27 ဇွန် 2025 /

See today's Peace Related News

သတင်းသုံးသပ်ချက်ရှမ်းမန်း စစ်ဆင်ရေး ဘယ်အထိ ရွေ့မလဲ

ရှမ်းမန်း စစ်ဆင်ရေး ဘယ်အထိ ရွေ့မလဲ

နိဒါန်း

ဟိုင်ဂင်သဘောတူညီချက်ကြောင့် ရပ်တန့်ခဲ့ရသည့် “၁၀၂၇ စစ်ဆင်ရေး” အရွေ့အဟုန်သည် ပြန်လည် သက်ဝင်လှုပ်ရှားလာခဲ့ပြီဖြစ်သည်။ “၁၀၂၇ စစ်ဆင်ရေး” အပိုင်း (၂) နောက်ဆက်တွဲစစ်ရေးလှုပ်ရှားမှုများနှင့်အတူ ရှမ်းပြည်နယ်နှင့် မန္တလေးတိုင်း ဆက်စပ်ဒေသများတွင်လည်း ရှမ်းမန်းစစ်ဆင်ရေးအဖြစ် အသက်သွင်းကာ အာဏာသိမ်းစစ်ကောင်စီ၏ တပ်စခန်းများကို ခပ်စိပ်စိပ် တိုက်ခိုက်သိမ်းပိုက်လာခဲ့သည်ကို တွေ့ရသည်။

ယခုတပတ် BNI-Myanmar Peace Monitor ၏ အပတ်စဉ်သတင်းသုံးသပ်ချက်တွင် “၁၀၂၇ စစ်ဆင်ရေး” နှင့်အတူ လှုပ်ရှားလာသည့် ရှမ်းမန်းစစ်ဆင်ရေး၏ အဟုန်သည် ဘယ်အထိရွေ့လျားပျံ့ထွက်လာမလဲဆိုသည်ကို အချက်အလက်၊ အဖြစ်အပျက်များ အခြေပြုကာ ချဉ်းကပ်တင်ပြသွားပါမည်။

ရှမ်းမန်း စစ်ဆင်ရေးဟူသည်…

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာန (MOD) လက်အောက်ရှိ ပြည်သူ့ကာကွယ်ရေးတပ် (PDF) များနှင့် ဒေသတွင်း မဟာမိတ်တပ်ဖွဲ့များပါဝင်သည့် ရှမ်းမန်းစစ်ဆင်ရေးသည် မန္တလေးတိုင်းအတွင်း ထိုးဖောက်ဝင်ရောက်ကာ စစ်ဆင်‌ရေးများ စတင်နေပြီဖြစ်ကြောင်း ၂၀၂၄ ခုနှစ် ဇွန်လ ၂၇ ရက်တွင် NUG- MOD က ထုတ်ပြန်ခဲ့သည်။ ဇွန်လ ၂၅ ရက်၊ ရှမ်းမြောက်ဒေသတွင် ပြန်လည်စတင်ခဲ့သည့် “၁၀၂၇ စစ်ဆင်ရေး” အပိုင်း (၂) နှင့်အတူ ဟန်ချက်ညီစစ်ဆင်ရေးများကို ဆင်နွှဲနေခြင်းဖြစ်သည်ဟုလည်း ဆိုပါသည်။ 1

ရှမ်းမန်းစစ်ဆင်ရေးတွင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)၊ မိုးကုတ်ဗျူဟာ တပ်ရင်းများဖြစ်သည့် ၁၂၂၁ ၊ ၁၂၂၂၊ ၁၂၂၃၊ ၁၂၂၄ တပ်ရင်းများ၊ အမှတ် (၅၁၃) တပ်ရင်း၊ ကျောက်မဲခရိုင် အထူးတိုက်ခိုက်ရေးတပ်ဖွဲ့၊ ပြင်ဦးလွင်ခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)၊ မိုးကုတ်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)၊ မတ္တရာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) များပူးပေါင်းပါဝင်ကာ ကျောက်မဲ၊ နောင်ချို၊ မိုးကုတ်၊ မတ္တရာ စသည့် ရှမ်းပြည်နယ် မြောက်ပိုင်းဒေသနှင့် မန္တလေးတိုင်းအတွင်း တိုက်ပွဲဝင်လျက်ရှိကြောင်း သိရသည်။

ပြည်သူ့ကာကွယ်ရေးတပ်မတော် – မန္တလေး (MDY-PDF) ၏ စစ်ဦးစီးအဖွဲ့ဝင် ကိုစိုးသူရဇော်ကတော့ “မန္တလေးတိုင်းကို ပြည်သူ့လွတ်မြောက်နယ်မြေဖြစ်လာဖို့ ရည်မှန်းထားတယ်” ဟု ဆိုပါသည်။ 2

