27 ဇွန် 2025 /

See today's Peace Related News

သတင်းသုံးသပ်ချက်စစ်အာဏာသိမ်းကာလအတွင်း ဘက်မလိုက်မူဝါဒနှင့် 'ဝ' တပ်၏ ခြေလှမ်းများ

စစ်အာဏာသိမ်းကာလအတွင်း ဘက်မလိုက်မူဝါဒနှင့် ‘ဝ’ တပ်၏ ခြေလှမ်းများ

နိဒါန်း

စစ်အာဏာသိမ်းကာလအတွင်း ၎င်းတို့၏ သမိုင်းအတွေ့အကြုံနှင့် သင်ခန်းစာများကို အခြေပြုကာ “ဝ” ပြည်နယ်အတွင်းရှိ တိုင်းရင်းသားပေါင်းစုံ၏ အကျိုးစီးပွားအတွက် စဉ်းစားပြီး မည်သည့်အဖွဲ့အစည်း၏ စစ်ရေးပဋိပက္ခတွင်မျှ ပါဝင်ပတ်သက်မှုမပြုခြင်း၊ စစ်မီးမမွေးခြင်းဆိုသည့် ဘက်မလိုက်မူဝါဒကို ဆုံးဖြတ်အတည်ပြုထားကြောင်း “ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီက ၂၀၂၄ ခုနှစ် ဇူလိုင်လ ၂၉ ရက်တွင် သဘောထားထုတ်ပြန်ခဲ့သည်။ ယင်းရပ်တည်ချက်သည် မည်သည့်အချိန်ကာလ၊ မည်သည့်အခြေအနေတွင်ဖြစ်စေ ပြောင်းလဲသွားမည်မဟုတ်ဟုလည်း ဆိုထားပါသည်။

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီအနေဖြင့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်သော စစ်အာဏာသိမ်းမှုကို လူသိရှင်ကြား ကန့်ကွက်ခြင်းမပြုသကဲ့သို့ ထောက်ခံကြိုဆိုကြောင်းကိုလည်း တရားဝင်ထုတ်ဖော်ပြောဆိုခြင်းမျိုး မရှိခဲ့ဟု ဆိုရမည်ဖြစ်သည်။ အာဏာသိမ်းစစ်ကောင်စီနှင့် အလွတ်သဘော တွေ့ဆုံဆွေးနွေးမှုများရှိခဲ့သလို တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအစုအဖွဲ့များနှင့်လည်း တွေ့ဆုံဆွေးနွေးမှုများ ရှိခဲ့ပါသည်။ ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၂၇ ရက်တွင် စတင်သော “၁၀၂၇ စစ်ဆင်ရေး” အလွန်တွင်မူ “ဝ” ပြည် သွေးစည်းညီညွတ်ရေးပါတီ (UWSP) နှင့် “ဝ” ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) တို့၏ ခြေလှမ်းများကို နွေဦးတော်လှန်‌ရေးအဝန်းအဝိုင်းအတွင်း ခပ်စိပ်စိပ် တွေ့ရှိလာရပါသည်။

ယခုတပတ် BNI – Myanmar Peace Monitor ၏ အပတ်စဉ်သတင်းသုံးသပ်ချက်တွင် ဘက်မလိုက်မူဝါဒဖြင့် ရပ်တည်နေသော “ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ/ “ဝ” ပြည် သွေးစည်းညီညွတ်ရေးတပ်မတော် (UWSP/UWSA) ၏ ခြေလှမ်းများကို အချက်အလက်၊ အဖြစ်အပျက်များကို အခြေပြုကာ ချဉ်းကပ်တင်ပြသွားပါမည်။

