2 ဇူလိုင် 2025 /

See today's Peace Related News

Homeသတင်းသုံးသပ်ချက်ကော်သူးလေအစိုးရဖွဲ့စည်းရေးနှင့် KNU ၏ စစ်‌ရေး နိုင်ငံရေး အရွေ့

ကော်သူးလေအစိုးရဖွဲ့စည်းရေးနှင့် KNU ၏ စစ်‌ရေး နိုင်ငံရေး အရွေ့

နိဒါန်း

ကော်သူးလေပြည်နှင့် ကော်သူးလေအစိုးရအတွက် ပြင်ဆင်တည်ဆောက်ရေးလုပ်ငန်းများသည် (၈၀) ရာခိုင်နှုန်းအထက် ပြီးစီးခဲ့ပြီဟု ကရင်အမျိုးသားအစည်းအရုံး (KNU) ပြောရေးဆိုခွင့်ရှိသူက ဆိုပါသည်။ ယခု ၂၀၂၅ ခုနှစ်အတွင်း သို့မဟုတ် ၂၀၂၆ ခုနှစ် အစောပိုင်းကာလများအတွင်း ဖွဲ့စည်းထွက်ပေါ်လာမည့် ကော်သူးလေအစိုးရသည် အနာဂတ် ဖက်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးတွင် ပြည်နယ်တခုအဖြစ် ပါဝင်သွားလိမ့်မည်ဟုလည်း ၎င်းကဆိုပါသည်။

ယခုတပတ် BNI-Myanmar Peace Monitor ၏ အပတ်စဉ်သတင်းသုံးသပ်ချက်တွင် ကော်သူးလေပြည်၊ ကော်သူးလေအစိုးရဖွဲ့စည်းရေး၊ ကေအဲန်ယူ၏ စစ်ရေး နိုင်ငံရေး အရွေ့အပြောင်းများနှင့် ဒေသတွင်း စိန်ခေါ်မှုများအကြောင်းကို လက်လှမ်းမီသမျှ လေ့လာတင်ပြသွားပါမည်။

ကော်သူးလေ လုပ်ငန်းစဉ်

မကြာခင်အတည်ပြုထွက်ပေါ်လာဖွယ်ရှိသည့် ကော်သူးလေပဋိဉာဉ်၏ အောက်တွင် ကော်သူးလေပြည်ကို တည်ထောင်မည်။ ပါလီမန်စနစ်နှင့် ဆင်တူသည့် ကော်သူးလေ အတိုင်ပင်ခံကောင်စီ (KCC) ရှိလာမည်။ KCC တွင် ဥပဒေပြုခွင့်အာဏာရှိပြီးတော့ အဓိကမဏ္ဍိုင်ကြီး (၅) ခု ဖြစ်သည့် KNU ခရိုင်အဆင့်မှလာမည့် ကိုယ်စားလှယ်အစုအဖွဲ့၊ ကရင်မဟုတ်သော အခြားလူမျိုးများအစုအဖွဲ့၊ ကော်သူးလေနယ်မြေအဝန်းအဝိုင်းအတွင်း ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်အနိုင်ရထားသည့် ကိုယ်စားလှယ်များအစုအဖွဲ့၊ ကော်သူးလေနယ်မြေအတွင်းရှိ လူငယ်အစုအဖွဲ့၊ ကော်သူးလေနယ်မြေအတွင်းရှိ အမျိုးသမီးအစုအဖွဲ့တို့ ပါဝင်မည်ဟု ဆိုပါသည်။

