16 ဧပြီ 2025 /

See today's Peace Related News

Homeသတင်းသုံးသပ်ချက်ပဋိပက္ခအတွင်းက ငလျင်ဒဏ်သင့်ပြည်သူများနှင့် အပစ်ရပ်ခြင်း၊ မရပ်ခြင်း ဝိရောဓိ

ပဋိပက္ခအတွင်းက ငလျင်ဒဏ်သင့်ပြည်သူများနှင့် အပစ်ရပ်ခြင်း၊ မရပ်ခြင်း ဝိရောဓိ


နိဒါန်း

အင်အားပြင်း ငလျင်လှုပ်ခတ်မှုကြောင့် အသက်လုနေကြရသည့် မြန်မာပြည်သူလူထုအပေါ် ဝေဟင်ကနေ ဗုံးကြဲတိုက်ခိုက်ရက်သော အာဏာသိမ်းစစ်တပ်၏ လုပ်ရပ်သည် စက်ဆုတ်ရွံရှာဖွယ်အတိ ဖြစ်သည်။ ငလျင်ဒဏ်ကြောင့် ထောင်နှင့်ချီသော သေဆုံးသူများ၊ ထိခိုက်ဒဏ်ရာရရှိသွားသူများနှင့် ပျောက်ဆုံးနေသူများအား ကယ်မခြင်း၊ ရှာဖွေခြင်းနှင့် ထောက်ကူခြင်းငှာ အဆောတလျင် လုပ်ဆောင်ခြင်းမပြုဘဲ ကနဦးထွက်ပေါ်လာသည့် သတင်းသည်ကား “နိုင်ငံတကာမီဒီယာများအား သတင်းရယူခွင့် တားမြစ်” ဟူသတည်း။

စစ်အာဏာသိမ်းကတည်းက မြန်မာနိုင်ငံတဝှမ်း ပြည်သူလူထုအပေါ် ကျူးလွန်ထားသည့် အကြမ်းဖက်လုပ်ရပ်မှန်သမျှကို သတင်းအမှောင်ချကာ ဖုံးဖိရန်ကြိုးစားနေသည့် အာဏာသိမ်းစစ်အုပ်စုသည် ယခုအခါတွင်လည်း ငလျင်ဘေးသင့်ပြည်သူများအား ကူညီကယ်ဆယ် ရေးလုပ်ဆောင်ကြမည့် နိုင်ငံတကာအစိုးရများ၊ အဖွဲ့အစည်းများနှင့် ကမ္ဘာတဝှမ်း သတင်းအမှန်ရရှိရေး မြေပြင်ကွင်းဆင်းသတင်းရယူကြမည့် မီဒီယာများကို သတိကြီးစွာ ကိုင်တွယ်နေခြင်းဖြစ်ပါသည်။ ၎င်းတို့နှင့် ပနံသင့်သည့် တရုတ်၊ အိန္ဒိယ၊ ရုရှားစသော နိုင်ငံများအား အဆီးအတားမရှိ ဝင်နိုင်ထွက်နိုင်သော်လည်း ၎င်းတို့နှင့် အစေးမကပ်သည့် ပြည်တွင်း/ပြည်ပ အင်အားစုများကိုမူ ကန့်သတ်ခြင်း၊ တားမြစ်ခြင်းများ လုပ်ဆောင်လျက်ရှိပါသည်။

ယခုတပတ် BNI-Myanmar Peace Monitor ၏ အပတ်စဉ်သတင်းသုံးသပ်ချက်တွင် မြန်မာနိုင်ငံအတွင်းမှ ငလျင်ဒဏ်သင့်ပြည်သူများ၏ အခြေအနေများ၊ အရေးပေါ်အကူအညီရရှိရေး အခြေအနေများ၊ ကယ်မထောက်ကူနိုင်ရေး ကြိုးပမ်းနေကြသူများ၊ စစ်အုပ်စု၏ လုပ်ဆောင်ချက်များ၊ ပြည်တွင်း/ပြည်ပ အကူအညီများနှင့် စစ်ရေးအရ အပစ်ရပ်ခြင်း၊ မရပ်ခြင်းများအကြောင်းကို လက်လှမ်းမီသမျှ လေ့လာတင်ပြသွားပါမည်။

ငလျင်ဒဏ်သင့် ပြည်သူများ၏ အခြေအနေ

၂၀၂၅ ခုနှစ် မတ်လ ၂၈ ရက်၊ မြန်မာစံတော်ချိန် မွန်းလွဲ ၁၂ နာရီ ၅၀ မိနစ်အချိန်တွင် လှုပ်ခတ်သော အင်အားပြင်းငလျင်ကြောင့် မြန်မာနိုင်ငံတဝှမ်း မြို့နယ်ပေါင်း (၄၅) မြို့နယ်အတွင်း သေဆုံးသူအရေအတွက် ၄၃၁၆ ဦးအထိ ရှိလာခဲ့ပြီဖြစ်သည်။ မန္တလေးမြို့သည် သေဆုံးသူအရေအတွက် ၉၀ဝ ကျော်အထိရှိပြီး သေဆုံးမှုအများဆုံးဖြစ်သည်။ ထို့နောက် စစ်ကိုင်း၊ အမရပူရ၊ ရမည်းသင်း၊ ပျော်ဘွယ်၊ တံတားဦး၊ ဇဗ္ဗူသီရိ၊ ညောင်ရွှေ၊ ပျဉ်းမနား၊ ကျောက်ဆည် စသည့်မြို့များတွင်လည်း သေဆုံးသူအရေအတွက် ရာနှင့်ချီရှိခဲ့သည်ကို တွေ့ရသည်။

အဆိုပါအရေအတွက်သည် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ အာဏာသိမ်းစစ်ကောင်စီ (SAC) နှင့် ယုံကြည်စိတ်ချရသော သတင်းမီဒီယာများနှင့် မြေပြင်အချက်အလက်များကို အခြေခံပြုစုထားခြင်းဖြစ်ပြီး ၂၀၂၅ ခုနှစ် ဧပြီလ ၆ ရက်၊ ည (၈) နာရီအချိန်အထိ ငလျင်ဒဏ်ကြောင့် ထိခိုက်ဒဏ်ရာရရှိသူ အရေအတွက် (၆၅၈၈) ဦးနှင့် ပျောက်ဆုံးနေသူ အရေအတွက် (၄၄၈) ဦးရှိကြောင်း သိရပါသည်။ 1