UWSP ၏ သဘောထား

မြန်မာနိုင်ငံအတွင်း စစ်ရေးပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေပါက လူမှုရေးမျိုးနွယ်စုများအကြား အကွဲအပြဲ ပိုမိုနက်ရှိုင်းပြီး အချင်းချင်းရန်ငြိုးလည်း ပိုမိုမြင့်တက်ကာ စစ်ရေးပဋိပက္ခထက် ပိုမိုရှည်ကြာသော ကုသရန်ခက်ခဲသည့် စိတ်ပိုင်းဆိုင်ရာထိခိုက်မှုများ ဖြစ်ပေါ်လာနိုင်သည်ဟု UWSP က ရှုမြင်သည်။

ပဋိပက္ခဖြစ်ပွားနေကြသူများအနေဖြင့် တဖက်တွင် ပြည်သူလူထုကိုယ်စားပြုကြောင်း ကြေညာပြီး အခြားတဖက်တွင် ပြည်သူလူထုလိုလားသော ငြိမ်းချမ်းရေးကို လုံးဝမျက်ကွယ်ပြုခြင်းမပြုရ၊ ကိုယ့်အကျိုးစီးပွားအတွက် ပြည်သူလူထု၏ အကျိုးစီးပွားကို လျစ်လျူရှုခြင်းမပြုရပါ၊ စစ်အတွင်း အပြင်းအထန်ထိခိုက်ခဲ့ရသည့် ပြည်သူလူထု၏ စီးပွားရေး ပြန်လည်နလန်ထူစေရေးနှင့် နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေကြရသည့် ပြည်သူများအတွက် လုံခြုံရေးအာမခံချက်ရှိစွာ နေရပ်ပြန်နိုင်ရေးအတွက် တွေ့ဆုံဆွေးနွေးရေးအပါအဝင် ငြိမ်းချမ်းသော နည်းလမ်းမျိုးစုံဖြင့် ဖြေရှင်းသွားကြရန် “ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီက တိုက်တွန်းထားသည်။ 1

လက်ရှိ မြန်မာနိုင်ငံသည် စစ်ရေးပဋိပက္ခကြောင့် နိုင်ငံတော်တစ်ခုလုံး ပြိုကွဲမည့်အနေအထားသို့ ရောက်ရှိနေပြီး စီးပွားရေးကပ်ဆိုက်ခြင်း၊ ထုတ်လုပ်မှုရပ်ဆိုင်းခြင်း၊ ကုန်သွယ်မှုရပ်တန့်ခြင်းနှင့် လုပ်ငန်းများအသီးသီး ဆိုးရွားစွာ ထိခိုက်ပျက်စီးခြင်းတို့ကြောင့် ပြည်သူလူထု၏ နေထိုင်မှုဘဝသည် မျှော်လင့်ချက်ကင်းမဲ့သည့်ဘဝသို့ ရောက်ရှိနေပြီး တိုက်ပွဲများ အမြန်ဆုံးရပ်တန့်ရန်လည်း တိုင်းရင်းသားပြည်သူလူထုမှ မျှော်လင့်နေသည်ဟုလည်း ၂၀၂၄ ခုနှစ် ဇူလိုင်လ ၂၉ ရက်၊ သဘောထားထုတ်ပြန်ချက်တွင် ဆိုထားသည်။

၁၀၂၇ စစ်ဆင်ရေးနှင့် UWSP/UWSA ၏ လှုပ်ရှားမှုများ

၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁ ရက်၊ “၁၀၂၇ စစ်ဆင်ရေး” စတင်ပြီး (၅) ရက်အကြာတွင် “ဝ” ဒေသရှိ နယ်မြေလုံခြုံရေးနှင့် အရပ်သားများ၏ အသက်နှင့် ဥစ္စာပစ္စည်း လုံခြုံမှုရှိစေရေးတို့ကို ခြွင်းချက်မရှိ အကာအကွယ်ပေးမည်ဖြစ်ပြီး နယ်မြေနှင့် လေပိုင်နက်တို့ကို စစ်ရေးအရ ကျူးကျော်မှုများရှိလာပါက ကိုင်တွယ်ဖြေရှင်းသွားမည်ဟု UWSP က ထုတ်ပြန်ခဲ့သည်။ ထို့အပြင် ၎င်းတို့အနေဖြင့် မည်သည့်ဘက်မျှမလိုက်ဘဲ အင်အားစုအသီးသီးက အပစ်အခတ်ရပ်စဲရေးကို အမြန်ဆုံးလုပ်ဆောင်ပြီး ပြဿနာကို ဖြေရှင်းကြရန် တောင်းဆိုထားသည်။ 2