ထိုမှတဆင့် KCC အတွင်း အုပ်ချုပ်ရေးလုပ်ငန်းများကို ကြီးကြပ်ရမည့် ကော်သူးလေ အမှုဆောင်ကော်မတီ (KEC) ရှိမည်။ အုပ်ချုပ်ရေးလုပ်ငန်းများ၊ ဝန်ကြီးဌာနဖွဲ့စည်းရေးကိစ္စရပ်များတွင် KEC မှ ဆောင်ရွက်သွားမည်ဖြစ်သည်။ ထိုမှတဆင့် ကော်သူးလေအစိုးရ (KG) ကို ဖွဲ့စည်းမည်။ KG ကို တော်လှန်ရေးကာလတွင် ဖွဲ့စည်းခြင်းဖြစ်ခြင်းကြောင့် ခေါင်းဆောင်မှုအပိုင်း၊ လမ်းညွှန်မှုအပိုင်းနှင့် ထိန်းကျောင်းမှုအပိုင်းတို့တွင် KNU မှ ဆက်လက်ပါဝင်နေပါလိမ့်မည်။ သို့သော် KNU Plus (+) ပုံစံဖြင့် ချဉ်းကပ်ဖွဲ့စည်းမည်ဖြစ်သဖြင့် အထက်တွင်ဆိုခဲ့သည့် အစုအဖွဲ့များလည်း ပါဝင်လာမည်ဖြစ်ကြောင်း KNU ၏ ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက ရှင်းပြထားပါသည်။ 1

တန်းတူညီမျှမှုနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်အပြည့်အဝရှိသည့် အခွင့်အရေးရရှိရေး၊ တရားမျှတမှုရှိသည့် အကျယ်အဝန်းရှိသော ကော်သူးလေ (ကရင်ပြည်) ရရှိရေး၊ ဒီမိုကရေစီနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ရှိသည့် ပြည်နယ်ပေါင်းစုဖက်ဒရယ်ပြည်ထောင်စုကို တည်ထောင်ရေး၊ ကော်သူးလေပြည်အပြင် ပြည်ထောင်စုအတွင်းရှိ ကရင်လူမျိုးအားလုံးနှင့် ပြည်ထောင်စုသားအားလုံး ဒီမိုကရေစီအခွင့်အရေး အပြည့်အဝရရှိရေး စသည့် နိုင်ငံရေးရည်မှန်းချက်များသည် KNU အစဉ်တစိုက်စွဲကိုင်ခဲ့သည့် အခြေခံမူများဖြစ်ပြီး အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ဖြစ်တည်လာချိန်တွင်လည်း ကော်သူးလေပြည်၊ ကော်သူးလေအစိုးရသည် ပြည်ထောင်စု၏ အဖွဲ့ဝင်ပြည်နယ်တခုအဖြစ် အပြည့်အဝပါဝင်သွားမည်ဟုလည်း ပဒိုစောတောနီးက ဆိုပါသည်။

ကော်သူးလေ အရွေ့ သို့မဟုတ် KNU ၏ စစ်ရေး နိုင်ငံရေး အရွေ့

ကော်သူးလေပြည်၊ ကော်သူးလေအစိုးရဟူသည် ယနေ့အချိန်အခါတွင်မှ စိတ်ကူးယဉ်လာခဲ့ခြင်းမဟုတ်ဘဲ လွန်ခဲ့သော နှစ်ပေါင်း (၇၆) နှစ်ကတည်းက ဖြစ်တည်ပေါက်ဖွားခဲ့ခြင်းဖြစ်သည်။ ကရင့်တော်လှန်ရေး စတင်ဆင်နွှဲချိန် ၁၉၄၉ – ၁၉၅၀ ဝန်းကျင်နှစ်များကတည်းက မြို့ရွာများ အလီလီသိမ်းပိုက်နိုင်ခဲ့သည့် KNU သည် မြို့ရွာအုပ်ချုပ်ရေးနှင့် ပြည်သူ့ရေးရာ စီမံခန့်ခွဲမှုကိစ္စရပ်များအတွက် လိုအပ်ချက်များရှိခဲ့သဖြင့် ၁၉၄၉ ခုနှစ် ဇွန်လ ၁၄ ရက်၊ တောင်ငူမြို့တွင် အရေးပေါ်အစည်းအဝေးတရပ် ကျင်းပခေါ်ယူကာ ကော်သူးလေအစိုးရဖွဲ့စည်း၍ အုပ်ချုပ်ရေးအစီအမံများ ချမှတ်ခဲ့သည်။ ၁၉၅၀ ခုနှစ် ဧပြီလအတွင်း ကျင်းပခဲ့သည့် ပထမဆုံးအကြိမ် ကော်သူးလေအစိုးရ (KGB) အစည်းအဝေးတွင် ကော်သူးလေအစိုးရ ဖွဲ့စည်းတည်ထောင်သော ဇွန်လ (၁၄) ရက်နေ့ကို ကော်သူးလေနေ့အဖြစ် သတ်မှတ်ဂုဏ်ပြုခဲ့ပါသည်။

