နိဒါန်း
စစ်အာဏာသိမ်းကာလ (၄) နှစ်တာအတွင်း ၂၀၂၄ ခုနှစ်သည် မြန်မာနိုင်ငံတဝှမ်း စစ်ရေးပဋိပက္ခအကျယ်ပြန့်ဆုံးနှင့် အပြင်းထန်ဆုံးနှစ်ဖြစ်ခဲ့ပြီး ကလေးသူငယ်နှင့် အမျိုးသမီးအပါအဝင် အရပ်သားပြည်သူ သေဆုံးမှုအများဆုံးနှစ်တစ်နှစ်လည်း ဖြစ်ခဲ့သည်။
ခုခံတော်လှန်စစ် အရှိန်အဟုန်မြှင့်တက်လာသည်နှင့်အမျှ စစ်မက်ဖြစ်ပွားရာ နယ်မြေဧရိယာလည်း ကျယ်ပြန့်လာတာကြောင့် စစ်ပွဲပဋိပက္ခအတွင်း ထိခိုက်သေဆုံးသူ အရပ်သားပြည်သူများတွင် အကာအကွယ်ရရှိမှု နည်းပါးသည့် ကလေးများနှင့် အမျိုးသမီးများ အများစု ပါဝင်နေသည်ကို တွေ့ရှိရပါသည်။
ယခုတပတ် BNI-Myanmar Peace Monitor ၏ အပတ်စဉ်သတင်းသုံးသပ်တင်ပြချက်တွင် ၂၀၂၄ ခုနှစ်အတွင်း တွေ့ရှိခဲ့ရသည့် ကလေးသူငယ်များ၊ အမျိုးသမီးများအပါအဝင် အရပ်သားပြည်သူသေဆုံးမှုအခြေအနေများကို ဖြစ်စဉ်ဖြစ်ရပ်များ၊ အချက်အလက်များ အခြေ ပြုကာ လက်လှမ်းမီသမျှ လေ့လာတင်ပြသွားပါမည်။
2024 သို့မဟုတ် ကလေးများအတွက် စိုးရိမ်ဖွယ်နှစ်
စစ်အာဏာသိမ်းကာလ ၄ နှစ်တာအတွင်း စစ်ကောင်စီတပ်လက်ချက်ကြောင့် အသက်ဆုံးရှုံးရသည့် အရပ်သားပြည်သူ ၆၂၃၁ ဦးရှိပြီး အမျိုးသမီး ၁၁၄၄ ဦးနှင့် ကလေး ၇၀၉ ဦး ပါဝင်ကြောင်း ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံး (OHCHR) ပြောခွင့်ရသူ Jeremy Laurence က ဆိုပါသည်။
၂၀၂၄ ခုနှစ်တစ်နှစ်တည်းတွင် တွေ့ရှိခဲ့ရသည့် အရပ်သားပြည်သူ ၁၈၂၄ ဦး သေဆုံးခဲ့မှုအထဲ အမျိုးသမီး ၅၃၁ ဦးနှင့် ကလေး ၂၄၈ ဦး ပါဝင်ခဲ့ပြီး ၂၀၂၃ ခုနှစ်အတွင်း တွေ့ရှိခဲ့ရသည့် အရပ်သားပြည်သူသေဆုံးမှု (၁၆၃၉ ဦး) ထက် သေဆုံးသူအရေအတွက် ပိုမိုများပြားလာခဲ့ကြောင်း နိုင်ငံရေးအကျဉ်းသားဟောင်းများ ကူညီစောင့်ရှောင်ရေးအဖွဲ့ (AAPP) ၏ စာရင်းကို ကိုးကားကာ Jeremy Laurence က ပြောသည်။ 1
ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့ (UNICEF) ကလည်း ၎င်းတို့၏ မှတ်တမ်းအရ မြန်မာနိုင်ငံတဝှမ်း စစ်ရေးပဋိပက္ခဖြစ်စဉ်များကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေကြရသူ ၃ ဒသမ ၅ သန်းအနက် ၃၃ ရာခိုင်နှုန်း (၁ ဒသမ ၁၅ သန်း) သည် ကလေးသူငယ်များဖြစ်နေပြီး ၂၀၂၄ ခုနှစ် တစ်နှစ်တည်းတွင် သေဆုံးဒဏ်ရာရရှိခဲ့သည့် ကလေးသူငယ်ပေါင်း (၇၅၀) ကျော်ရှိသည်ဟု ဆိုပါသည်။ ထိုအချက်အလက်အရ မြန်မာနိုင်ငံတဝှမ်းလုံးတွင် တစ်ရက်လျှင် ၂ ဦးထက်ပိုသော ကလေးများသည် သေဆုံးခြင်း၊ ဒဏ်ရာရရှိခြင်းတို့ကို ရင်ဆိုင်ကြုံတွေ့နေရကြောင်း UNICEF က ထုတ်ပြန်ပြောဆိုပါသည်။ 2