သို့သော် “၁၀၂၇- စစ်ဆင်ရေး” စတင်သည့် ပထမရက်ကတည်းက ချင်းရွှေဟော်မြို့၏ အရှေ့တောင်ဘက်ခြမ်းရှိ “ဝ” နယ်မြေတစ်ခုဖြစ်သည့် နမ့်တစ်မြို့တွင် ချင်း‌ရွှေဟော်၊ လောက်ကိုင်မြို့တို့မှ တိမ်းရှောင်ထွက်ပြေးလာသည့် စစ်ဘေးရှောင် ဒေသခံ ၅၀ဝ၀ ကျော်ကို ကူညီပေးထားကြောင်း UWSP ပြင်ပဆက်ဆံရေးတာဝန်ခံ ဦးညီရန်းက ပြောပါသည်။
၂၀၂၄ ခုနှစ် ဇန်နဝါရီ ၅ ရက်နေ့ ရှမ်းမြောက်ဒေသရှိ ဟိုပန်နှင့် ပန်လုံမြို့ (၂) မြို့အား ညီနောင်မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များက သိမ်းပိုက်ထိန်းချုပ်ခဲ့ရာ ထိုနေ့မွန်းလွဲပိုင်းတွင် UWSA တပ်ဖွဲ့ဝင်များသည် ဟိုပန်မြို့လယ်ခေါင်အထိ ဝင်ရောက်နေရာယူကာ ၎င်းတို့၏အလံများ လွှင့်ထူခဲ့သည်။ 3 ဇန်နဝါရီ (၁၀) ရက်နေ့တွင်တော့ အဆိုပါမြို့ (၂) မြို့အား အာဏာသိမ်းစစ်အုပ်စုက UWSA ထိန်းချုပ်နယ်မြေအဖြစ် UWSP ထံ လွှဲအပ်ပေးခဲ့ပါသည်။ 4

တရုတ်အစိုးရ၏ ကြားဝင်စေ့စပ်မှုဖြင့် ရရှိခဲ့သော ဟိုင်ဂင်သဘောတူညီချက်ပါ ရှမ်းမြောက်ဒေသအတွင်း အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်များ ကျိုးပျက်ကာ ၂၀၂၄ ခုနှစ် ဇွန်လ ၂၅ ရက်၊ “၁၀၂၇ စစ်ဆင်ရေး” အပိုင်း (၂) စတင်ပြီး ၁၅ ရက်အကြာ၊ ဇူလိုင်လ ၁၀ ရက်တွင် အင်အား (၂၀ဝ၀) ကျော်ရှိသည့် UWSA တပ်ဖွဲ့ဝင်များသည် သံလွင်မြစ် အနောက်ဘက်ခြမ်းသို့ကူးကာ စစ်ရေးနယ်မြေမဟုတ်သည့် တန့်ယန်းမြို့အတွင်း အင်အားဖြည့်တင်းနေရာယူခဲ့သည်။ ထို့အပြင် UWSA တပ်ဖွဲ့ဝင်အချို့သည် လားရှိုးမြို့သို့ ဆက်လက်ချီတက်သွားခဲ့ပါသည်။ 5 UWSP/UWSA သည် ညီနောင်မဟာမိတ် (၃) ဖွဲ့ သိမ်းပိုက်ထားသည့် လားရှိုးမြို့နယ် မိုင်းကျက်ကျေးရွာအုပ်စုအတွင်း ပြန်လည်ထူထောင်‌ရေးလုပ်ငန်းများ လုပ်ဆောင်နေပြီး သံလွင်မြစ်မှ မိုင်းကျက်ကျေးရွာအထိ ၄၈ ပေအကျယ်ရှိ လမ်းဖောက်လုပ်ခြင်းကို ၂၀၂၄ ခုနှစ် မတ်လဆန်းပိုင်းကတည်းက စတင်နေခြင်းဖြစ်သည်။ လားရှို့မြို့ကာကွယ်ရေးအတွက် အရေးပါသည့် မိုင်းကျက်ရွာရှိ စစ်ကောင်စီတပ်၏ ဗျူဟာကုန်းစခန်းကို ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၂၃ ရက်တွင် ညီနောင်မဟာမိတ် (၃) ဖွဲ့က သိမ်းပိုက်နိုင်ခဲ့သည်။ 6