ပြင်းအား (၇ ဒသမ ၇) အဆင့်ရှိ အင်အားပြင်းငလျင်ဒဏ်ကြောင့် ပြိုပျက်သွားသည့် နေအိမ်အဆောက်အအုံများအောက် ရောက်ရှိသွားသည့် ပြည်သူများအား အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေဆဲဖြစ်သည့်အတွက် သေဆုံးသူအရေအတွက်သည် ဆက်လက်တိုးမြှင့်နေဦးမည့် အခြေအနေတွင် ရှိပါသည်။ ထို့အပြင် ဧပြီလ ၁ ရက်၊ ညနေ ၃ နာရီခွဲအချိန်အထိ အဆိုပါငလျင်၏ နောက်ဆက်တွဲငလျင် လှုပ်ခတ်မှု အကြိမ်ပေါင်း ၂၄၀ ကျော်အထိရှိနေပြီး ဆက်လက်လှုတ်ခတ်နေဆဲ ဖြစ်ပါသည်။

အမေရိကန် ဘူမိဗေဒလေ့လာရေးအဖွဲ့ (USGS) ၏ တိုင်းထွာချက်များအရ ဧပြီလ ၂ ရက်၊ ညနေ ၅ နာရီ ၄၅ မိနစ်အချိန်တွင်လည်း မန္တလေးတိုင်း၊ မိတ္ထီလာမြို့အနီး (၄ ဒသမ ၇) ရှိ အင်အားသင့်ငလျင် လှုပ်ခတ်ခဲ့သည်ဟု ဆိုပါသည်။ မတ်လ ၂၈ ရက်တွင် လှုပ်ခတ်ခဲ့သည့် (၇ ဒသမ ၇) အဆင့်ရှိ အင်အားပြင်းငလျင်ကြောင့် စစ်ကိုင်း၊ ဖြူး၊ ရမည်းသင်းနှင့် ပျဉ်းမနား စသည့် ဒေသများသည် အနီရောင်အဆင့်အဖြစ် သတ်မှတ်ထားပြီး မြေပြိုမှုကဲ့သို့သော နောက်ဆက်တွဲအန္တရယ်များ ဖြစ်ပေါ်စေနိုင်သည်ဟု USGS က ဆိုပါသည်။ အလားတူ မန္တလေးနှင့် အာဏာသိမ်းစစ်အုပ်စု ရုံးစိုက်ရာ နေပြည်တော်ကိုလည်း လိမ္မော်ရောင်အဆင့် သတ်မှတ်ထားပါသည်။ ထို့အပြင် ငလျင်၏ တုန်ခါမှုကြောင့် လူအသေအပျောက်များပြားပြီး စီးပွားရေးအရ ပျက်စီးဆုံးရှုံးမှုကြီးနိုင်သည့်အတွက် နိုင်ငံတော်အဆင့်ဖြစ်စေ၊ နိုင်ငံတကာ အဆင့်ဖြစ်စေ အရေးပေါ်တုံ့ပြန်မှုများလိုအပ်ကြောင်း USGS က ထောက်ပြထားပါသည်။ 2

အရေးပေါ် ကယ်မထောက်ကူနိုင်ရေး ကြိုးပမ်းနေကြသူများ

ငလျင်ဒဏ်သင့် ပြည်သူများအရေးအတွက် အရေးပေါ် ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို လုပ်ဆောင်နေကြသည့်အထဲတွင် မြေပြင်နှင့် အနီးစပ်ဆုံးရှိနေကြသည့် ပရဟိတ ကူညီကယ်ဆယ်ရေးအဖွဲ့များ၏ ပုံရိပ်များကို ကနဦး တွေ့ရှိရပါသည်။ မြို့တစ်မြို့လုံး၏ ၇၅ ရာခိုင်နှုန်းကျော်လောက် ပျက်စီးသွားခဲ့ရသည့် စစ်ကိုင်းမြို့တွင် မြို့ပေါ်ရှိ ရှာဖွေကယ်ဆယ်ရေးအဖွဲ့များက မနားတမ်း လုပ်ဆောင်နေကြသည့်တိုင် စက်ယန္တရားကြီးများ၊ ကယ်ဆယ်ရေးပစ္စည်းများ မပြည့်စုံမှု၊ ဖုန်းလိုင်း၊ အင်တာနက်လိုင်းနှင့် လျှပ်စစ်မီးပြတ်တောက်မှုများကြောင့် ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်သလောက် ခရီးမပေါက် ဖြစ်ခဲ့ရသည်။

သို့သော် ငလျင်လှုပ်ခတ်ပြီး နောက်နေ့၊ မတ်လ ၂၉ ရက် ညနေပိုင်းအထိ ငလျင်ဒဏ်ကြောင့် သေဆုံးခဲ့ရသည့် ရုပ်အလောင်း (၂၀ဝ) နီးပါးကို မြို့ပေါ်ကယ်ဆယ်ရေးအဖွဲ့များက ရှာဖွေကယ်ဆယ်ကာ မီးသင်္ဂြိုလ်ပေးနိုင်ခဲ့သည်။ မြို့ပျက်ကြီးလိုဖြစ်သွားခဲ့သည့် စစ်ကိုင်းမြို့ကို အဓိကထိန်းချုပ်ထားသည့် စစ်ကောင်စီတပ်များ၏ ကူညီကယ်ဆယ်ရေးဆောင်ရွက် ချက်များကိုမူ မတွေ့ရှိရဟု ဆိုပါသည်။ 3