၂၀၂၅ ခုနှစ် ဇွန်လ ၁၄ ရက်နေ့သည် ကော်သူးလေ နိုင်ငံထူထောင်ခြင်းနှင့် ကော်သူးလေအစိုးရဖွဲ့စည်းခြင်း ကြေညာခဲ့သည့် (၇၆) နှစ်မြောက်နေ့ဖြစ်သည်။ လက်ရှိ ကရင်အမျိုးသားအစည်းအရုံး (KNU) ဥက္ကဌ ပဒိုစောကွယ်ထူးဝင်းကတော့ ကရင်လူမျိုးများ၏ တော်လှန်ရေးသမိုင်းနှင့်သက်ဆိုင်သော ကော်သူးလေနေ့မှတဆင့် နိုင်ငံရေးဆိုင်ရာလမ်းညွှန်မှုနှင့် ပြည်သူ့ရေးရာ စီမံခန့်ခွဲ့မှုအတတ်ပညာဟူသော သင်ခန်းစာနှစ်ရပ်ကို ရရှိခဲ့သည်ဟု ဆိုပါသည်။ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေး ကြိုးပမ်းလျက်ရှိသော ယနေ့ကာလတွင် KNU ထိန်းချုပ်ထားသော နယ်မြေများအတွင်း အုပ်ချုပ်ရေးနှင့် ပြည်သူ့ရေးရာစီမံခန့်ခွဲမှုများကို ချမှတ်သွားမည်ဖြစ်ကြောင်း ဆိုပါသည်။ 2

စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးသို့ ဦးတိုက်ပွဲဝင်နေကြသည့် ချင်းအမျိုးသားတပ်ဦး (CNF)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တို့နှင့်အတူ စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက် ဘုံသဘောထားရပ်တည်ချက်ကို ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်တွင် ကြေညာခဲ့သည်။ စစ်အာဏာသိမ်းထားမှုကိုဖယ်ရှားပြီး မြန်မာစစ်တပ်၏ နိုင်ငံရေး၌ ပါဝင်နေခြင်းအား အဆုံးသတ်ရန်၊ လက်နက်ကိုင်တပ်ဖွဲ့များအားလုံးကို ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားသည့် အရပ်သားအစိုးရ၏ စီမံအုပ်ချုပ်မှုအောက်၌ အပြည့်အဝထားရှိရန်၊ ၂၀ဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို အပြီးတိုင်ဖျက်သိမ်းရန်နှင့် ယင်းကို ပြန်လည်အသက်သွင်းရန် ကြိုးပမ်းမှုမှန်သမျှ တိုက်ဖျက်ရန်၊ သက်ဆိုင်သူများအားလုံး လက်ခံနိုင်သော ဖက်ဒရယ်နှင့် ဒီမိုကရေစီစနစ်ကို အခြေခံသည့် ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲပြဋ္ဌာန်းရန်၊ ထွက်ပေါ်လာသော ဖက်ဒရယ်ဒီမိုကရေစီ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုအသစ်အား တည်ဆောက်ရန်၊ ပဋိပက္ခအတွင်း မတရားကျူး လွန်ခံရသူများအတွက် တရားမျှတမှုရရှိရေးနှင့် အသွင်ကူးပြောင်းရေးကာလ တရားမျှတမှုရရှိရေးလုပ်ငန်းစဉ် ဖော်ဆောင်ရန် စသည့် နိုင်ငံရေးဦးတည်ချက် (၆) ရပ်ကို အဆိုပါကြေညာချက်တွင် တွေ့ရသည်။