စစ်ကိုင်းတိုင်း ကလေးမြို့နယ်အတွင်းရှိ ကုက္ကိုလ်ရွာ စစ်ဘေးရှောင်ဒုက္ခသည်စခန်းအား ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်တွင် စစ်ကောင်စီတပ်က လေကြောင်းမှတဆင့် ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် ကလေးသူငယ်နှင့် အမျိုးသမီးအပါအဝင် အရပ်သားပြည်သူ (၁၁) ဦးသေဆုံးခဲ့ရပြီး (၁၅) ဦး ဒဏ်ရာပြင်းထန်စွာရရှိခဲ့ပါသည်။ သေဆုံးသူများထဲတွင် အသက်မပြည့်သေးသည့် ကလေးသူငယ် (၄) ဦး၊ ကလေးမိခင် (၃) ဦး၊ ကိုယ်ဝန်ဆောင်အမျိုးသမီး (၁) ဦးနှင့် အမျိုးသမီးကြီး (၁) ဦးတို့ကိုသာ ကနဦးအတည်ပြုနိုင်သေးပြီး ဒဏ်ရာရရှိသူများထဲတွင်တော့ အမျိုးသမီး (၇) ဦး၊ အမျိုးသား (၈) ဦးပါဝင်ကြောင်း သိရပါသည်။ 3
စစ်အာဏာသိမ်းကာလအစ ၂၀၂၁ ခုနှစ်မှ ၂၀၂၃ ခုနှစ် နှစ်ကုန်ပိုင်းအထိ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ စာရင်းအရလည်း စစ်ရေးပဋိပက္ခဖြစ်စဉ်များအတွင်း မြန်မာနိုင်ငံတဝှမ်း ကလေးသူငယ် (၅၆၀) ကျော် သေဆုံးခဲ့ရပြီး စစ်ကောင်စီတပ်၏ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုဖြစ်စဉ်များနှင့် လေကြောင်းတိုက်ခိုက်မှုဖြစ်စဉ်များကြောင့် အစုလိုက်အပြုံလိုက် သေဆုံးမှုဖြစ်စဉ်များအတွင်း ကလေးသူငယ်သေဆုံးမှု အများဆုံးပါဝင်နေသည်ဟု ဆိုပါသည်။ 4
လက်နက်ကိုင် ပဋိပက္ခအတွင်း အမျိုးသမီးသေဆုံးမှု မြင့်တက်လာ
မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU) ၏ ဇန်နဝါရီ ၂၀ ရက် ထုတ်ပြန်ချက်အရ ၂၀၂၄ ခုနှစ်အတွင်း မြန်မာနိုင်ငံတွင် လက်နက်ကိုင်ပဋိပက္ခကြောင့် အမျိုးသမီး ၄၇၈ ဦး သေဆုံးခဲ့သည်ဟု ဆိုသည်။ ယခုထုတ်ပြန်ချက်က အချက်အလက်များသည် တိကျခိုင်လုံသော သတင်းမီဒီယာအချက်အလက်များနှင့် မြေပြင်မှရရှိသည့် အချက်အလက်များကို စုဆောင်းမှတ်တမ်းတင်ထားခြင်းဖြစ်သည်ဟု BWU က ဆိုသည်။
သေဆုံးခဲ့သည့် အမျိုးသမီး ၄၇၈ ဦးတွင် စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုနှင့် အရပ်သားနေထိုင်သည့်နေရာတို့ကို လေကြောင်းပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် သေဆုံးသူ ၃၉၉ ဦးရှိပြီး၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုကြောင့် ၆ ဦး၊ မတရားသတ်ဖြတ်မှုကြောင့် ၆၆ ဦး၊ မြေမြှုပ်မိုင်းကြောင့် ၇ ဦး သေဆုံးခဲ့ရပြီး ကိုးကန့်တပ် MNDAA က အမျိုးသမီး ၁ ဦးကို သေဒဏ်ပေးခဲ့မှုတို့ဖြစ်သည်ဟု BWU က ဆိုသည်။