အင်အားပြင်း ငလျင်လှုပ်ခတ်မှုအား အပြင်းထန်ဆုံး ရင်ဆိုင်ကြုံတွေ့ခဲ့ရသည့် မန္တလေးမြို့ပေါ်တွင်တော့ အရပ်ဖက်ပရဟိတကယ်ဆယ်ရေးသမားတစ်ဦးအား စစ်ကောင်စီတပ်သားက ပါးရိုက်ကာ ဆဲဆိုကြိမ်းမောင်းခဲ့ကြောင်း သိရပါသည်။ “စစ်သားတွေ ထပ်ပြီး ပြဿနာရှာမှာစိုးလို့ ရန်ကုန်ပြန်မယ့်ကားနဲ့ပဲ ထည့်ပေးလိုက်တယ်။ ကလေးက ဆက်နေချင်ပေမဲ့ သူနဲ့ပတ်သက်ပြီး ကျနော်တို့တဖွဲ့လုံး ပြဿနာအရှာခံရရင် ဒီမှာ ဆက်ပြီး မကူနိုင်တော့တာဖြစ်ရင် ပြည်သူ‌တွေ နစ်နာမှာစိုးလို့ ပြန်လွှတ်ဖို့ ဆုံးဖြတ်လိုက်တာ” ဟု အဆိုပါပရဟိတအဖွဲ့မှ အဖွဲ့ဝင်တစ်ဦးက ပြောပါသည်။ 4

မန္တလေးမြို့ပေါ်တွင် ငလျင်ကြောင့် ပြိုပျက်အဆောက်အအုံများအောက်တွင် ပိတ်မိနေသူများအား ကူညီကယ်ဆယ်နိုင်ရေးအတွက် အနယ်နယ်အရပ်ရပ်မှ ရောက်ရှိလာကြသည့် ပရဟိတအဖွဲ့များသည် စစ်ကောင်စီ၏ ခွင့်ပြုချက်ကို တောင်းခံပြီးမှသာ ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်ကြရပါသည်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန (MOD) ကမူ ၎င်းတို့၏လက်အောက် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) များနှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) များအား သက်ဆိုင်ရာ ထိန်းချုပ်နယ်မြေအလိုက် တော်လှန်ရေးအဖွဲ့အစည်းများနှင့် ပေါင်းစပ်ညှိနှိုင်းကာ ငလျင်ဒဏ်ကြုံတွေ့ခဲ့ရသည့် ပြည်သူများအား အစွမ်းကုန် ကူညီဆောင်ရွက်ကြရန် မတ်လ ၂၈ ရက်၊ ညပိုင်းတွင် ထုတ်ပြန်ဆော်သြခဲ့သည်။ မတ်လ ၂၉ ရက်တွင်တော့ စာနာထောက်ထားမှုအကူအညီပေးရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန်အတွက် ငလျင်ဒဏ်သင့်ဒေသများနှင့် ဆက်စပ်သောခရိုင်များအတွင်း “ခုခံကာကွယ်စစ်မှလွဲ၍ ထိုးစစ်အားလုံး ရက်သတ္တပတ် နှစ်ပတ်ကြာ (မတ် ၃၀ ရက်မှ ဧပြီ ၁၂ ရက်အထိ) ရပ်ဆိုင်းထားရန် NUG-MOD က ထုတ်ပြန်ခဲ့သည်။ တဆက်တည်းတွင်း ပြည်တွင်းပြည်ပ ကူညီကယ်ဆယ်ရေးအဖွဲ့များအား လိုအပ်သည့်အကူအညီနှင့် ကာကွယ်စောင့်ရှောက်မှုများပေးရန်လည်း ညွှန်ကြားထားသည်ဟု ဆိုပါသည်။

ငလျင်ဒဏ်ခံရသည့်ဒေသများမှ ပြည်သူများထံ သွားရောက်ကူညီနိုင်ဖို့အတွက် ကိုးကန့်တပ်ဖွဲ့ (MNDAA) ၏ ညှိနှိုင်းမှုကို စစ်ကောင်စီက လက်မခံခဲ့ဟု ဆိုပါသည်။ စစ်ရေးအရ စိုးရိမ်ပြီး ဝင်ခွင့်မပေးသည့် စစ်ကောင်စီ၏လုပ်ရပ်ကြောင့် အခြားသော တတ်နိုင်သည့် နည်းလမ်းများဖြင့်သာ ကူညီပေးသွားမည်ဖြစ်ကြောင်း MNDAA က ဆိုထားပါသည်။ MNDAA သည် ၎င်းတို့ထိန်းချုပ်သိမ်းပိုက်ထားသည့် အထူးဒေသ (၁) နယ်မြေအတွင်းရှိ လားရှိုးမြို့တွင် သင်္ကြန်ပွဲတော်ကျင်းပမည့်အစီအစဉ်အား လူသားချင်းစာနာမှုအရ ပြုလုပ်တော့မည် မဟုတ်ကြောင်း သိရပါသည်။ 5

စစ်အုပ်စု၏ လုပ်ဆောင်ချက်များ

အထက်တွင်ဆိုခဲ့သလို အာဏာသိမ်းစစ်အုပ်စုသည် ငလျင်ဒဏ်ခံနေရသည့် ပြည်သူများအား ကူညီကယ်ဆယ်ရေးထက် စစ်ရေးသတိ၊ လုံခြုံရေးသတိ ပိုမိုလွန်ကဲစွာ ကိုင်တွယ်နေပြီး MNDAA ကဲ့သို့ပင် အခြားသော အရပ်ဖက်ကူညီကယ်ဆယ်ရေးအဖွဲ့များကိုပင် တင်းတင်းကြပ်ကြပ် စိစစ်မှုများ ရှိနေပါသည်။ ငလျင်ကြောင့် ပိုမိုဆိုးရွားစွာ ပြတ်တောက်သွားခဲ့သည့် လျှပ်စစ်မီး၊ ဖုန်းလိုင်း၊ အင်တာနက်ကဲ့သို့သော အခြေခံလိုအပ်ချက်များကို အချိန်မီ ပြန်လည်ရရှိရေးအတွက် စီမံဆောင်ရွက်နိုင်ခြင်းမရှိဘဲ မြေပြင်သတင်းရယူနိုင်ရန် ခွင့်ပြုချက်တောင်းခံလာသည့် နိုင်ငံတကာသတင်းမီဒီယာများကိုပင် ပိတ်ပင်တားမြစ်မှုများ ရှိခဲ့ပါသည်။