၂၀၂၄ ခုနှစ် ဇူလိုင်လ ၂၅ ရက်နေ့၊ လားရှိုးမြို့အား ကိုးကန့်တပ်ဖွဲ့ (MNDAA) နှင့် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များက သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ပြီး ဇူလိုင်လ ၂၇ ရက်တွင် လားရှိုးမြို့အတွင်း UWSA တပ်ဖွဲ့ဝင်များ ဝင်ရောက်လာခဲ့သည်။ ၎င်းတို့၏ ဆက်ဆံရေးရုံးနှင့် ပိုင်ဆိုင်မှုများအား ကာကွယ်ဖို့နှင့် လားရှိုးမြို့မှ တိုင်းရင်းသားပေါင်းစုံ၏ တောင်းဆိုမှုကြောင့် ဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်း UWSA ဘက်က ပြောဆိုခဲ့သော်လည်း ဇူလိုင်လ ၃၀ ရက် မွန်းလွဲပိုင်းတွင်တော့ လားရှိုးအကျဉ်းထောင် ဦးစီးမှူးအပါအဝင် ဝန်ထမ်းများနှင့် မိသားစုဝင် ၁၂၀ ကျော်ကို UWSA တပ်ဖွဲ့ဝင်များက စစ်ကားသုံးစီးဖြင့် မိုင်းရယ်မြို့ကို ခေါ်ထုတ်သွားခဲ့သည်ဟု ဆိုပါသည်။

တဆက်တည်းတွင် လားရှိုးမြို့အတွင်း “ဝ” တပ်ဖွဲ့ဝင်များ ဝင်ရောက်လာခြင်းနှင့်ပတ်သက်ပြီး အာဏာသိမ်းစစ်ကောင်စီ ပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကလည်း ၎င်းတို့အား ‘‘ကြိုတင်အကြောင်းကြားမှု ရှိခဲ့ပါတယ်’’ ဟု ပြောဆိုထားပါသည်။

ထို့အပြင် ကိုးကန့်တပ်ဖွဲ့ (MNDAA) နှင့် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များ၏ သိမ်းပိုက်ထိန်းချုပ်ခြင်းခံထားရသည့် လားရှိုးမြို့ဘက်သို့ စစ်ကူလာသော ကျေးသီးနှင့် မိုင်းကိုင်မြို့များမှ စစ်ကောင်စီ၏ စစ်ကူယာဉ်တန်းများသည် ဇူလိုင်လ ၃၀ ရက်နေ့၊ လားရှိုးမြို့နယ် မန်ပန်နှင့် ဟိုနားကျေးရွာအကြားတွင် ကြားဖြတ်တိုက်ခိုက်ခံခဲ့ရပါသည်။ MNDAA နှင့် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များ၏ ကြားဖြတ်တိုက်ခိုက်ခံခဲ့ရသည့် စစ်ကောင်စီယာဉ်တချို့သည် လားရှိုးမြို့ဘက်သို့ ဆက်မသွားတော့ဘဲ UWSP/UWSA ထိန်းချုပ်ထားသည့် တန့်ယန်းမြို့နယ်အတွင်း ဝင်ရောက်ကာ အခြေအနေ စောင့်ကြည့်နေကြသည်ဟု ဆိုပါသည်။ 7

