27 ဇွန် 2025 /

See today's Peace Related News

Homeသတင်းသုံးသပ်ချက်သမ္မတ ထရန့် အဖက်တ်၊ မြန်မာ့မီဒီယာ အကျပ်အတည်းနှင့် ခြိမ်းခြောက်ခံနေရသော ပြည်သူလူထု၏ သတင်းသိခွင့်

သမ္မတ ထရန့် အဖက်တ်၊ မြန်မာ့မီဒီယာ အကျပ်အတည်းနှင့် ခြိမ်းခြောက်ခံနေရသော ပြည်သူလူထု၏ သတင်းသိခွင့်

နိဒါန်း

နှစ်ပေါင်း (၈၀) ကျော်ကြာ မြန်မာပြည်သူလူထုနှင့် ရင်းနှီးလာခဲ့သည့် အမေရိကန်အသံ – မြန်မာ (VOA -Burmese) ၏ သတင်းထုတ်လုပ်မှုအစီအစဉ်များသည် ၂၀၂၅ ခုနှစ် မတ်လ ၁၆ ရက်ကစပြီး ရပ်နားသွားခဲ့ပြီဖြစ်သည်။ နောက်ထပ် အမေရိကန်အစိုးရ၏ ရန်ပုံငွေပံ့ပိုးမှုဖြင့် လည်ပတ်လာခဲ့သည့် အာအက်ဖ်အေ (Radio Free Asia – RFA) သည်လည်း လုပ်ငန်းများအားလုံး ရပ်တန့်ရမည့်အရေးနှင့် ရင်ဆိုင်နေရပါသည်။ သမ္မတဒေါ်နယ်ထရန့် ဦးဆောင်သည့် အမေရိကန်အစိုးရအဖွဲ့ ပြောင်းလဲလာပြီးနောက်ပိုင်း မြန်မာပြည်သူလူထု၏ သတင်းသိရှိပိုင်ခွင့်ကပ်ဘေးသည် ပိုမိုပီပြင်လာခဲ့ပြီ ဖြစ်သည်။

RFA ဥက္ကဌ၏ ကြေညာချက်တွင်တော့ “RFA အတွက် ထောက်ပံ့ငွေကို ရပ်စဲလိုက်တာဟာ သတင်းခေတ်ကြီးထဲမှာ သြဇာအာဏာအထိန်းအကွပ်မရှိ တိုးချဲ့ရမ်းကားနေတဲ့ တရုတ်ကွန်မြူနစ်ပါတီအပါအဝင် ကမ္ဘာပေါ်က အာဏာရှင်တွေနဲ့ အစိုးရဆိုးတွေကို ဆုလာဘ်လက် ဆောင်တစ်ခုပေးလိုက်တာပါပဲ” ဟု ပြောဆိုထားပါသည်။ ထို့အပြင် အမှန်တရားကိုသိရဖို့အတွက် စောင့်ကြည့်ဖတ်ရှုနေကြသည့် လူပေါင်းသန်း (၆၀) နီးပါးကို ဥပေက္ခာပြုပြီး သတင်းအမှန်များရရှိဖို့ အခွင့်အရေးဆုံးရှုံးစေခဲ့သလို အမေရိကန်ပြည်ထောင်စု၏ ရန်သူများကိုလည်း အကျိုးအမြတ်များ ရရှိသွားစေလိမ့်မည်ဟု ဆိုထားပါသည်။ 1

မြန်မာပြည်သူလူထုအတွက်မူ ယနေ့အချိန်အထိ ခေတ်အဆက်ဆက်သော အာဏာရှင်အစိုးရများ၏ ဝါဒဖြန့် သတင်းများအကြား အောက်ခြေပြည်သူလူထုကအစ လူထုအလွှာအမျိုးမျိုးမှ သတင်းအကြောင်းအရာများကို ဆယ်စုနှစ်ပေါင်းများစွာကြာအောင် ထုတ်လွှင့်တင်ဆက်ပေးခဲ့သည့် သတင်းဌာနကြီးနှစ်ခုကို လက်လွှတ်ဆုံးရှုံးကြရတော့မည် ဖြစ်သည်။