BWU က ကောက်ယူထားသည့် အချက်အလက်အရ သေဆုံးခဲ့ရသည့် အမျိုးသမီးများမှာ စစ်ကိုင်းတိုင်းမှ ၁၀၉ ဦး၊ ရှမ်းပြည်နယ်မှ ၉၂ ဦး၊ ရခိုင်ပြည်နယ်မှ ၈၃ ဦးနှင့် မန္တလေးတိုင်းမှ ၆၇ ဦး ကချင်ပြည်နယ်မှ ၈ ဦးတို့ဖြစ်ပြီး ၂၀၂၄ ခုနှစ်အတွင်း စစ်ကိုင်းတိုင်းသည် အမျိုးသမီးသေဆုံးမှု အများဆုံးဒေသတခုဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
ယင်းအပြင် ၂၀၂၄ ခုနှစ်အတွင်း အမျိုးသမီး ၄၁၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြပြီး လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီး ပစ်ခတ်ခံရမှုကြောင့် ထိခိုက်မှုအများဆုံးဖြစ်ကြောင်း BWU က ဆိုသည်။ BWU ၏ ထုတ်ပြန်ချက်အရ ၂၀၂၃ ခုနှစ်တွင် အမျိုးသမီး ၃၉၂ ဦး သေဆုံးခဲ့ပြီး ၂၀၂၄ ခုနှစ်တွင် ၄၇၈ ဦး သေဆုံးခဲ့တာကြောင့် ၁၀ဝ နီးပါး မြင့်တက်လာသည်ဟု ဆိုသည်။ 5
လက်ရှိ ၂၀၂၅ ခုနှစ် ဇန်နဝါရီလ တစ်လတည်းမှာပင် စစ်ကောင်စီတပ်၏ လေကြောင်း၊ လက်နက်ကြီးနှင့် မြေမြှုပ်မိုင်းများကြောင့် နိုင်ငံတစ်ဝန်းက အမျိုးသမီး ၈၆ ဦး သေဆုံးခဲ့ပြီး ၇၇ ဦး ထိခိုက်ဒဏ်ရာရခဲ့သည်ဟု မြန်မာအမျိုးသမီးများသမဂ္ဂ (BWU) က ဖေဖော်ဝါရီ ၇ ရက်နေ့တွင် ထုတ်ပြန်သည်။ BWU ၏ ထုတ်ပြန်ချက်၌ လေကြောင်းတိုက်ခိုက်ခံရပြီး သေဆုံးသူ ၇၃ ဦး၊ လက်နက်ကြီးပစ်ခတ်တာကြောင့် သေဆုံးသူ ၁၂ ဦးနှင့် မြေမြှုပ်မိုင်းကြောင့်သေဆုံးသူ စုစုပေါင်း ၈၆ ယောက် ပါဝင်သည်ဟု ဖော်ပြထားသည်။
မြန်မာအမျိုးသမီးသမဂ္ဂ (BWU) မူဝါဒရေးရာဦးဆောင်မှုအဖွဲ့ဝင် ဒေါ်တင်တင်ညိုက “ စစ်ဘေးရှောင်စခန်းတွေကအစ ပစ်မှတ်ထားတယ်။ ဘာသာရေးအဆောက်အအုံတွေ၊ ကျောင်းတွေလိုမျိုးတွေ၊ ဒါတွေက အများပြည်သူတွေရဲ့ အေးချမ်းစွာ စုဝေးခွင့်နေထိုင်တဲ့နေရာတွေ ဒီလိုနေရာမျိုးတွေကိုလည်း ပစ်မှတ်ထားပြီးတော့ ပစ်ခတ်မှုတွေရှိလို့ ဆေးရုံဆေးခန်းမကျန် ပစ်ခတ်တဲ့အနေအထားတွေ၊ ဗုံးကြဲတိုက်ခိုက်တဲ့ အနေအထားတွေ တွေ့ရတာဖြစ်တယ်။ ဇန်ဝါရီလမှာတောင် သေဆုံးမှုက ရာနဲ့ချီဖြစ်လာပြီဆိုလို့ရှိရင် ၂၀၂၅ တစ်နှစ်မှာ ဒီလိုအနေထားကို ကျွန်မတို့အားလုံးက အမြန်တားဆီးကာကွယ်နိုင်တဲ့ အနေအထား မဖြစ်ဘူးဆိုရင် ပိုပြီးအသက်ဆုံးရှုံးမှုတွေ၊ ထိခိုက်ဒဏ်ရာရမှုတွေ ပျက်စီးဆုံးရှုံးမှုတွေရှိလာနိုင်တယ်” ဟု ပြောသည်။ 6