UWSP/UWSA နှင့် တရုတ်သဘောထား ဆက်စပ်သလား

၂၀၂၄ ခုနှစ် ဇူလိုင်လ ၂၉ ရက်၊ UWSP ၏ သဘောထားထုတ်ပြန်ချက်သည် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မစ္စမောနင်း (Mao Ning) ၏ ပုံမှန်သတင်းစာရှင်းလင်းပွဲအပြီး ၄ ရက်အကြာတွင် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
ဇူလိုင်လ ၂၅ ရက်၊ ပေကျင်းမြို့တွင်ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် လားရှိုး မြို့သိမ်းဖြစ်စဉ်နှင့်ဆက်စပ်ပြီး ရိုက်တာသတင်းဌာန၏ မေးမြန်းချက်ကို မစ္စမောနင်းက ပြန်လည်ဖြေကြားခဲ့ရာ “တရုတ်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံမြောက်ပိုင်းကအခြေအနေကို အနီးကပ် စောင့်ကြည့်နေပါတယ်။ မြန်မာနိုင်ငံက သက်ဆိုင်ရာအဖွဲ့အစည်းတွေအနေနဲ့ တွေ့ဆုံဆွေးနွေး ညှိနှိုင်းအဖြေရှာကြဖို့နဲ့ ရန်လိုမှုတွေ အမြန်ဆုံးရပ်တန့်ရေး၊ အငြင်းပွားမှုတွေကို ငြိမ်းချမ်းတဲ့နည်းလမ်းနဲ့ ဖြေရှင်းကြဖို့၊ အထူးသဖြင့် တရုတ်နိုင်ငံရဲ့ လုံခြုံရေးကို ထိခိုက်မှုမရှိစေရေး၊ နယ်စပ်ဒေသနဲ့ အနီးတဝိုက်နေထိုင်ကြတဲ့ ပြည်သူတွေရဲ့ ဘေးကင်းရေးအပြင် မြန်မာနိုင်ငံက တရုတ်စီမံကိန်းတွေ၊ စီးပွားရေးနဲ့ ဝန်ထမ်းတွေကို မထိခိုက်အောင်လုပ်ဆောင်ကြဖို့ တောင်းဆိုပါတယ်။ တရုတ်နိုင်ငံအနေဖြင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများကို ဆက်လက်မြှင့်တင်ပြီး မြန်မာနိုင်ငံမြောက်ပိုင်းက အပစ်အခတ်ရပ်စဲရေးနဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲများ အရှိန်အဟုန်ကို ထိန်းသိမ်းထားဖို့ တိုက်တွန်းသွားပါမယ်” ဟု ဆိုပါသည်။ 8

“ဝ” ပြည်နယ်အနေဖြင့် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးအတွက် မိမိ၏အင်အားဖြင့် ဆက်လက် ကြိုးပမ်းစွမ်းဆောင်သွားမည်” ဖြစ်ကြောင်း UWSP ၏ သဘောထားထုတ်ပြန်ချက်တွင် တရုတ်နိုင်ငံနှင့် တရုတ်အစိုးရအကြောင်း ပါဝင်ခြင်းမရှိသည့်တိုင် စစ်ရေးပဋိပက္ခ ဖြေရှင်းရေးတွင်တော့ အကျိုးစီးပွားဗဟိုပြုချဉ်းကပ်မှုမျိုးသည် ကြီးမားစွာကွဲလွဲမှုမျိုး မတွေ့ရှိရဟု ဆိုရမည်ဖြစ်သည်။