ယခုတစ်ပတ် BNI-Myanmar Peace Monitor ၏ အပတ်စဉ်သတင်းသုံးသပ်ချက်တွင် VOA ၊ RFA နှင့်အတူ မြန်မာပြည်သူလူထု၏ သတင်းသိရှိခွင့်အတွက် လွတ်လပ်စွာရပ်တည်ဖော်ထုတ်နေကြသည့် သတင်းမီဒီယာများ၏ အကျပ်အတည်းကို လက်လှမ်းမီသမျှ လေ့လာတင်ပြသွားမည် ဖြစ်ပါသည်။

VOA ၊ RFA ဆိုရာဝယ်

Voice of America (VOA) ကို ၁၉၄၂ ခုနှစ် ဖေဖော်ဝါရီလတွင် တည်ထောင်ခဲ့ခြင်းဖြစ်ပြီး ယနေ့အချိန်ထိ မြန်မာဘာသာအပါအဝင် ဘာသာစကား (၄၉) မျိုးဖြင့် ကမ္ဘာတဝှမ်းမှ လူဦးရေ ၃၆၁ သန်းဆီကို ယုံကြည်စိတ်ချရသော သတင်းအကြောင်းအရာများ၊ အချက်အလက်များ နေ့စဉ် ထုတ်လွှင့်တင်ဆက်ခဲ့ပါသည်။ မြန်မာဘာသာဖြင့် ထုတ်လွှင့်သည့် အမေရိကန်အသံ – မြန်မာ (VOA -Burmese) ကိုတော့ ၁၉၄၂ ခုနှစ် ဇွန်လတွင် စတင်ခဲ့ခြင်းဖြစ်သည်။

၂၀၂၅ ခုနှစ် မတ်လ ၁၆ ရက်တွင်တော့ Follower ၁၉ သန်းရှိသော VOA Burmese Facebook စာမျက်နှာမှတဆင့် “မကြာခင်ကာလမှာ ပြန်လည်ထုတ်လွှင့်သွားပါမယ်” ဟု အသိပေးကာ နှုတ်ဆက်သွားခဲ့ပါသည်။ VOA ညွှန်ကြားရေးမှူး မိုက်ကယ်အေဘရမ်မိုဝစ် (Michael Abramowitz) ကတော့ လွန်ခဲ့သော နှစ်ပေါင်း (၈၀) ကျော်ကတည်းက ကွန်မြူနစ်ဝါဒ၊ ဖက်ဆစ်ဝါဒနှင့် ညှင်းပန်းနှိပ်စက်မှုများအား ဆန့်ကျင်ရာနှင့် ကမ္ဘာတဝှမ်း ဒီမိုကရေစီနှင့် လွတ်လပ်ခွင့်အတွက် တိုက်ပွဲဝင်ရာတို့တွင် VOA အနေဖြင့် မရှိမဖြစ်အခန်းကဏ္ဍမှ ပါဝင်လုပ်ဆောင်နေသည့်အတွက် အမေရိကန် ပြည်ထောင်စုအတွက် တန်ဖိုးမဖြတ်နိုင်သည့် ရတနာတပါးဖြစ်သည်ဟု ဆိုပါသည်။ “အထူးသဖြင့် အာဏာရှင်စနစ်အောက်မှာ ရှင်သန်နေကြရတဲ့သူတွေအတွက် ကျင့်ဝတ်စံနှုန်းတွေနဲ့ ကိုက်ညီတဲ့၊ မျှတတဲ့ သတင်းအချက်အလက်များကို ထုတ်လွှင့်ပေးခြင်း၊ အမေရိကန်ရဲ့ စံတန်ဖိုးတွေ၊ ဇာတ်လမ်းတွေကို ပြောပြပေးခြင်းဖြင့် ကမ္ဘာတဝှမ်းမှာ ဒီမိုကရေစီနဲ့ လွတ်လပ်ခွင့်ကို မြှင့်တင်ပေးနေတဲ့အဖွဲ့ဖြစ်တယ်” ဟု သူက ဆိုပါသည်။ 2