စစ်ကောင်စီအနေဖြင့် အင်အားပြင်းငလျင် လှုပ်ခတ်ခြင်းခံခဲ့ရသည့် စစ်ကိုင်း၊ မန္တလေး၊ မကွေး၊ ရှမ်း (အရှေ့/ မြောက်)၊ ပဲခူးနှင့် နေပြည်တော်စသည့် ဒေသများကို အရေးပေါ်အခြေအနေကြေညာထားပြီး ကူညီကယ်ဆယ်ရေးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပေးအပ်သွားမည်ဟု ထုတ်ပြန်ထားသော်လည်း လက်တွေ့ မြေပြင်အခြေအနေတွင်မူ ထိရောက်စွာ လုပ်ဆောင်နိုင်ခြင်း မရှိသေးပေ။

ဧပြီလ (၁) ရက်၊ ည ၉ နာရီ ၂၀ မိနစ်ခန့်တွင်တော့ ငလျင်ဒဏ်သင့် မြန်မာပြည်သူများအတွက် လာရောက်သည့် တရုတ်နိုင်ငံ ကြက်ခြေနီအသင်းမှ ထောက်ပံ့ရေးပစ္စည်းများ တင်ဆောင်ထားသည့် ကား (၉) စီးပါ ယာဉ်တန်းကို ရှမ်းပြည်နယ်နောင်ချိုမြို့နယ် အုမ္မတီကျေးရွာနားအရောက်တွင် စစ်ကောင်စီတပ်က ပစ်ခတ်ခဲ့ကြောင်း တအာင်းအမျိုးသားလွတ် မြောက်ရေးတပ်ဦး (TNLA) က ထုတ်ပြန်ခဲ့သည်။ စစ်ကောင်စီ ပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကမူ ခွင့်ပြုချက်ရယူ အသိပေးခြင်းမရှိဘဲ ဝင်ရောက်လာခြင်းကြောင့် သေနတ်မိုးပေါ်ထောင်ပစ်ခတ်ကာ သတိပေးခဲ့ခြင်းသာဖြစ်ကြောင်း ဝန်ခံခဲ့သည်။ 6

အာဏာသိမ်းစစ်ကောင်စီသည် ငလျင်ဒဏ် ပြင်းထန်စွာခံစားခဲ့သည့် မန္တလေးတိုင်း၊ စဥ့်ကူးမြို့နယ်၊ လက်ပန်လှရွာအား မတ်လ ၃၁ ရက်၊ ညနေ (၆) နာရီဝန်းကျင်တွင် ဂျက်တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ပါသည်။ အဆိုပါကျေးရွာသည် ပြည်သူ့ကာကွယ်ရေးတပ်မတော် – မန္တလေး (MDY PDF) နှင့် ပူးပေါင်းတပ်ဖွဲ့များ သိမ်းပိုက်ထိန်းချုပ်ထားခြင်းဖြစ်ပြီး စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု အကြိမ်ကြိမ်ခံခဲ့ရသည့် ကျေးရွာဖြစ်သည်။ ထိုနေ့ နံနက် (၁၀) နာရီအချိန်တွင်လည်း ရှမ်းပြည်နယ် နောင်ချိုမြို့နယ် ကျောက်ကြမ်းရွာကို စစ်ကောင်စီတပ်က ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ပါသည်။ ကရင်နီ (ကယား) ပြည်နယ် ဖရူဆိုမြို့နယ် တော်ခူကျေးရွာအုပ်စုအတွင်းတွင်လည်း မတ်လ ၃၀ ရက်၊ ညနေ ၄ နာရီဝန်းကျင်တွင် စစ်ကောင်စီတပ်က လေကြောင်းမှတဆင့် ဗုံးနှစ်လုံး ကြဲချတိုက်ခိုက်ခဲ့ပါသည်။ ငလျင်လှုပ်ခတ်ခဲ့သည့် မတ်လ ၂၈ ရက်နေ့တွင်လည်း စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ်အတွင်း စစ်ကောင်စီတပ်မှ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ပါသည်။

ဆိုရသော် အာဏာသိမ်းစစ်အုပ်စု၏ လုပ်ဆောင်ချက်များကို လေ့လာကြည့်လျှင် ငလျင်ဒဏ်သင့်ပြည်သူများအား အရေးပေါ်ကူညီကယ်ဆယ်ရေးထက် ၎င်းတို့အား ခုခံတော်လှန်နေကြသည့် အင်အားစုများအပေါ် စစ်ရေးအရ အသာစီးရယူရေးကိုသာ ပိုမိုအာရုံစိုက်နေသည်ဟု ဆိုရမည်ဖြစ်သည်။ သို့သော် ငလျင်ဒဏ်သင့် ပြည်သူများအား ကူညီကယ်ဆယ်ရေးအတွက်ဟုဆိုကာ ပြည်တွင်းပြည်ပ အလှူရှင်များထံမှ ငွေကြေးနှင့် လူသားချင်းစာနာထောက်ထားမှုအကူအညီများကိုမူ ကျယ်ကျယ်ပြန့်ပြန့် လက်ခံရယူလျက်ရှိပါသည်။

ပြည်တွင်းပြည်ပ အကူအညီများ

၇ ဒသမ ၇ အဆင့်ရှိ အင်အားပြင်းငလျင်၏ လှုပ်ခတ်မှုနှင့် ဖျက်အားသည် မည်၍ မည်မျှ ကြီးမားပြီး ပျက်စီးဆုံးရှုံးမှု အတိုင်းအတာကို စာနာစိတ်ရှိသော မည်သည့် လူ့အဖွဲ့အစည်းမဆို သတိထားမိကြပေလိမ့်မည်။ ကိုယ်ကျိုးစီးပွားရှေးရှုလွန်းခြင်း၊ အာဏာသိမ်းစစ်အုပ်စုနှင့် အလွန်းသင့်ခြင်းတို့ကြောင့် မြန်မာပြည်သူလူထု၏ ငြိုငြင်ခြင်းခံရသော အိမ်နီးချင်း တရုတ်အစိုးရသည် မြန်မာပြည်ရှိ ငလျင်ဒဏ်သင့် ပြည်သူလူထုအတွက် အမေရိကန်ဒေါ်လာ (၁၂ ဒသမ ၆) သန်းနှင့်ညီမျှသော ယွမ်ငွေ သန်း (၁၀ဝ) ကူညီမည့်အကြောင်း ထုတ်ပြန်ပြီး ကူညီကယ်ဆယ်ရေးအဖွဲ့များကိုလည်း စေလွှတ်ခဲ့ပါသည်။