ထို့အပြင် အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရာတွင် ပြည်နယ်အားကောင်းရေးမှ ပြည်ထောင်စုအားကောင်းရေး (Bottom Up Federalism Approach) ချဉ်းကပ်မှုအတွက် ERO များ၊ ပြည်နယ်/လူမျိုး ကိုယ်စားပြု ဖက်ဒရယ်ကောင်စီများအပါအဝင် အဖွဲ့ (၉) ဖွဲ့၏ ထုတ်ပြန်မှုတွင်လည်း KNU အနေဖြင့် ပူးပေါင်းပါဝင်ထားပါသည်။

စစ်အာဏာသိမ်းကာလအတွင်း အကြမ်းမဖက် ပြည်သူ့အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) ပြုလုပ်သော နိုင်ငံ့ဝန်ထမ်းများအား ကူညီထောက်ပံ့ပေးခဲ့ပြီး နွေဦးတော်လှန်ရေးနှင့်အတူ ရပ်တည်ကာ စစ်အာဏာသိမ်းမှုကို ကန့်ကွက်ခဲ့သည့် KNU သည် အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) တွင် ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ပါသည်။ KNU ထိန်းချုပ်နယ်မြေများအတွင်း အာဏာသိမ်းစစ်ကောင်စီတပ်မှ အပြင်းအထန်ထိုးစစ်ဆင်တိုက်ခိုက်မှုများ ပြုလုပ်နေသည့်အတွက် ဒေသတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF/LDF) များအပါအဝင် တော်လှန်ရေးမဟာမိတ်အဖွဲ့များနှင့် ပူးပေါင်းကာ KNU အနေဖြင့် နွေဦးတော်လှန်ရေး၏ ခုခံတော်လှန်စစ်ကို ဦးဆောင်ဦးရွက်ပြုပြီး ပါဝင်ဆင်နွှဲလျက်ရှိသည်။

NUG ကာကွယ်ရေးဝန်ကြီးဌာနနှင့် မဟာမိတ်တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်း (EROs) (၄) ဖွဲ့ ပူးပေါင်းဖွဲ့စည်းထားသည့် ဗဟိုကွပ်ကဲရေးနှင့် ပေါင်းစပ်ညှိနှိုင်းရေးကော်မတီ (C3C) တွင် ဦးဆောင်မှုအခန်းကဏ္ဍမှ ပါဝင်လျက်ရှိပြီး တောင်ပိုင်းစစ်ဒေသအတွင်း KNPP နှင့် NUG တို့ ပူးပေါင်းကာ ပူးတွဲညှိနှိုင်းရေးကော်မတီ (Joint Coordination Committee – J2C) နှင့် ပူးတွဲစစ်ရေးကွပ်ကဲမှု (Joint Operation Command-JOC) တို့တွင် KNU အနေဖြင့် ဦးဆောင်ပါဝင်လှုပ်ရှားနေသည်ကို တွေ့ရပါသည်။

မြို့သိမ်း၊ စခန်းသိမ်း ဖြစ်စဉ်များနှင့် ဒေသတွင်း စိန်ခေါ်မှုများ

KNU နှင့် ဒေသတွင်းမဟာမိတ်ပူးပေါင်းတပ်ဖွဲ့များသည် ၂၀၂၃ ခုနှစ် ဒီဇင်ဘာလဆန်းပိုင်းမှစတင်ပြီး ယနေ့အချိန်ထိ မုန်း၊ ကျုံဒိုး၊ ဖာပွန်နှင့် လေးကေ့ကော်မြို့များကို အာဏာသိမ်းစစ်အုပ်စုထံမှ သိမ်းပိုက်ထိန်းချုပ်ထားနိုင်ခဲ့ပြီး ရာနှင့်ချီသော စစ်ကောင်စီတပ်စခန်းများကို သိမ်းပိုက်ထားနိုင်ခဲ့ပါသည်။ စစ်ရေး၊ နိုင်ငံရေးနှင့် နယ်စပ်ရေးရာအပါအဝင် ကုန်သွယ်ရေးအရပါ အလွန်ရေးပါသည့် မြဝတီမြို့ကိုပင် သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့သည့် အခြေအနေမျိုးအထိ ရောက်ရှိခဲ့သည့် KNU ၏ စစ်ရေးအရွေ့အဟုန်သည် အရှိန်မြင့်ခဲ့သည်ဟု ဆိုရပါမည်။