“ ၁၀၂၇ စစ်ဆင်ရေး” အပိုင်း (၂) နှင့် ဆက်စပ်မှု

တချို့က “၁၀၂၇ စစ်ဆင်ရေး” အပိုင်း (၂) ကို “၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်း” ဟု တင်စားကြသည်။ ရှမ်းပြည်နယ်မြောက်ပိုင်းဒေသများဖြစ်သည့် ကျောက်မဲ၊ သီပေါ၊ နောင်ချို၊ မိုးမိတ်၊ လားရှိုးနှင့် မန္တလေးတိုင်း ပြင်ဦးလွင်၊ မိုးကုတ်၊ မတ္တရာ၊ စဉ့်ကူးမြို့နယ်များသည် ကိုးကန့်တပ် (MNDAA)၊ တအာင်းတပ် (TNLA) တို့နှင့်အတူ MDY-PDF အပါအဝင် ဒေသတွင်း လက်နက်ကိုင်တော်လှန်ရေးအင်အားစုများ ပူးပေါင်းကာ အာဏာသိမ်းစစ်ကောင်စီတပ်များအား ထိုးစစ်ဆင်တိုက်ခိုက်လှုပ်ရှားရာ မြို့နယ်များဖြစ်လာသည်။

ဇွန်လ ၂၅ ရက်တွင် ပြန်လည်စတင်ခဲ့သည့် “၁၀၂၇ စစ်ဆင်ရေး” အပိုင်း (၂) စစ်ဆင်ရေး နယ်မြေများဖြစ်သော နောင်ချိုနှင့် ကျောက်မဲမြို့နယ်အတွင်းရှိ တိုက်ပွဲများအတွင်း TNLA မှ ဦးဆောင်ပြီး MDY-PDF ၊ ဓနုပြည်သူ့လွတ်မြောက်ရေးတပ် (DPLA-PDF) နှင့် ရှမ်းပြည်နယ် မြောက်ပိုင်းမဟာမိတ်တပ်ရင်း (N.S.S.A.A) တို့ပါ ပူးပေါင်းပါဝင်လျက်ရှိသည်ဟု ဆိုပါသည်။

“၁၀၂၇ စစ်ဆင်ရေး” အပိုင်း (၂) ၏ စစ်ဆင်ရေး (၂) ရက်တာအတွင်း ကျောက်မဲမြို့နယ်၊ နောင်ချိုမြို့နယ်၊ မိုးကုတ်မြို့နယ်၊ သီပေါမြို့နယ်များအတွင်းရှိ စစ်ကောင်စီတပ်စခန်း (၂၄) ခုကို TNLA နှင့် ပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပါသည်။ ဇူလိုင်လ (၄) ရက်၊ အပိုင်း (၂) စစ်ဆင်ရေး (၁၀) ရက်မြောက်နေ့အထိ TNLA ၏ ထုတ်ပြန်ချက်များအရ အာဏာသိမ်းစစ်ကောင်စီလက်အောက်ခံ တပ်စခန်း၊ ရဲကင်း၊ ရဲစခန်း၊ ဒုံးတပ်၊အမြောက်တပ်အပါအဝင် တပ်စခန်းပေါင်း (၃၀) ကျော်အထိ သိမ်းပိုက်ထားနိုင်ခဲ့သည်ကို တွေ့ရပါသည်။

ဆိုရသော် ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် မန္တလေးတိုင်းအတွင်း စတင်ခဲ့သည့် “၁၀၂၇ စစ်ဆင်ရေး” အပိုင်း (၂) တွင် TNLA ၏ ဦး‌စီးဦးဆောင်မှုကို အဓိကမြင်တွေ့ရပြီး ၂၀၂၃ ခုနှစ် အောက်တိုဘာ ၂၇ ရက်၊ “၁၀၂၇ စစ်ဆင်ရေး” စတင်စဉ်ကတည်းက ပါဝင်ခဲ့သည့် ဒေသတွင်း လက်နက်ကိုင်တော်လှန်ရေးအင်အားစုများ၏ ပူးပေါင်းပါဝင်မှုဖြင့် ဆက်လက်လှုပ်ရှားလာခြင်းဖြစ်သည်။ “ညီညွတ်မှု၊ စည်းလုံးမှုနှင့် ပူးပေါင်းဆောင်ရွက်မှု” ဟူသော “၁၀၂၇ စစ်ဆင်ရေး” ၏ တော်လှန်ခွန်အားကို ရှမ်းမန်းစစ်ဆင်ရေးတွင် မြင်တွေ့ရနိုင်မလားဆိုသည်က စောင့်ကြည့်ရမည်ဖြစ်သည်။