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)က ကောက်ယူမှတ်တမ်းတင် ဖေါ်ပြထားသော အချက်အလက်များအရ စစ်အာဏာသိမ်းချိန် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့မှ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၃၁ ရက်နေ့အထိ မြန်မာနိုင်ငံတွင် စစ်ကောင်စီကြောင့် သေဆုံးခဲ့ရသည့် အရပ်သား ၆,၂၃၉ ဦးကို အတည်ပြုနိုင်ခဲ့ရာတွင် သေဆုံးသူများတွင် အမျိုးသမီး ၁,၃၉၇ ဦးနှင့် ကလေးငယ် ၇၁၄ ဦး ပါဝင်သည်ဟု ဆိုသည်။
၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၁၅ ရက်နေ့က ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းက စစ်ရှောင်စခန်းတစ်နေရာကို စစ်ကောင်စီက လေကြောင်းနှင့် ဗုံးကြဲတိုက်ခိုက်တာကြောင့် အရပ်သားပြည်သူ ၃ ဦး သေဆုံးခဲ့ပြီး ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံအမျိုးသားတဦးက ပြောသည်။ “မိသားစုတစ်စုထဲကိုပဲ ၂ ဦး ပွဲချင်းပြီးပဲ၊ အမျိုးသမီးတစ်ဦးနဲ့ အမျိုးသားတစ်ဦးပေါ့နော်။ မောင်နှမတွေ ဖြစ်ကြတယ်။ ပြီးတော့ သူ့အမေကတော့ မျက်နှာမှာ ဒဏ်ရာရတယ်။ အသက်အန္တရာယ်ကတော့ စိုးရိမ်စရာမရှိဘူး” ဟု သူက ဆိုပါသည်။ 7
ယခု ၂၀၂၅ ခုနှစ် ဇန်နဝါရီလဆန်းပိုင်းမှာပင် စစ်ကောင်စီတပ်သည် ကရင်နီ (ကယား) ပြည် လွိုင်ကော်၊ ဒီးမော့ဆို မြို့နယ်နှင့် ရှမ်း – ကရင်နီ နယ်စပ်က ဖယ်ခုံအနောက်ခြမ်းကို ၁၁ ကြိမ်ထက်မနည်း လေကြောင်းနှင့် ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံပြည်သူများကြား စိုးရိမ်ထိတ်လန့်နေကြသည်။
သုံးသပ်တင်ပြချက်
အာဏာသိမ်းစစ်ကောင်စီသည် အာဏာစသိမ်းကတည်းကနေ ယနေ့ထိတိုင် လူ့အခွင့်အရေးအချိုးဖောက်မှု၊ အရပ်သားပြည်သူတို့ကို ပစ်မှတ်ထားတိုက်ခိုက်မှုကို ပြောင်ပြောင်တင်းတင်း လုပ်ဆောင်နေပြီး တစ်နှစ်ထက်တစ်နှစ် ပိုမိုရက်စက် ဆိုးရွားသည့်လုပ်ရပ်တို့ကို ဦးတည်လုပ်ဆောင်လျက် ရှိနေသည်။
စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေး၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးသို့ ဦးတည်လျောက်လှမ်းနေသည့် တော်လှန်ရေးအင်အားစုများ၏ ခုခံတော်လှန်စစ်သည် အာဏာသိမ်းစစ်အုပ်စုအား တော်လှန်ထိုးစစ်များအသွင် ပြောင်းလဲလာခဲ့ပြီး စစ်ရေးအောင်မြင်မှုများ၊ နယ်မြေစိုးမိုးထိန်းချုပ်နိုင်မှုများလည်း ပိုမိုကျယ်ပြန့်လာခဲ့ပြီဖြစ်သည်။ တဖက်တွင်တော့ အာဏာသိမ်းစစ်အုပ်စုသည် စစ်ရေး၊ နိုင်ငံရေးနှင့် နယ်မြေစိုးမိုးနိုင်စွမ်းကအစ ဘက်ပေါင်းစုံမှ ရှုံးနိမ့်လာခဲ့သည်ကို တွေ့ရသည်။
အာဏာသိမ်းစစ်ကောင်စီသည် ၎င်းတို့လက်လွှတ်ဆုံးရှုံးခဲ့ရသည့် နယ်မြေများအတွင်း အရပ်သားပြည်သူများနေထိုင်ရာ ကျေးရွာများသို့ အဝေးမှ လက်နက်ကြီးများ ပစ်ခတ်ခြင်း၊ မြေပြင်စစ်ကြောင်းထိုးကာ ကျေးရွာများအား မီးရှို့ဖျက်ဆီးခြင်းအပြင် လေကြောင်းမှတဆင့် ဗုံးကြဲတိုက်ခိုက်မှုများကိုပါ နေ့စဉ်ရက်ဆက် တရားလက်လွှတ် ကျူးလွန်လျက်ရှိပါသည်။
ထို့ကြောင့် စစ်ကောင်စီတပ်များ၏ လက်နက်ကြီးနှင့်ပစ်ခတ်ခြင်း၊ လေကြောင်းမှတဆင့် ဗုံးကြဲတိုက်ခိုက်ခြင်းအပါအဝင် မြန်မာနိုင်ငံတဝှမ်း စစ်ရေးပဋိပက္ခဖြစ်စဉ်များအတွင်း သန်းနှင့်ချီသော နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရသူများအပါအဝင် အပစ်မဲ့သေဆုံးခဲ့ကြရသည့် ကလေးသူငယ်များ၊ အမျိုးသမီးများအပါအဝင် အရပ်သားပြည်သူများအတွက် တရားမျှတမှုရရှိရေးသည် တော်လှန်ရေးအင်အားစုများအတွက် မဖြစ်မနေ ရှာဖွေကြရမည့် လုပ်ငန်းစဉ်တရပ် ဖြစ်လာနေကြောင်း သုံးသပ်တင်ပြအပ်ပါသည်။
1 လေးနှစ်အတွင်း မြန်မာစစ်တပ်ကြောင့် သေဆုံးသူ ခြောက်ထောင်ကျော်ရှိကြောင်း ကုလပြော၊ RFA, 5 ဖေဖော်ဝါရီ 2025
2 Hundreds of children killed or injured in Myanmar in 2024: UNICEF, By bno – Bangkok bureau January 10, 2025
3 ကလေးမြို့နယ်က ဒုက္ခသည်စခန်း လေကြောင်းတိုက်ခိုက်ခံရမှု သေဆုံးသူ ၁၁ ဦးရှိလာ၊ RFA၊ 2 ဖေဖော်ဝါရီ 2025
4 စစ်အာဏာသိမ်းပြီးနောက် ၂ဝ၂၃ ဒီဇင်ဘာအထိ သေဆုံးသူကလေး ၅၆၀ ကျော်ရှိလာ၊ RFA၊ 1 ဇန်နဝါရီ 2024
5 ၂၀၂၄ ခုနှစ်တွင် လက်နက်ကိုင်ပဋိပက္ခကြောင့် အမျိုးသမီး ၄၇၈ ဉီးသေဆုံးပြီး ယမန်နှစ်ကထက် ၁၀ဝ နီးပါးမြင့်တက်၊ Mizzima၊ 20 January 2025
6 စစ်ကောင်စီ လေကြောင်းနဲ့ လက်နက်ကြီးကြောင့် ဇန်နဝါရီတစ်လအတွင်း အမျိုးသမီး ရှစ်ဆယ်ကျော်သေဆုံး, RFA, 7 ဖေဖော်ဝါရီ 2025
7 ဒီးမော့ဆို စစ်ရှောင်စခန်းတစ်နေရာကို စစ်ကောင်စီ ဗုံးကြဲ၊ အရပ်သား ၃ ဦးသေဆုံး၊ ကန္တာရဝတီတိုင်း(မ်)၊ 15 ဇန်နဝါရီ 2025