“နှစ်ပေါင်း ၈၃ နှစ်မှာ ပထမဆုံးအကြိမ်အဖြစ် အမေရိကရဲ့အသံတွေ တိတ်ဆိတ်ခဲ့ရခြင်းအတွက် တကယ့်ကို စိတ်မကောင်းဖြစ်ရတယ်” ဟု မစ္စတာ မိုက်ကယ်အေဘရမ်မိုဝစ်က ဆိုပါသည်။

၁၉၉၆ ခုနှစ် မတ်လ ၁၂ ရက်တွင် မန်ဒရင်တရုတ်ဘာသာဖြင့် စတင်အသံလွှင့်ခဲ့သည့် အာအက်ဖ်အေ (Radio Free Asia – RFA) သည်လည်း မြန်မာဘာသာအပါအဝင် ဘာသာစကား (၉) မျိုးဖြင့် ထုတ်လွှင့်နေသည့် သတင်းဌာနတစ်ခုဖြစ်သည်။ ၂၀၂၅ ခုနှစ် မတ်လ ၁၅ ရက်၊ စနေနေ့ နံနက်ပိုင်းတွင်တော့ RFA သတင်းဌာနကို အမေရိကန်အစိုးရက ထောက်ပံ့နေသည့် ငွေကြေးများအား ရပ်ဆိုင်းကြောင်းနှင့် လက်ကျန်ငွေများအား အချိန်မဆိုင်းဘဲ အစိုးရထံ ပြန်လည်ပေးအပ်ရန် အကြောင်းကြားစာ ရရှိလာခဲ့ပါသည်။

မြန်မာနိုင်ငံအပါအဝင် သတင်းလွတ်လပ်ခွင့် မရှိသလောက်နည်းပါးပြီး ပြင်ပကမ္ဘာနှင့် အဆက်ဖြတ်ခံထားရသည့် မြောက်ကိုးရီယား၊ တိဗက် စသော နိုင်ငံများနှင့် ရှင်ကျန်းကဲ့သို့သော တရုတ်နိုင်ငံအတွင်းမှ ဒေသတွင်းသတင်းအကြောင်းအရာများ၊ အချက်အလက်များကို ရေဒီယို၊ ရုပ်မြင်သံကြား၊ လူမှုကွန်ရက်နှင့် အင်တာနက်စာမျက်နှာများမှတဆင့် ဆင်ဆာဖြတ်တောက်မှုမရှိ၊ ဝါဒဖြန့်မှုကင်းစွာဖြင့် တင်ဆက်နေသည့် RFA သတင်းဌာနသည် အဆိုပါအကြောင်းကြားစာနှင့်အတူ လုပ်ငန်းများ ရပ်ဆိုင်းရမည့်အရေး ရင်ဆိုင်နေရပါသည်။

၂၀၂၅ ခုနှစ် မတ်လ ၂၁ ရက်နေ့တွင်တော့ “RFA ပရိသတ်များသို့” ဟု ဆိုကာ RFA ၏ ဆက်လက်ရပ်တည်နိုင်မှု ငွေကြေးအခက်အခဲကြောင့် အဓိက ထုတ်လွှင့်မှုလုပ်ငန်းအစီအစဉ် အများအပြားကို စတင်ရပ်နားရတော့မည့်အကြောင်း Follower ၁၄ သန်းရှိသော RFA Burmese Facebook စာမျက်နှာတွင် ကြေညာခဲ့ပါသည်။

“ဒီအခက်အခဲဟာ ယာယီလို့ပဲ ယုံကြည်ထားပါတယ်။ မြန်မာပြည်သူတွေ မတရားမှုအောက်က လွတ်မြောက်ပြီး၊ လွတ်လပ်မှုနဲ့ ဒီမိုကရေစီအသီးအပွင့်တွေ၊ ပေါကြွယ်ဝမှုတွေ တနေ့မှာ မုချခံစားရရှိလိမ့်မယ်လို့ RFA က ယုံကြည်ထားပါတယ်။ ဒီအတွက် RFA အနေနဲ့ အချိန်တိုအတွင်း လက်ရှိအခက်အခဲပြေလည်ပြီး မြန်မာပြည်သူတွေကို အရင်လိုအင်နဲ့အားနဲ့ သတင်းမှန်တွေ ပြန်လည်တင်ပြကူညီခွင့်ရရှိဖို့ မျှော်လင့်ထားပါတယ်” ဟု RFA Burmese Service ဒါရိုက်တာဖြစ်သူ ဦးကျော်ကျော်အောင်က ဆိုပါသည်။