ကချင်လွတ်လပ်ရေးအဖွဲ့ (KIO/KIA)၊ ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး (PSLF/TNLA)၊ မိုင်းလားအဖွဲ့ (NDAA-ESS)၊ မြန်မာနိုင်ငံ အမှန်တရားနှင့် တရားမျှတသောအမျိုးသားပါတီ (MNTJP/MNDAA)၊ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA/AA)၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA) တို့နှင့်အတူ နိုင်ငံရေးအရ ဦးဆောင်မှုနေရာမှ တာဝန်ယူထားသည့် UWSP/UWSA ပါဝင်သော ပြည်ထောင်စုနိုင်ငံရေးညှိနှိုင်းရေးကော်မတီ (FPNCC) အနေဖြင့်လည်း မြန်မာနိုင်ငံအတွင်း ပဋိပက္ခများ ပြေလည်ချုပ်ငြိမ်းရေးအတွက် တရုတ်အစိုးရ၏ ကြားဝင်ဆောင်ရွက်မှုအပေါ် ထောက်ခံကြိုဆိုကြောင်း ထုတ်ပြန်ခဲ့ပြီးဖြစ်သည်။

သုံးသပ်တင်ပြချက်

စစ်အာဏာရှင်ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေးအတွက် ဦးတည်တိုက်ပွဲဝင်နေကြသည့် နွေဦးတော်လှန်ရေးကာလအတွင်း UWSP/UWSA ၏ အခန်းကဏ္ဍနှင့် ပူးပေါင်းပါဝင်မှုကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အပါအဝင် တော်လှန်ရေးအင်အားစုအားလုံးက လိုလားနေကြသကဲ့သို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော အာဏာသိမ်းစစ်အုပ်စုကလည်း UWSP/UWSA ၏ ခြေလှမ်းများကို ရနိုင်သမျှနည်းဖြင့် ဟန့်တားရန် ကြိုးပမ်းလျက်ရှိသည်ကို တွေ့ရသည်။

UWSP/UWSA ကမူ ဘက်မလိုက်မူဝါဒကို ကိုင်စွဲရပ်တည်လျက်ရှိသည်။ သို့သော် ၎င်းတို့၏ ထိန်းချုပ်နယ်မြေနှင့် ဆက်စပ်ဒေသများအတွင်း မဟာမိတ်တော်လှန်ရေးတပ်ဖွဲ့များ၏ စစ်ရေးအရ လှုပ်ရှားမှုများအပါအဝင် စစ်ရေးပဋိပက္ခများကိုလည်း အချိန်မီကြိုတင် ဟန့်တားလေ့ရှိသည်ကို တွေ့ရပါသည်။ ရှမ်းမြောက်ဒေသရှိ မဟာမိတ်အင်အားစုများဖြစ်သော ညီနောင်မဟာမိတ် (၃) ဖွဲ့၏ “၁၀၂၇ စစ်ဆင်ရေး” အပေါ် ကန့်ကွက်ခြင်းမရှိသလို ထောက်ခံခြင်းမျိုးလည်း လူသိရှင်ကြား ထုတ်ဖော်ခြင်းမရှိခဲ့ပေ။

စစ်အာဏာသိမ်းရန် ကြိုးပမ်းနေသည့်ကာလအတွင်း စစ်ရေး၊ နိုင်ငံရေး၊ နိုင်ငံတကာအရေးနှင့် ပြည်သူလူထုထောက်ခံမှုကအစ ဘက်ပေါင်းစုံမှ ကျရှုံးနေသည့် အာဏာသိမ်းစစ်အုပ်စုသည် UWSP/UWSA ၏ “ဝ” ပြည်နယ်လိုလားတောင်းဆိုမှုကို မူအားဖြင့် သဘောတူပေးထားသည်။ “၁၀၂၇ စစ်ဆင်ရေး” အတွင်း လက်လွတ်ဆုံးရှုံးခဲ့ရသည့် ဟိုပန်နှင့် ပန်လုံမြို့ နှစ်မြို့ကို UWSP/UWSA ထံ တရားဝင်လွှဲအပ်ပေးခဲ့ရသည်။ အလားတူ တန့်ယန်းမြို့၏ အုပ်ချုပ်ရေးနှင့် လုံခြုံရေးကိစ္စအဝဝကိုလည်း UWSP/UWSA ၏ နေရာယူမှုကို စစ်အုပ်စုက ခွင့်ပြုထားရသည်။ UWSP/UWSA ၏ ဘက်မလိုက်မူဝါဒသည် စစ်အာဏာသိမ်းကာလအတွင်း ဟိုပန်၊ ပန်လုံနှင့် တန့်ယန်း စသော မြို့ (၃) မြို့နှင့် ဆက်စပ်နယ်မြေများကို သိမ်းပိုက်ထိန်းချုပ်ခွင့်ရရှိစေခဲ့ပါသည်။