BNI-Myanmar Peace Monitor ၏ မှတ်တမ်းအရ စစ်အာဏာသိမ်းကာလအတွင်း တွေ့ရှိရသည့် KNU နှင့် ဒေသတွင်း မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်အကြား တိုက်ပွဲဖြစ်ပွားမှုများကို နေပြည်တော်ကောင်စီနယ်မြေအပါအဝင် ကရင်၊ ပဲခူး (အရှေ့)၊ မွန်နှင့် တနင်္သာရီတိုင်းတို့အတွင်းရှိ မြို့နယ်ပေါင်း (၃၀) တွင် တွေ့ရှိပါသည်။

ကရင်ပြည်နယ်အတွင်း မြဝတီ၊ ကော့ကရိတ်၊ ဖာပွန်နှင့် ကြာအင်းဆိပ်ကြီးမြို့နယ်တို့သည် တိုက်ပွဲဖြစ်ပွားမှုအများဆုံး မြို့နယ်များဖြစ်ခဲ့ပြီး ပဲခူး (အရှေ့) ပိုင်းတွင်မူ ကျောက်ကြီးနှင့် ညောင်လေးပင်မြို့နယ်တို့သည် တိုက်ပွဲပြင်းထန်သည့် မြို့နယ်များ ဖြစ်ခဲ့ပါသည်။ ထို့အပြင် မွန်ပြည်နယ် ဘီးလင်းနှင့် ကျိုက်ထိုမြို့နယ်တို့သည် တိုက်ပွဲပြင်းထန်သည့် မြို့နယ်များဖြစ်သလို တနင်္သာရီတိုင်းတွင်တော့ တနင်္သာရီနှင့် ထားဝယ်မြို့နယ်တို့သည် တိုက်ပွဲပြင်းထန်သည့် မြို့နယ်များ ဖြစ်နေပါသည်။ 3

စစ်ရေးအရ အရှိန်အဟုန်ပြင်းပြင်းနှင့် လှုပ်ရှားနေသည့် KNU နှင့် ဒေသတွင်းမဟာမိတ်ပူးပေါင်းတပ်ဖွဲ့များ၏ စစ်ရေးအရွေ့အပြောင်းများသည် နွေဦးတော်လှန်ရေးတွင် ပါဝင်မလာသည့် ဒေသတွင်း ကရင်လက်နက်ကိုင်တော်လှန်ရေးအဖွဲ့များနှင့် စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့်တပ် (BGF) ကဲ့သို့သော အစုအဖွဲ့များ၏ ရပ်တည်လှုပ်ရှားမှုများကြောင့် အကန့်အသတ်များ၊ စိန်ခေါ်မှုများ ရှိနေခဲ့ပါသည်။ အထူးသဖြင့် မြဝတီမြို့သိမ်းဖြစ်စဉ်ကိုကြည့်လျှင် သိနိုင်ပါသည်။ 4

ကရင်အမျိုးသားအစည်းအရုံး (KNU) ဦးတည်သော ကော်သူးလေပြည်နှင့် ကော်သူးလေအစိုးရ ဖွဲ့စည်းတည်ထောင်ရေးအတွက် မြဝတီမြို့သိမ်းဖြစ်စဉ်ကဲ့သို့သော သင်ခန်းစာယူစရာ ဒေသတွင်းအစုအဖွဲ့များ၊ အင်အားစုများ၏ ပူးပေါင်းပါဝင်လာမှုသည် အလွန်အရေးကြီးသကဲ့သို့ ဂရုပြုကျော်လွှားရမည့် စိန်ခေါ်မှုတရပ်လည်း ဖြစ်နေပါသည်။