ရှမ်းမန်းစစ်ဆင်ရေး၏ အရွေ့အဟုန်

ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) (MDY-PDF) ၏ ဇူလိုင် ၂ ရက်၊ ထုတ်ပြန်ချက်အရ မန္တလေးတိုင်း မတ္တရာမြို့နယ်အတွင်းရှိ စစ်ကောင်စီလက်အောက်ခံ (၁၀၁၄) လေကြောင်းရန်ကာကွယ်ရေး အင်ကြင်းမြိုင်တပ်စခန်း၊ ဆည်တော်တပ်စခန်း၊ ပန်းသလဲ တောင်တပ်စခန်း၊ ရေစိုတောင်တပ်စခန်း၊ နေကျော်တောင်တပ်စခန်း၊ ရွှေပုထိုးတပ်စခန်း၊ ကျောက်ခလုတ်တပ်စခန်းနှင့် Alpha ဘိလပ်မြေစက်ရုံရှိ မြေနီတောင်တပ်စခန်းတို့ကို အပြီးသတ် သိမ်းပိုက်ရရှိထားပြီဟု ဆိုပါသည်။ တဆက်တည်းတွင် မတ္တရာစစ်ဆင်ရေးနယ်မြေအတွင်း ဖမ်းဆီးရမိသည့် စစ်သုံ့ပန်းနှင့် လက်နက်ချအညံ့ခံသူ (၆၄) ဦး အရှင်ဖမ်းဆီးရမိခဲ့ပြီး တပ်မိသားစုဝင်များဖြစ်သည့် အမျိုးသမီး၊ သက်ကြီးရွယ်အိုများနှင့် ကလေးသူငယ်များ စုစုပေါင်း (၁၁၇) ဦးခန့်ကိုလည်း ထိန်းသိမ်းထားလျက် ရှိပါသည်။ 3

ထို့အပြင် စဥ့်ကူးမြို့နယ်အတွင်းရှိ ဒိုနွယ်ရွာတပ်စခန်း၊ နမ့်ဟပ်ရွာတပ်စခန်း၊ မာလဲဆည် ရှင်းလင်းဆောင်တပ်စခန်း၊ ရွှေမာလဲစေတီတပ်စခန်း၊ ရွာတော်လေးတပ်စခန်းနှင့် နွယ်ရုံ ရဲစခန်းတို့ကို သိမ်းပိုက်နိုင်ခဲ့ပြီး စစ်သုံ့ပန်း (၁၃) ဦးအား အရှင်ဖမ်းမိခဲ့ကြောင်း ဇူလိုင်လ ၃ ရက်တွင် MDY-PDF က ထုတ်ပြန်ခဲ့သည်။ 4

မိမိတို့ BNI-Myanmar Peace Monitor ၏ မှတ်တမ်းအရ၂၀၂၄ ခုနှစ် ဇွန်လ ၂၅ ရက်မှ ဇူလိုင်လ ၄ ရက်အထိ (၁၀) ရက်အတွင်း မြန်မာနိုင်ငံတဝှမ်း စစ်ကောင်စီတပ်နှင့် တော်လှန်ရေးအင်အားစုများအကြား တိုက်ပွဲဖြစ်ပွားမှုဖြစ်စဉ်ပေါင်း ၇၄ ခုရှိခဲ့ပြီး ထိုအထဲ ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် မန္တလေးတိုင်းအတွင်း တိုက်ပွဲဖြစ်စဉ်သည် ၃၆ ဒသမ ၅ ရာခိုင်နှုန်း (၂၇) ခုအထိရှိခဲ့သည်ကို တွေ့ရသည်။

ယင်းတိုက်ပွဲဖြစ်စဉ် ၂၇ ခုအား မြို့နယ်အလိုက် လေ့လာကြည့်ပါက ရှမ်းပြည်နယ် သီပေါ၊ ကျောက်မဲ၊ လားရှိုး၊ နောင်ချိုနှင့် မန္တလေးတိုင်း မတ္တရာ၊ မိုးကုတ်၊ စဥ့်ကူး၊ သပိတ်ကျင်းမြို့နယ် စသည့် မြို့နယ် (၈) ခုတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် ရှမ်းမန်းစစ်ဆင်ရေးသည် “၁၀ ၂၇ စစ်ဆင်ရေး” အပိုင်း (၂) နှင့်အတူ ကျွဲကူးရေပါစစ်ဆင်ရေးမျိုးဖြစ်ပြီး ဟန်ချက်ညီစစ်ဆင်ရေးအသွင်မျိုးဖြင့် မန္တလေးတိုင်းတခုလုံး လွတ်မြောက်ရေးအထိ ဦးတည်ရွေ့လျားနိုင်မလားဆိုသည်က စိတ်ဝင်စားဖွယ် ဖြစ်နေပါသည်။