စစ်အာဏာသိမ်းကာလအတွင်း ဘက်မလိုက်မူဝါဒဖြင့် UWSP/UWSA ၏ ခြေလှမ်းများသည် အိမ်နီးချင်းတရုတ်အစိုးရ၏ သဘောထား၊ အာဏာသိမ်းစစ်အုပ်စု၏ မက်လုံးများနှင့် မဟာမိတ်တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအင်အားစုများ၏ လှုပ်ရှားမှုများအကြား မူလအထိုင်မပျက်ရေးနှင့် အနာဂတ်မျှော်မှန်းချက်များ လက်တွေ့ဖြစ်လာစေရေးအတွက် အတက်အဆုတ်၊ အရွေ့အပြောင်းကို ဟန်ချက်ညီလုပ်ဆောင်နေကြောင်း သုံးသပ်ရပါသည်။

1 မြန်မာနိုင်ငံအခြေအနေနှင့်ပတ်သက်ပြီး “ဝ”ပြည်နယ်သွေးစည်းညီညွတ်ရေးပါတီ၏ သဘောထားထုတ်ပြန်ချက်၊ ၃၀ ဇူလိုင် ၂၀၂၄
2 စစ်ရေးအရ နယ်မြေကျူးကျော်လာပါက ကိုင်တွယ်ဖြေရှင်းမည်ဟု “ဝ”တပ်ဖွဲ့ UWSA ထုတ်ပြန်၊ သျှမ်းသံတော်ဆင့်၊ ၁ နိုဝင်ဘာ ၂၀၂၃
3 ဟိုပန်မြို့ “ဝ” တပ်မတော် ဝင်ရောက်ထိန်းချုပ် အလံလွှင့်ထူ၊ သျှမ်းသံတော်ဆင့်၊ ၅ ဇန်နဝါရီ ၂၀၂၄
4 ညီနောင်မဟာမိတ် သိမ်းပိုက်ခဲ့သည့် ဟိုပန် နှင့် ပန်လုံမြို့ကို UWSA ထံပြန်လွှဲပေး၊ သျှမ်းသံတော်ဆင့်၊ ၁၁ ဇန်နဝါရီ ၂၀၂၄
5 စစ်ရေးနယ်မြေမဟုတ်သည့် တန့်ယန်းမြို့တွင် “UWSA” တပ်အင်အား ထောင်ချီရောက်ရှိ၊ သျှမ်းသံတော်ဆင့်၊ ၁၁ ဇူလိုင်၂၀၂၄
6 လားရှိုးမြို့နယ် ညီနောင်မဟာမိတ် ၃ ဖွဲ့ သိမ်းပိုက်ထားသည့် မိုင်းကျက်ဒေသကို ‘ဝ’တပ်ဖွဲ့က လမ်းဖောက်၊ သျှမ်းသံတော်ဆင့်၊ ၂၅ မတ် ၂၀၂၄
7 လားရှိုးကို စစ်ကူလာတဲ့ စစ်ကောင်စီယာဉ်တန်း တိုက်ခိုက်ခံရပြီး သေဆုံးမှုရှိ၊ အာအက်ဖ်အေ၊ ၁ သြဂုတ် ၂၀၂၄
8 Foreign Ministry Spokesperson Mao Ning’s Regular Press Conference on July 25, 2024