ထို့အပြင် ဗြိတိန်နိုင်ငံမှ အမေရိကန်ဒေါ်လာ ၃၂ ဒသမ ၂ သန်း၊ နော်ဝေနိုင်ငံမှ အမေရိကန်ဒေါ်လာ ၁၁ ဒသမ ၆ သန်း၊ အမေရိကန်၊ အိန္ဒိယ၊ ဂျပန်နှင့် သြစတြေးလျတို့ ပါဝင်သည့် QUAD Group မှ အမေရိကန်ဒေါ်လာ (၂၀) သန်း၊ ဥရောပသမဂ္ဂ (EU) မှ အမေရိကန်ဒေါ်လာ ၉ ဒသမ ၉ သန်း၊ သြစတြေးလျနိုင်ငံမှ အမေရိကန်ဒေါ်လာ ၉ သန်း၊ အမေရိကန်နိုင်ငံမှ အမေရိကန်ဒေါ်လာ ၉ သန်း၊ အိုင်ယာလန်နိုင်ငံမှ အမေရိကန်ဒေါ်လာ ၆ ဒသမ ၅ သန်း၊ ဂျပန်နိုင်ငံမှ အမေရိကန်ဒေါ်လာ ၆ သန်း၊ ကုလသမဂ္ဂ (UN) မှ အမေရိကန်ဒေါ်လာ ၅ သန်း၊ အာရှဖွံ့ဖြိုးရေးဘဏ် (ADB) မှ အမေရိကန်ဒေါ်လာ ၃ သန်း၊ မလေးရှားနိုင်ငံမှ အမေရိကန်ဒေါ်လာ ၂ ဒသမ ၂၄ သန်း၊ ဆွစ်ဇာလန်နိုင်ငံမှ အမေရိကန် ဒေါ်လာ ၂ ဒသမ၂ သန်း၊ တောင်ကိုရီးယားနိုင်ငံမှ အမေရိကန်ဒေါ်လာ ၂ သန်း၊ ဒိန်းမတ်နိုင်ငံမှ အမေရိကန်ဒေါ်လာ ၁ ဒသမ ၅ သန်း၊ နယူးဇီလန်နိုင်ငံမှ အမေရိကန်ဒေါ်လာ ၁ ဒသမ ၁၄ သန်း၊ သီရိလင်္ကာနှင့် အင်ဒိုနီးရှားနိုင်ငံတို့မှ အမေရိကန်ဒေါ်လာ ၁ သန်းစီ စသဖြင့် ကမ္ဘာတဝှမ်းနိုင်ငံများမှ အမေရိကန်ဒေါ်လာ (၁၃၆) သန်းကျော်အထိ ထောက်ကူပံ့ပိုးမည့်အကြောင်း ကြေညာခဲ့ကြပါသည်။ 7

အဆိုပါ အမေရိကန်ဒေါ်လာ (၁၃၆) သန်းကျော်သော ငလျင်ဘေးသင့်ပြည်သူများအတွက် အကူအညီများ၏ အများစုသည် အာဏာသိမ်းစစ်အုပ်စုထံမှတဆင့် စီးဆင်းကြမည်ဖြစ်သဖြင့် ငလျင်ဒဏ်ပြည်သူများထံ အမှန်တကယ် ရောက်ရှိနိုင်ရေးအတွက်မူ သတိကြီးစွာ စောင့်ကြည့်ရလိမ့်မည်။

ငလျင်ဒဏ်သင့် မြန်မာပြည်သူများအတွက်ဟုဆိုကာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ကလည်း ဆေးဝါးနှင့် ခွဲစိတ်ကုသမှုဆိုင်ရာပစ္စည်းများ၊ ရွက်ဖျင်တဲများအပါအဝင် တန်ချိန် (၃) တန်နီးပါးကို နေပြည်တော်နှင့် မန္တလေးမြို့ရှိ ဆေးရုံများဆီသို့ ပို့ဆောင်ပြီး ကျန်းမာရေးဆိုင်ရာ အရေးပေါ်တုန့်ပြန်နိုင်ရေး စတင်နေပြီဟု မတ်လ ၃၀ ရက်တွင် ထုတ်ပြန်ပါသည်။

ငလျင်ဒဏ်ကြောင့် ထိခိုက်ဒဏ်ရာရရှိထားသူ ထောင်ပေါင်းများစွာရှိပြီး မြန်မာပြည်သူများအနေဖြင့်မယုံနိုင်လောက်အောင် ခက်ခဲကျပ်တည်းမှုနှင့် ရင်ဆိုင်နေရသည်ဟု ဆိုပါသည်။ 8 တရုတ်၊ အိန္ဒိယ၊ ရုရှား၊ စင်ကာပူ၊ ဗီယက်နမ်၊ မလေးရှား၊ ထိုင်း၊ ယူအေအီး၊ လာအို၊ ဖိလစ်ပိုင်၊ ဘီလာရုစ် စသည့် နိုင်ငံများမှ ကူညီကယ်ဆယ်ရေးအဖွဲ့များကိုလည်းမြန်မာနိုင်ငံသို့ စေလွှတ်ထားပြီး စစ်ကောင်စီ၏ ခွင့်ပြုချက်ဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်လျက်ရှိပါသည်။

အိန္ဒိယနိုင်ငံကနေ ငလျင်ဒဏ်သင့်ပြည်သူများအား ကူညီကယ်ဆယ်ရေးတွက် ရောက်ရှိလာသည့် စေတနာ့ဝန်ထမ်း ကီရန်ဗာမာဆိုသူကတော့ ကယ်ဆယ်ရေးလုပ်ငန်းများအတွင်း စစ်ကောင်စီတပ်၏ ဖိနှိပ်ကန့်သတ်မှုများကို မခံနိုင်သဖြင့် အိန္ဒိယနိုင်ငံသို့ ပြန်သွားခဲ့ပြီဖြစ်သည်။ စစ်ကောင်စီတပ်၏ သေနတ်ပြောင်းဝရှေ့တွင် ကူညီကယ်ဆယ်ရေး လုပ်ဆောင်နေရသည့် အခြေအနေနှင့် အကူအညီမဲ့နေကြသော မြန်မာပြည်သူများကို မကြည့်ရက်တော့သလို ပြိုပျက်ကျနေသော အဆောက် အအုံများအောက်ရှိ သေဆုံးရုပ်အလောင်းများကို ထားရစ်ခဲ့ရသည့်အတွက်လည်း စိတ်မကောင်းဖြစ်ရကြောင်း သူ့၏ ဖေ့ဘွတ်စာမျက်နှာတွင် ရေးသားထားသည်။