သုံးသပ်တင်ပြချက်

၁၉၄၇ ခုနှစ် ဖေဖော်ဝါရီ ၅ ရက်တွင် စတင်ဖွဲ့စည်းခဲ့သည့် KNU သည် ပြည်တွင်းရှိ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများအနက် သက်တမ်းအရင့်ဆုံး၊ အတွေ့အကြုံအများဆုံးနှင့် ပြောင်းလဲဖြစ်ပေါ်လာသော ခေတ်ဆိုးစနစ်ဆိုးတိုင်းတွင် ပြည်သူလူထုနှင့်အတူ ရပ်တည်ဆောင်ရွက်ခဲ့သည့် ERO တစ်ဖွဲ့ဖြစ်သည်။

ထို့အပြင် တန်းတူရေး၊ တရားမျှတမှု၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်နှင့် ကိုယ်ပိုင်ပြဌာန်းပိုင်ခွင့်အတွက် အစဉ်တစိုက် ဦးတည်လျှောက်လှမ်းလာခဲ့သည့် ကရင့်တော်လှန်ရေးသမိုင်းတလျှောက်တွင် စစ်ရေးနည်း၊ နိုင်ငံရေးနည်း၊ ငြိမ်းချမ်းရေးအမည်တပ် တွေ့ဆုံဆွေးနွေးရေးနည်း စသည့် နည်းလမ်းပေါင်းစုံကို KNU အနေဖြင့် အသုံးပြုထားနိုင်သကဲ့သို့ စစ်အုပ်စု၏ သပ်လျိုသွေးခွဲမှု၊ ခြိမ်းခြောက်မှု၊ အယုံသွင်းလှည့်ဖြားမှု၊ စစ်ရေးအရ ဖိအားပေးမှု စသည့် နည်းလမ်းအသွယ်သွယ်ကိုလည်း ရင်းနှီးကျွမ်းဝင်နေခဲ့ပြီး ဖြစ်ပါသည်။

သို့နှင့်တိုင် ကော်သူးလေးဒေသ (ကရင်ပြည်နယ်) အတွင်းရှိ KNU ၏ ဦးဆောင်မှု၊ မဟာမိတ်စုဖွဲ့မှုအောက်တွင်မရှိသော လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများ၏ အခန်းကဏ္ဍသည် ကော်သူးလေပြည်၊ ကော်သူးလေအစိုးရ ဖွဲ့စည်းရေးအတွက် သတိထားချဉ်းကပ်ရမည့် လုပ်ငန်းစဉ်တရပ်ဖြစ်နေသကဲ့သို့ စစ်ကောင်စီတပ်၏ လက်အောက်ခံဖြစ်သော ကရင်ပြည်နယ်နယ်ခြားစောင့်တပ် (BGF) ၏ လှုပ်ရှားမှုများကိုလည်း သတိပြုစရာဖြစ်နေပါသည်။

မည်သို့ဆိုစေ ယနေ့ခေတ်၏ ကော်သူးလေပြည်၊ ကော်သူးလေအစိုးရ ဖွဲ့စည်းရေးတွက် (၈၀) ရာခိုင်နှုန်းကျော် ခရီးပေါက်နေပြီဟုဆိုသော KNU ၏ ခြေလှမ်းများနှင့် ဦးတည်ရာသည် ကရင့်တော်လှန်ရေးသမိုင်းတလျှောက်တွင် မှတ်ကျောက်တင်စရာ အခင်းအကျင်းသစ်တရပ် ဖြစ်လာနိုင်မလား စောင့်ကြည့်ရပါလိမ့်မည်။

1 Karen National Union (KNU) Spokesperson P’doh Saw Taw Nee’s statement on Kawthoolei Day and shares insight about Kawthoolei Federal Unit, 14 June 2025
2 ကေအဲန်ယူ – ကရင်အမျိုးသားအစည်းအရုံး ဥက္ကဌ ပဒိုစောကွယ်ထူးဝင်းမှ (၇၆) နှစ်မြောက် ကော်သူးလေနေ့သို့ ပြောကြားသောမိန့်ခွန်း၊ ၁၄ ဇွန် ၂၀၂၅
3 Myanmar Armed Conflict Dashboard (Jan 2020 – 17 Jun 2025), BNI-MPM
4 မြဝတီပုစ္ဆာ၊ Bi-Weekly News Revies – Issue 143, BNI-MPM, April 2024