ယခုကဲ့သို့ VOA နှင့် RFA တို့၏ လုပ်ငန်းများ ဆက်လက်ရပ်တည်နိုင်ရေး အကျပ်အတည်းသည် အမေရိကန်အစိုးရအဖွဲ့ကို ဦးဆောင်ခွင့်ရရှိနေသည့် သမ္မတဒေါနယ်ထရန့်၏ အစိုးရလုပ်ငန်းများ လျှော့ချရေးအမိန့်၏ ချက်ချင်းလက်ငင်းသက်ရောက်မှု ဖြစ်ပါသည်။ ၂၀၂၅ ခုနှစ် မတ်လ ၁၄ ရက်တွင် ထုတ်ပြန်သော သမ္မတထရန့်၏ အမိန့်တွင် VOA ၊ RFA တို့၏ မိခင်အေဂျင်စီဖြစ်သော ကမ္ဘာ့မီဒီယာအတွက် အမေရိကန်အေဂျင်စီ (U.S Agency for global Media – USAGM) အပါအဝင် အစိုးရဌာန (၇) ခုမှ လုပ်ငန်းများအား အဆုံးစွန်ဆုံးအထိ လျှော့ချရေးဖြစ်သည်။ အဆိုပါအမိန့်အရ ယင်းလုပ်ငန်းများသည် ဥပဒေအရ လိုအပ်သည်ဟု ပြဌာန်းထားပါက လုပ်ငန်းနှင့် ဝန်ထမ်းများအား အနည်းဆုံးအခြေအနေအထိ လျှော့ချဖို့နှင့် ဥပဒေအရ လိုအပ်သည်ဟု မပြဌာန်းထားပါက ဖျက်သိမ်းပစ်ဖို့ဟူ၍ အဆင့်သတ်မှတ်ထားသည်ကို တွေ့ရသည်။

အကယ်၍သာ ဆယ်စုနှစ်ပေါင်းများစွာ မြန်မာပြည်သူလူထု၏ သတင်းသိခွင့်အတွက် တာဝန်ထမ်းဆောင်ခဲ့ကြသော VOA နှင့် RFA တို့သာ လုပ်ငန်းများရပ်နားသွားခဲ့ပါက စစ်အာဏာသိမ်းမှု၊ အင်တာနက်ဖြတ်တောက်မှု၊ Facebook အပါအဝင် လူမှုကွန်ရက်များ တားဆီးကန့်သတ်ခံရမှုများနှင့် ရင်ဆိုင်ကြုံတွေ့နေရသော မြန်မာပြည်သူလူထုအတွက် ရေဒီယို၊ ဂြိုလ်တုမှ ရရှိနေသော သတင်းသိခွင့်လေးပင် ဆုံးရှုံးရနိုင်ပါသည်။

မြန်မာ့မီဒီယာအကျပ်အတည်းနှင့် ပြည်သူလူထု၏ သတင်းသိခွင့်

နဂိုကတည်းကပင် မြန်မာနိုင်ငံသည် သတင်းမီဒီယာလွတ်လပ်ခွင့်အညွှန်းကိန်းများ ထုတ်ပြန်တိုင်း အောက်ဆုံးနားတွင် ရပ်တည်လေ့ရှိပါသည်။ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုနောက်ပိုင်း လွတ်လပ်ပြီး အမှီအခိုကင်းစွာဖြင့် ပြည်သူလူထု၏ သတင်းသိရှိခွင့်အတွက် လည်ပတ်နေကြသည့် သတင်းဌာန (၇) ခုကို အာဏာသိမ်းစစ်အုပ်စုက လုပ်ပိုင်ခွင့်သိမ်းခဲ့သည်။ စစ်အာဏာသိမ်းကာလအတွင်း ပြည်သူလူထု၏ ခက်ခဲကျပ်တည်းမှုများ၊ လူမှုဘဝအခြေနေများ၊ ပဋိပက္ခဖြစ်စဉ်များ၊ လေကြောင်းတိုက်ခိုက်မှုများ၊ အရပ်သားပြည်သူများအပေါ် ဖမ်းဆီးမှု၊ သတ်ဖြတ်မှု၊ ညှင်းပန်းနှိပ်စက်မှု စသော အကြောင်းအရာမျိုးစုံကို စုံစမ်းဖော်ထုတ်နေကြသည့် သတင်းသမားများကိုပင် ဖမ်းဆီးခြင်း၊ အသက်သေဆုံးသည်အထိ ညှင်းပန်းနှိပ်စက်ခြင်း၊ နှစ်ရှည်ထောင်ဒဏ်များချမှတ်ခြင်း စသဖြင့် ပြည်သူလူထုအတွက် သတင်းသိရှိခွင့်နှင့် သတင်းရယူခွင့်များသည် ကြီးမားစွာ ခြိမ်းခြောက်ခံနေရပါသည်။