မန္တလေးမှတဆင့် စစ်ကိုင်းဘက်သို့ ကယ်ဆယ်ရေးသွားရောက်လုပ်ဆောင်မည့် မစ္စတာကီရန်ဗာမာကို စစ်ကောင်စီတပ်က အကြောင်းပြချက်မရှိဘဲ တားဆီးပိတ်ပင်ခဲ့သည်ဟု ဆိုပါသည်။ “အခုလို အဆိုးရွားဆုံး ဖြစ်နေတဲ့အချိန်မှာတောင် စစ်ကောင်စီတပ်ရဲ့ လူသားချင်းစာနာမှုနဲ့ ကိုယ်ချင်းစာတရား အနည်းငယ်ကိုပဲ မြန်မာပြည်သူတွေအတွက် မျှော်လင့်မိပါတယ်” ဟု ကီရန်ဗာမာက ဆိုပါသည်။ 9

မတ်လ (၃၀) ရက်၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ထုတ်ပြန်ချက်အရမူ အာဏာသိမ်းစစ်ကောင်စီသည် ၎င်းတို့၏ ထိန်းချုပ်နယ်မြေများအတွင်းတွင်ပင် အရပ်ဖက်ကူညီကယ်ဆယ်ရေးအဖွဲ့များနှင့် စနစ်တကျ ချိတ်ဆက်လုပ်ဆောင်နိုင်ခြင်း မရှိသေးဟု ဆိုပါသည်။ ထို့အပြင် စစ်ကောင်စီအနေဖြင့် လုံခြုံရေးအာမခံချက်ပေးနိုင်ပါက အကြမ်းမဖက်ပြည်သူ့ အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) ဝန်ထမ်းများသည်ပင် ကူညီကယ်ဆယ်ရေးလုပ်ငန်းများတွင် ပူးပေါင်းလုပ်ဆောင်သွားဖြစ်ကြောင်း NUG က ဆိုပါသည်။ 10

ငလျင်ဒဏ်သင့်ပြည်သူများအတွက် လူသားချင်းစာနာထောက်ထားမှုအကူအညီများ ရရှိရေးအတွက် ပြည်တွင်း၊ ပြည်ပမှ နိုင်ငံတကာအဖွဲ့အစည်းများနှင့် ချိတ်ဆက်လုပ်ဆောင်လျက်ရှိကြောင်း ကြေညာထားသည့် NUG သည် မတ်လ (၃၀) ရက်မှ ဧပြီလ ၁၂ ရက်အထိ နှစ်ပတ်ကြာထိုးစစ်များ ရပ်တန့်ကြောင်းလည်း ကြေညာထားပြီ ဖြစ်ပါသည်။

အပစ်ရပ်ခြင်း၊ မရပ်ခြင်း ဝိရောဓိ

NUG ကာကွယ်ရေးဝန်ကြီးဌာနသည် ခုခံကာကွယ်စစ်မှလွဲ၍ ထိုးစစ်အားလုံးကို ဧပြီလ ၁၂ ရက်အထိ ရပ်ဆိုင်းကြောင်း မတ်လ ၂၉ ရက်တွင် ကြေညာခဲ့သည်။ ကိုးကန့်တပ်ဖွဲ့ (MNDAA)၊ တအာင်းတပ်ဖွဲ့ (TNLA) နှင့် အာရက္ခတပ်တော် (AA) တို့ပါဝင်သည့် ညီနောင်မဟာမိတ် (၃) ဖွဲ့ကလည်း “မိမိကိုယ်မိမိ ခုခံကာကွယ်သည့် တုံ့ပြန်မှုမျိုးမှလွဲ၍ မိမိတို့ဘက်မှ စတင်ထိုးစစ်ဆင်တိုက်ခိုက်မှု ပြုလုပ်မည်မဟုတ်ဘဲ ဧပြီလ ၁ ရက်မှ (၃၀) ရက်အထိ တစ်လတာ တစ်ဖက်သတ် အပစ်အခတ်ရပ်စဲကြောင်း” ဧပြီလ ၁ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကမူ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့များ (ERO) အချို့အနေဖြင့် လက်ရှိတွင် တိုက်ပွဲဖော်ဆောင်မှုများ မရှိသော်လည်း စုဖွဲ့လေ့ကျင့်ပြင်ဆင်မှုများ ရှိနေသည့်အတွက် လိုအပ်သော ကာကွယ်ရေးလုပ်ငန်းများ ဆက်လုပ်သွားမည်ဖြစ်ကြောင်း ဧပြီလ ၁ ရက်နေ့တွင် ထုတ်ဖော်ပြောဆိုခဲ့ပါသည်။ 11 စစ်ကောင်စီတပ်သည် အာရက္ခတပ်တော် (AA) အပါအဝင် မဟာမိတ်ပူးပေါင်းတပ်များနှင့် စစ်ရေးအရ ရင်ဆိုင်နေရသည့် ဧရာဝတီတိုင်း လေးမျက်နှာမြို့နယ်နှင့် ကွင်းကောက်မြို့အကြား ပုသိမ်-မုံရွာလမ်းဘေးတွင် ဂျက်ဖိုက်တာဖြင့် တိုက်ခိုက်မှုများ၊ စက်တပ်လေထီးဖြင့် ပစ်ခတ်မှုများ ပြုလုပ်ကာ တိုက်ပွဲအတုများ ဖန်တီးခဲ့ကြောင်း သိရသည်။ 12

