ရေးသားဖြန့်ဝေမှုများသာဖြစ်ပြီး ၎င်းတို့အနေဖြင့် စစ်ရေးပစ်မှတ်မဟုတ်သည့်နေရာများကို ဗုံးကြဲတိုက်ခိုက်မှုမရှိကြောင်း ထုတ်ပြန်ခဲ့ပါသည်။ တဖက်တွင်လည်း အာဏာသိမ်းစစ်အုပ်စုအား ထောက်ခံ ဝါဒဖြန့် သတင်းထုတ်လုပ်သူများကမူ တော်လှန်ရေးတပ်ဖွဲ့ဝင်များက အဆိုပါကျောင်းအတွင်း ဗုံးသီးများထုတ်ပြီး မြို့ပေါ်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များအား တိုက်ခိုက်ရန် ခြေကုတ်ယူနေခြင်းကြောင့် လေကြောင်းမှတဆင့် ဗုံးကြဲတိုက်ခိုက်ရှင်းလင်းခြင်းဖြစ်ကြောင်း ဆိုကြသည်။ 5
အာဏာသိမ်းစစ်ကောင်စီသည် လက်ယက္ကုန်းရွာ စာသင်ကျောင်းအား လေကြောင်းမှတဆင့် ဗုံးကြဲတိုက်ခိုက်မှုဖြစ်စဉ်တွင်လည်း ဒေသခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (PDF) များနှင့် ကချင်လွတ်လပ်ရေးတပ် (KIA) များရှိသည်ဟု သတင်းရရှိခြင်းကြောင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဝန်ခံခဲ့ဖူးသည်။ 6
CJ Platform ၏ Factcheck သတင်းရအမူ ဒီပဲယင်းမြို့နယ်ရှိ အိုးထိမ်းတွင်းရွာကို စစ်ကောင်စီက မေလ ၁၂ ရက် နံနက် ၉ နာရီ ၃၇ မိနစ်ဝန်းကျင်တွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်းကို အတည်ပြုနိုင်ခဲ့ပြီး စစ်ကောင်စီ လော်ဘီချန်နယ်များက ဖော်ပြနေသည့် အိုးထိမ်းတွင်းရွာ စာသင်ကျောင်းတွင် PDF များ၏ လက်လုပ်ဗုံးပေါက်ကွဲမှုဖြစ်စဉ် ဆိုသည့်အချက်သည် သတင်းအမှားသာဖြစ်ကြောင်း တွေ့ရှိရပါသည်။ 7
သုံးသပ်တင်ပြချက်
လေးနှစ်ကျော် ကြာမြင့်လာသည့် စစ်အာဏာသိမ်းကာလတလျှောက် လေကြောင်းမှတဆင့် ဗုံးကြဲတိုက်ခိုက်မှုများအပါအဝင် အာဏာသိမ်းစစ်အုပ်စု၏ အရပ်သားပြည်သူများအပေါ် ပစ်မှတ်ထားတိုက်ခိုက်မှုများ၊ တော်လှန်ရေးအင်အားစုများအပေါ် အင်အားသုံးဖိနှိပ်ဖြိုခွင်းမှုများကို ပြန်ပြောင်းအောက်မေ့ကြည့်လိုက်ပါ။ အာဏာသိမ်းစစ်အုပ်စု၏ ဝန်ခံသော၊ တာဝန်ယူတာဝန်ခံသော လုပ်ရပ်များကို တွေ့မိခဲ့ပါသလားဟု မေးခွန်းထုတ်နိုင်ပါသည်။
လက်နက်မဲ့ ဆန္ဒဖော်ထုတ်ခဲ့ကြသည့် နေပြည်တော်ဆန္ဒပြပွဲအတွင်း ဦးခေါင်းတည့်တည့်ကို ကျည်အစစ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခံခဲ့ရသည့် မမြသွဲ့သွဲ့ခိုင် သေဆုံးမှုကအစ ကနီမြို့နယ် ပဇီကြီးဖြစ်စဉ်၊ ကချင်ပြည်နယ် အနန့်ပါဖြစ်စဉ်၊ မုန်လိုင်ခတ်စစ်ရှောင်စခန်းဖြစ်စဉ်အပါအဝင် အရပ်သားပြည်သူများ အစုလိုက်အပြုံလိုက် သေဆုံးစေခဲ့ရသည့် လေကြောင်းမှတဆင့် ဗုံးကြဲတိုက်ခိုက်မှုဖြစ်စဉ်အားလုံးတွင် စစ်အုပ်စုအနေဖြင့် တာဝန်ယူဖြေရှင်းရန် ပျက်ကွက်နေဆဲဖြစ်ပါသည်။