သုံးသပ်တင်ပြချက်

၂၀၂၄ ခုနှစ် ဇန်နဝါရီ ၁ ရက်မှ ဇူလိုင်လ ၄ ရက်ထိ BNI-Myanmar Peace Monitor ၏ မှတ်တမ်းအရ ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် မန္တ‌လေးတိုင်းအတွင်းရှိ မြို့နယ်ပေါင်း (၁၆) ခုတွင် တိုက်ပွဲဖြစ်စဉ် (၈၃) ခုကို တွေ့ရှိခဲ့ပါသည်။ အဆိုပါ တိုက်ပွဲဖြစ်စဉ်များအတွင်း ကချင် လွတ်လပ်ရေးတပ်မတော် (KIA)၊ ကိုးကန့်တပ်ဖွဲ့ (MNDAA)၊ တအာင်းတပ်ဖွဲ့ (TNLA)၊ မြို့ပြ ဒေသအလိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF-LDF) များနှင့် စစ်ကောင်စီတပ်အကြား တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

KIA အနေဖြင့် မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF) နှင့် ဒေသကာကွယ်ရေးတပ်များကို ဦးစီးဦးဆောင်ပြုကာ ကွတ်ခိုင်၊ မိုးမိတ်၊ မဘိမ်း စသည့် မြို့နယ်များအတွင်း စစ်ရေးဖော်ဆောင်နေသကဲ့သို့ MNDAA အနေဖြင့်လည်း သိန္နိနှင့် လားရှိုးမြို့နယ်များအတွင်း စစ်ရေးဖော်ဆောင်လျက်ရှိပါသည်။ TNLA ကမူ သီပေါ၊ ကျောက်မဲ၊ နောင်ချို၊ မိုးမိတ်နှင့် မိုးကုတ်၊ သပိတ်ကျင်းမြို့နယ်များအတွင်း ဒေသကာကွယ်ရေးတပ်များနှင့်အတူ အာဏာသိမ်းစစ်အုပ်စုအား စစ်ရေးဖော်ဆောင်လျက်ရှိသည်ကို တွေ့ရသည်။

မိမိတို့လေ့လာတွေ့ရှိချက်အရ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ ကာကွယ်ရေးဝန်ကြီးဌာနမှထုတ်ပြန်သော “ရှမ်းမန်းစစ်ဆင်ရေး” ဦးတည်ရာနှင့် စစ်ရေး ရည်မှန်းချက်များကို ရှင်းလင်းထင်ရှားစွာ တွေ့မြင်ရခြင်းမရှိသေးဟု ဆိုရမည်ဖြစ်ပြီး အနီးစပ်ဆုံးအဖြစ် “၁၀၂၇ စစ်ဆင်ရေး” အပိုင်း (၂) နှင့်အတူ ဟန်ချက်ညီ ဖော်ဆောင်နေခြင်းဟုသာ နားလည်ရပါသည်။

ထို့ကြောင့် ရှမ်းမန်းစစ်ဆင်ရေး၏ အရွေ့အဟုန်သည် “၁၀၂၇ စစ်ဆင်ရေး” ကဲ့သို့ ညီညွတ်မှု၊ စည်းလုံးမှု၊ ပူးပေါင်းဆောင်ရွက်မှုနှင့် မဟာဗျူဟာကျမှုဟူသည့် အကြောင်းချင်းရာများအပေါ်တွင် တည်မှီနေမည်ဖြစ်ကြောင်း တင်ပြအပ်ပါသည်။

1 ရှမ်းမန်း စစ်ဆင်ရေးတွင် ပြည်သူ့ကာကွယ်ရေး တပ်မတော် တပ်ရင်း၊ တပ်ဖွဲ့များပါဝင်၊ အောင်ပွဲများ ဆက်တိုက်ရရှိ၊ NUG-MOD ထုတ်ပြန်ချက်၊ ၂၇ ဇွန် ၂၀၂၄
2 “မန္တလေးတိုင်းကို ပြည်သူ့လွတ်မြောက်နယ်မြေဖြစ်လာဖို့ ရည်မှန်းထားတယ်” ၊ အာအက်ဖ်အေ၊ ၃ ဇူလိုင် ၂၀၂၄
3 တိုက်ပွဲသတင်းထုတ်ပြန်ချက်၊ Voice of Mandalay – PDF ၊ ၂ ရက် ဇူလိုင် ၂၀၂၄
4 တိုက်ပွဲသတင်းထုတ်ပြန်ချက်၊ Voice of Mandalay – PDF ၊ ၃ ရက် ဇူလိုင် ၂၀၂၄