စစ်အာဏာသိမ်းကာလ ၄ နှစ်တာအတွင်း သတင်းသမား (၂၀ဝ) ကျော်ကို အာဏာသိမ်းစစ်ကောင်စီက ဖမ်းဆီးခဲ့ပြီး ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၂၅ ရက်အထိ သတင်းသမား (၄၃) ဦးကို ရာဇဝတ်မှုများဖြင့် စွဲချက်တင်ခဲ့ရာ အနိမ့်ဆုံးထောင်ဒဏ် (၃) နှစ်မှ အမြင့်ဆုံးထောင်ဒဏ် တသက်တကျွန်းအထိ ပြစ်ဒဏ်ချမှတ်ခြင်း ခံထားရသည်။ ထို့အပြင် ဖမ်းဆီးနှိပ်စက်သတ်ဖြတ်ခြင်းကြောင့် သတင်းသမား (၇) ဦးသည် အသက်သေဆုံးခဲ့ရသည်။ အရပ်သားပြည်သူများအပေါ် အကြမ်းဖက်မှုလုပ်ရပ်များ၊ လူ့အခွင့်အရေးချိုးဖောက်မှုများကို စုံစမ်းဖော်ထုတ် သတင်းရယူတင်ဆက်နေကြသည့် ပြည်တွင်းအခြေစိုက် သတင်းမီဒီယာ (၁၅) ခုအထိ လုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင်များကို စစ်ကောင်စီက ပိတ်သိမ်းခဲ့သည်။ 3

ထိုသို့သော မြန်မာနိုင်ငံအတွင်းရှိ သတင်းသိခွင့်၊ သတင်းရယူခွင့်အပေါ် ဘက်ပေါင်းစုံမှ ဖိနှိပ်ဟန့်တား ကန့်သတ်မှုများကြားကပင် လွတ်လပ်ပြီး အမှီအခိုကင်းစွာဖြင့် ပြည်သူလူထုအတွက် ရပ်တည်ကာ နည်းလမ်းမျိုးစုံဖြင့် ဖော်ထုတ်တင်ပြနေကြသော မြန်မာ့သတင်းမီဒီယာလုပ်ငန်းများသည် သမ္မတဒေါ်နယ်ထရန့်၏ အမိန့်တစ်ခုကြောင့် ရပ်တည်ရှင်သန်ရေး ကျပ် တည်းခဲ့ရပြန်ပါသည်။

၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၂၄ ရက်၊ သမ္မတဒေါ်နယ်ထရန့်၏ အမိန့်အရ အမေရိကန်နိုင်ငံတကာဖွံ့ဖြိုးမှုအေဂျင်စီ (USAID) ကို အမေရိကန်ပြည်သူများအတွက် အကျိုးရှိ၊ မရှိ ပြန်သုံးသပ်မည်ဟုဆိုကာ ရက်ပေါင်း (၉၀) ဆိုင်းငံ့ခဲ့သည်။ အဆိုပါအမိန့်ကြောင့် ထိုင်း-မြန်မာ နယ်စပ်ရှိ စစ်ဘေးရှောင်ဒုက္ခသည်စခန်းများရှိ ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းများ လုံးဝ ရပ်ဆိုင်းသွားခဲ့ရသည်။ 4 အခြားသော USAID ၏ အကူအညီဖြင့် လှုပ်ရှားဆောင်ရွက်နေကြသော လူ့အခွင့်အရေးကာကွယ်ရေးကဏ္ဍ၊ ဒီမိုကရေစီမြှင့်တင်ရေး လုပ်ငန်းစဉ်များအပါအဝင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးလုပ်ငန်းများအားလုံး ရပ်တန့်တုန့်ဆိုင်းသွားခဲ့ရသည်။

၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၂၇ ရက်တွင်မူ အမေရိကန်အစိုးရ၏ ပြည်ပနိုင်ငံများသို့ အကူအညီများနှင့်ပတ်သက်ပြီး လက်တလော လုပ်ငန်းအစီအစဉ်များအားလုံး ရပ်ဆိုင်းရန်နှင့် အကူအညီအသစ်များအား ဆိုင်းငံ့ထားရန်ဟူသောအမိန့်ကို သမ္မတထရန့်က ထပ်မံထုတ်ပြန်ခဲ့သည်။

တဆက်တည်းတွင် အာဏာသိမ်းစစ်အုပ်စုက လိုင်စင်ပိတ်သိမ်းသည့်တိုင် ပြည်သူလူထုအတွက် ပြည်တွင်းမှတဖုံ ပြည်ပမှတမျိုး နည်းလမ်းမျိုးစုံဖြင့် သတင်းအမှန်ရရှိရေး ကြိုးပမ်းအားထုတ်ကာ တင်ဆက်ပေးနေကြသည့် လွတ်လပ်ပြီး အမှီအခိုကင်းသော သတင်းမီဒီယာလုပ်ငန်းများကိုပါ သမ္မတဒေါ်နယ်ထရန့်၏အမိန့်က အကျပ်အတည်း ကပ်ဘေးဆိုက်စေခဲ့သည်။ 5

သုံးသပ်တင်ပြချက်

သမ္မတ‌ဒေါ်နယ်ထရန့်ဦးဆောင်သော အမေရိကန်အစိုးရလက်ထက်အတွင်း ရက်ပေါင်း (၁၀ဝ) မပြည့်ခင်တွင်ပင် သမ္မတအမိန့်များကြောင့် မြန်မာအပါအဝင် ကမ္ဘာတဝှမ်းလုံးရှိ ကျောင်းသား/ကျောင်းသူအစ သက်ကြီးရွယ်အိုအဆုံး အခက်အခဲ၊ အကျပ်အတည်းပေါင်းစုံဖြင့် ကယက်ထစေခဲ့ပါသည်။ ထိုအထဲ VOA ၊ RFA အပါအဝင် မြန်မာပြည်သူလူထုအတွက် သတင်းအမှန်ရရှိရေး ကြိုးပမ်းအားထုတ်နေကြသည့် သတင်းမီဒီယာလုပ်ငန်းများအပေါ် သက်ရောက်မှုသည် အလွန်ကြီးမားခဲ့ပါသည်။ လွတ်လပ်ပြီး အမှီအခိုကင်းစွာဖြင့် ပြည်သူလူထုအတွက် သတင်းအမှန်ရရှိရေး ရပ်တည်လှုပ်ရှားနေကြသည့် သတင်းမီဒီယာများသည် ပြည်သူလူထု၏ နား၊ မျက်စိများ ဖြစ်သကဲ့သို့ ခက်ခဲကျပ်တည်းမှု၊ အခွင့်အရေးချိုးဖောက်ခံရမှုများအား စိုးရိမ်ကြောက်ရွံ့မှုကင်းစွာ ရင်ဖွင့်ဖြေသိမ့်ရာနေရာများလည်း ဖြစ်သည်။