အာဏာသိမ်းစစ်အုပ်စုသည် ၎င်းတို့ ထိန်းချုပ်နိုင်ခြင်းမရှိတော့သည့် တော်လှန်ရေးအင်အားစုများ၏ ထိန်းချုပ်နယ်မြေနှင့် လှုပ်ရှားရာနယ်မြေများအတွင်းရှိ လသားအရွယ် ကလေးငယ်မှအစ သက်ကြီးရွယ်အိုအဆုံး ပြည်သူပြည်သားအားလုံးကို တော်လှန်ရေးအင်အားစုများကို ထောက်ခံအားပေးသူများအဖြစ် မှတ်ယူထားသည့်သဘောမျိုး စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကိုယ်တိုင် ပြောဆိုထားပါသည်။
စစ်အုပ်စု ထိန်းချုပ်နိုင်ခြင်းမရှိတော့သည့် တော်လှန်ရေးအင်အားစုများ၏ ထိန်းချုပ်နယ်မြေနှင့် လှုပ်ရှားရာနယ်မြေများအတွင်းရှိ စာသင်ကျောင်း၊ ဘာသာရေးအဆောက်အအုံ၊ ဆေးရုံ ဆေးပေးခန်းနှင့် စစ်ဘေးရှောင်စခန်း အပါအဝင် ကျေးရွာ၊ ရပ်ကွက်အားလုံးသည် စစ်ကောင်စီတပ်၏ လေကြောင်းပစ်မှတ်များ ဖြစ်လာနိုင်ကြောင်းကိုလည်း မျက်မြင်တွေ့ရှိထားရပြီမဟုတ်ပါလား။
ထို့ကြောင့် မြန်မာပြည်သူလူထု၏ အသက်များ၊ ဘဝများကို လုံခြုံစေဖို့အတွက် နိုင်ငံတကာအသိုင်းအဝိုင်း၏ အပစ်အခတ်ရပ်စဲရေး တိုက်တွန်းတောင်းဆိုချက်များသည် မလုံလောက်တော့ပါ။ အာဏာသိမ်းစစ်အုပ်စု၏ လေကြောင်းမှတဆင့် ဗုံးကြဲတိုက်ခိုက်မှုများကို ရပ်တန့်နိုင်ရေး ဖိအားပေးနိုင်မှသာ မြန်မာပြည်သူလူထု၏ သက်ရှင်ရပ်တည်ရေးအတွက် အထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း တင်ပြအပ်ပါသည်။
1 စာသင်ကျောင်းဗုံးကြဲခံရမှုအတွင်း ဒဏ်ရာရကျောင်းသားတွေထဲက ၈နှစ်နဲ့ ၁၁နှစ် ကလေးနှစ်ဦး ထပ်မံသေဆုံး၊ BVJ ၊ ၁၄ မေ ၂၀၂၅
2 မျက်ရည်ကျရုံကလွဲလို့ ဘာမှမတတ် နိုင်ဘူး၊ ဧရာဝတီ၊ ၁၄ မေ ၂၀၂၅
3 စစ်တပ် ပစ်မှတ်ထားတိုက်ခိုက်ခဲ့သည့် စာသင်ကျောင်းပေါင်း ၃၃၃ ကျောင်းအထိ ရှိခဲ့၊ DVB၊ ၁၄ မေ ၂၀၂၅
4 လေးနှစ်ပြည့်လုပ်ငန်းဆောင်ရွက်ချက်အစီရင်ခံစာထုတ်ပြန်ခြင်း၊ NUG ၊ ၁၆ ဧပြီ ၂၀၂၅
5 အိုးထိမ်းတွင်းရွာဖြစ်စဉ် စစ်တပ်လက်ချက်ဖြစ်ကြောင်း တပ်မတော်ထောက်ခံသူတွေပြော၊ Ayeyarwaddy Times ၊ ၁၃ မေ ၂၀၂၅
6 လက်ယက္ကုန်းက ဖြစ်ရပ်ဆိုး၊ BNI-MPM၊ Weekly News Reviews , Issue – 72
7 အိုးထိမ်းတွင်းရွာ စာသင်ကျောင်းကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ပြီးနောက် ကျောင်းထဲမှာ PDF တွေ လက်လုပ်ဗုံးလုပ်ရင်း ပေါက်ကွဲတာလို့ သတင်းအမှားဖြန့်၊ CJ Platform ၊ ၁၂ မေ ၂၀၂၅