ဧပြီလ ၂ ရက်တွင်မူ “ဧပြီလ ၂ ရက်မှ ၂၂ ရက်အထိကာလကို ယာယီပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးကာလအဖြစ်” စစ်ကောင်စီ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်ခဲ့သည်။ အဆိုပါကာလအတွင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် အခြားလက်နက်ကိုင်အဖွဲ့များအနေဖြင့် အများပြည်သူအသုံးပြုနေသည့် ဆက်သွယ်ရေးလမ်းကြောင်းများအား နှောင့်ယှက်တိုက်ခိုက်ခြင်း၊ စစ်ကောင်စီ၏ လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ တပ်စခန်းများအား တိုက်ခိုက်ခြင်း၊ တပ်ဌာနချုပ်များအား နှောင့်ယှက်တိုက်ခိုက်ခြင်း၊ အင်အားစုဆောင်းခြင်း၊ ပြင်ဆင်စုဖွဲ့ခြင်း၊ နယ်မြေချဲ့ထွင်ခြင်းများ မပြုရန်နှင့် ပြုလုပ်ပါက လိုအပ်သည့် တုန့်ပြန်မှုများ လုပ်ဆောင်သွားမည်ဟုလည်း သတိပေးထားပါသည်။ 13

ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ကလည်း စစ်ကောင်စီတပ် အပစ်ရပ်သကဲ့သို့ ဧပြီလ ၂ ရက်မှ ၂၂ ရက်အထိ ခုခံကာကွယ်ရေးလုပ်ငန်းများမှလွဲ၍ ထိုးစစ်ဆင်တိုက်ခိုက်မှုများကို ရပ်တန့်ထားမည်ဖြစ်ကြောင်း ကြေညာခဲ့ပါသည်။ သို့သော် စစ်ကောင်စီ၏ အပစ်ရပ်ထုတ်ပြန်ချက်ပါ အပိုဒ် (၄) ပါ အချက်များကို စစ်ကောင်စီဘက်မှလည်း လိုက်နာရန်လိုအပ်ကြောင်း သတိပေးထားပါသည်။

(စကားချပ် – အပိုဒ် (၄) တွင် “ယာယီပစ်ခတ်တိုက်ခိုက်မှု ထုတ်ပြန်ကြေညာထားသည့် ကာလအတွင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် အခြားလက်နက်ကိုင်အဖွဲ့များအနေဖြင့် အများပြည်သူ သွားလာအသုံးပြုလျက်ရှိသည့် ဆက်သွယ်ရေးလမ်းကြောင်းများအား နှောင့်ယှက်တိုက်ခိုက်ခြင်းနှင့် ထိခိုက်ပျက်စီးစေခြင်း၊ ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ကို ထိခိုက်ပျက်စီးစေခြင်း၊ လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေး တာဝန်ထမ်းဆောင်လျက်ရှိသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ တပ်စခန်းများအား တိုက်ခိုက်ခြင်း၊ တပ်ဌာနချုပ်များကို နှောင့်ယှက်တိုက်ခိုက်ခြင်းများ၊ ငြိမ်းချမ်းရေးကို ထိခိုက်ပျက်စီးစေမည့် အင်အားစုဆောင်းခြင်း၊ ပြင်ဆင်စုဖွဲ့ခြင်း၊ နယ်မြေချဲ့ထွင်ခြင်းများကို မပြုရန်နှင့် ထိုကဲ့သို့ ဆောင်ရွက်လာပါက တပ်မတော်အနေဖြင့် ပြည်သူလူထုအား ကာကွယ်သောအားဖြင့် လိုအပ်သည့် အရေးယူတုန့်ပြန်မှုများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးထုတ်ပြန်အပ်ပါသည်” ဟု ဖော်ပြထားသည်)

ဧပြီလ ၃ ရက်၊ နံနက် (၃) နာရီမှစပြီး ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် ဝူယန်ကျေးရွာတဝိုက်ကို စစ်ကောင်စီတပ်မှ လက်နက်ကြီးများ ပစ်ခတ်ခဲ့ပြီး အာဏာသိမ်းစစ်အုပ်စု၏ ရက် (၂၀) ကြာ ယာယီအပစ်ရပ်ကြေညာချက်သည် (၂၄) နာရီပင်မပြည့်ခင် ကျိုးပျက်သွားခဲ့ပါသည်။ ဧပြီလ ၄ ရက်တွင်တော့ ဗန်းမော်မြို့နှင့် အင်းတော်ဒေသများအတွင်း လေကြောင်းမှတဆင့် ဗုံးကြဲတိုက်ခိုက်မှုများကို ထပ်မံလုပ်ဆောင်ခဲ့ပါသည်။ 14

ထို့အပြင် ငလျင်ဒဏ်သင့်ဒေသများဖြစ်သည့် မန္တလေးတိုင်း‌တောင်သာမြို့နယ် သဲတောကျေးရွာကိုလည်း ဧပြီလ ၃ ရက်နေ့က စက်တပ်လေးထီး (၃) စီးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ တောင်သာ – ကျောက်ပန်းတောင်းသွား ကားလမ်းမဘေး ကျရောက်ပေါက်ကွဲခဲ့ပြီး ရေကျော်အလယ်တန်း စာသင်ကျောင်းနှင့် နေအိမ်တချို့ ပျက်စီးခဲ့ရပါသည်။ ထိုနေ့ နံနက် (၆) နာရီအချိန်၊ ညောင်ဦးမြို့နယ် ငါးသ‌ရောက်ရဲစခန်းမှ တင့်ကားနှစ်စီးဖြင့် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်သည် လမ်းဘေးကျေးရွာများဖြစ်သော မြေသန့်တောင်၊ မအူပင်၊ ကြအိုး စသည့် ကျေးရွာများကို စက်သေနတ်များဖြင့် ပစ်ခတ်တိုက်ခိုက်သွားခဲ့သည်။ အဆိုပါစစ်ကြောင်းသည် မတ်လ ၂၀ ရက်ကတည်းက ညောင်ဦးမြို့နယ်နှင့် ချောက်မြို့နယ်အတွင်းရှိ ကျေးရွာများသို့ စစ်ကြောင်းထိုးကာ နေအိမ်များမီးရှို့ဖျက်ဆီးခြင်း၊ ဖမ်းဆီးခြင်းတို့ကြောင့် ဒေသခံပြည်သူ (၂၀ဝ၀ဝ) ခန့် စစ်ဘေးရှောင်နေကြရပါသည်။