RFA ဥက္ကဌ ပြောဆိုထားသကဲ့သို့ ပြည်သူလူထုအတွက် သတင်းအမှန်များ သိရှိခွင့်အတွက် အရှိကိုအရှိအတိုင်း ဘက်လိုက်မှုကင်းစွာ ဖော်ထုတ်တင်ပြနေကြသော သတင်းမီဒီယာလုပ်ငန်းများအား ထောက်ပံ့ငွေများရပ်စဲခြင်း (ဝါ) ရပ်တည်ရှင်သန်ရေးကို ကျပ်တည်းစေသော ကန်သမ္မတထရန့်၏ အမိန့်များသည် အာဏာရှင်အစိုးရများ၊ ပြည်သူလူထုအပေါ် ဖိနှိပ်သော အစိုးရများအတွက်မူ မဟာဆုလာဘ်လက်ဆောင်တစ်ခု ဖြစ်စေနိုင်ပါသည်။ အခြားတဖက်တွင်မူ ပြည်သူလူထု၏ သတင်းသိခွင့်ကို ကြီးမားစွာ ခြိမ်းခြောက်နေသည်ဟု ဆိုရပါမည်။

အာဏာသိမ်းစစ်အုပ်စုသည် ၎င်းတို့၏ ပြည်သူလူထုအပေါ် ကျူးလွန်ထားသည့် အကြမ်းဖက်လုပ်ရပ်များအား ဖုံးဖိကွယ်ဖျောက်ထားနိုင်ရေးနှင့် စစ်အာဏာသိမ်းမှုအောင်မြင်ရေးအတွက် ပြည်သူလူထုသို့ ဝါဒဖြန့်သတင်းများ၊ ပုံဖျက်သတင်းများ ပိုမိုလုပ်ဆောင်နေချိန်တွင် လူထုသတင်းအမှန်ရရှိရေးအတွက် လွတ်လပ်စွာရပ်တည်နေကြသည့် သတင်းမီဒီယာလုပ်ငန်းများ လည်ပတ်နိုင်ရေးအကျပ်အတည်းသည် ပိုမိုကြီးမားလာခဲ့သည်။

ထိုအတွက် ပြည်သူလူထု၏ နား၊ မျက်စိများဖြစ်သော သတင်းမီဒီယာများ၊ စိုးရိမ်ကြောက်ရွံ့မှုကင်းစွာ ရင်ဖွင့်ပြောဆိုနိုင်သော သတင်းမီဒီယာများ ရှင်သန်ရပ်တည်ရေးအတွက် နိုင်ငံတကာအစိုးရများ၊ အဖွဲ့အစည်းများအားလုံးက အလေးပေးစဉ်းစားရမည့် အနေအထားဖြစ်သည်။ ထို့အပြင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အပါအဝင် ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေးအတွက် တော်လှန်တိုက်ပွဲဝင်နေကြသူများ၊ အစုအဖွဲ့များ၊ ဒေသန္တရအစိုးရများအနေဖြင့်လည်း သက်ဆိုင်ရာ နယ်မြေဒေသအလိုက် အခြေစိုက်လှုပ်ရှားနေကြသော လွတ်လပ်သည့် သတင်းမီဒီယာများ ရှင်သန်ရပ်တည်ရေး၊ ပြည်သူလူထု သတင်းသိခွင့်အတွက် ဖော်ထုတ်တင်ပြနိုင်ရေးအတွက် ရနိုင်သမျှနည်းလမ်းများရှာဖွေကာ ထောက်ကူပံ့ပိုးနိုင်ရေး ကြိုးပမ်းရမည့် အချိန်အခါဖြစ်လာကြောင်း တင်ပြအပ်ပါသည်။

1 RFA President: RFA’s cancellation a boon to the Chinese Communist Party, ၁၅ မတ် ၂၀၂၅
2 https://www.facebook.com/abramowitzmj , ၁၆ မတ် ၂၀၂၅
3 သတင်းသမားများ နှိပ်စက်သက်ဖြတ်ခံရမှု ကျူးလွန်သူများ တာဝန်ခံမှုရှိရန် IPCM ပြော၊ KIC၊ ၂၆ ဇန်နဝါရီ ၂၀၂၅
4 အမေရိကန်ရဲ့ အကူအညီဆိုင်းငံ့မှု မြန်မာဒုက္ခသည်တွေ ထိခိုက်၊ အာအက်ဖ်အေ၊ ၂၉ ဇန်နဝါရီ ၂၀၂၅
5 အမေရိကန်အကူအညီ ဆိုင်းငံ့မှုအပေါ် မြန်မာမီဒီယာသမားတွေ စိုးရိမ်၊ VOA၊ ၂၉ ဇန်နဝါရီ ၂၀၂၅