စစ်ကိုင်းတိုင်း ဟုမ္မလင်းမြို့နယ် ဖာနိုင်း၊ စန်း ဆိုင်၊ ပဲနို့ဆွတ်ရွာနှင့် ရွှေမှော်နားရွာများကိုလည်း တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဧပြီလ ၃ ရက်၊ နံနက် (၉) နာရီခွဲအချိန်တွင် MI-2 ဘက်စုံသုံးရဟတ်ယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ပါသည်။ ကနီမြို့နယ် မုဌောရွာနှင့် တောင်ပြောက်ရွာတို့ကိုလည်း ထို့နေ့ မွန်းလွဲပိုင်းတွင် စက်တပ်လေထီးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ပါသည်။ 15

ဆိုရသော် အာဏာသိမ်းစစ်အုပ်စု၏ အပစ်ရပ်ကြေညာချက်သည် ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင်ပြုလုပ်သည့် BIMSTEC အစည်းအဝေးတက်ရောက်မည့် စစ်ခေါင်းဆောင်အတွက် မျက်နှာပန်းလှရေး လှည့်စားခဲ့ခြင်းလားဟု သံသယဖြစ်ဖွယ် ရှိပါသည်။ အင်အားပြင်းငလျင် လှုပ်ခတ်မှုကို အကြောင်းပြုပြီး စစ်အုပ်စု၏ ခြေလှမ်းများသည် ငလျင်ဒဏ်သင့်ပြည်သူများအတွက် ဦးတည်လျှောက်လှမ်းနေလား၊ နိုင်ငံတကာအစိုးရများ၏ အသိအမှတ်ပြုမှုရရှိရေးအတွက် “ခွေးတိုးပေါက်” မှ တိုးဝင်နိုင်ရေး ကြိုးပမ်းနေသလား ဟူသည်က စောင့်ကြည့်ရမည်ဖြစ်သည်။

သုံးသပ်တင်ပြချက်

၂၀၂၅ ခုနှစ် မတ်လ ၂၈ ရက်၊ အင်အားပြင်းငလျင် လှုပ်ခတ်မှုကြောင့် ပြိုပျက်သွားသည့် တိုက်တာအိုးအိမ်များ၊ ဘုရားကျောင်း၊ စေတီပုထိုးများ၊ ငလျင်ဒဏ်သင့်ပြည်သူများ၏ သေဆုံးမှု၊ ထိခိုက်ဒဏ်ရာရရှိမှု၊ ပျောက်ဆုံးမှု စသည့်စာရင်းများသည် တရွေ့ရွေ့ တိုးလာနေဆဲဖြစ်သည်။ ဖုန်းလိုင်း၊ အင်တာနက်နှင့် အခြားသော ဆက်သွယ်ရေးလမ်းကြောင်းများ ပြတ်တောက်မှု၊ လျှပ်စစ်မီးပြတ်တောက်မှု စသည့် အခြေခံလိုအပ်ချက်များကြောင့်လည်း ယနေ့အချိန်ထိ ကူညီကယ်ဆယ်ရေးအတွက် လက်လှမ်းမမီသေးသည့် ဒေသများ၊ သတင်းအချက်အလက် ထွက်ပေါ်မလာသေးသည့် နေရာဒေသများ ကျန်ရှိနေဆဲဖြစ်သည်။ ပြည်တွင်းပြည်ပ အလှူရှင်များထံမှ လက်ခံရယူထားသည့် ငွေကြေးနှင့် အခြားသောကူညီကယ်ဆယ်ရေးသုံးပစ္စည်းများသည် အာဏာသိမ်းစစ်အုပ်စုထံတွင်သာ ပုံမပျက်ရှိနေဆဲဖြစ်သည်။ ထို့ကြောင့် ငလျင်ဒဏ်သင့်ပြည်သူများအတွက် အရေးပေါ်ကူညီကယ်ဆယ်ရေးသည် မြန်မြန်ဆန်ဆန် ရောက်ရှိရေးနှင့် မှန်မှန်ကန်ကန် ရောက်ရှိရေးအတွက် အလေးအနက်ထား လုပ်ဆောင်ရဖွယ်ရှိသည်။ ပြည်တွင်းပြည်ပ အလှူရှင်များ၊ အလှူရှင်အဖွဲ့အစည်းများ၊ အလှူရှင်နိုင်ငံများအနေဖြင့် ငလျင်ဒဏ်သင့်ဒေသများနှင့် ငလျင်ဒဏ်သင့်ပြည်သူများထံ မိမိတို့၏ ထောက်ကူပံ့ပိုးမှုများအား နည်းမှန်လမ်းမှန် စီးဆင်းနိုင်ရေးကို စောင့်ကြည့်စီမံရပေလိမ့်မည်။

အာဏာသိမ်းစစ်အုပ်စုသည် မြို့ပေါင်း (၉၅) မြို့ကို တော်လှန်ရေးအင်အားစုများထံ လက်လွှတ်ထားရသည်ကို ထည့်တွက်ရမည်ဖြစ်သလို မြို့အများအပြားကိုလည်း တော်လှန်ရေးတပ်ဖွဲ့များ၏ ဝန်းရံပိတ်ဆို့ထားခြင်းကို ခံထားရပါသည်။ အင်အားပြင်းငလျင်ကြောင့် ထိခိုက်ပျက်စီးမှုကြီးမားသည့် စစ်ကိုင်းမြို့ပေါ်သို့ဖြစ်စေ၊ မန္တလေးမြို့ပေါ်သို့ဖြစ်စေ နိုင်ငံတကာ၏ အကူအညီများ လွယ်လင့်တကူ ရောက်ရှိစေရေးသည် အာဏာသိမ်းစစ်အုပ်စုအတွက် ကန့်သတ်ချက်များစွာ ရှိနေနိုင်ပါသည်။ အမျိုးသားညီညွတ်ရေးအစိုးရအပါအဝင် တော်လှန်ရေးအင်အားစုများမှတဆင့် ငလျင်ဒဏ်သင့်ပြည်သူများထံ ကူညီကယ်ဆယ်ရေးအဖွဲ့များ၊ အရေးပေါ်ကယ်ဆယ်ရေးပစ္စည်များ ရောက်ရှိစေရေးကိုလည်း နည်းလမ်းတခုအဖြစ် အသုံးပြုသင့်ပါသည်။

အိန္ဒိယနိုင်ငံမှ စေတနာ့ဝန်ထမ်း မစ္စကီရန်ဗာမာ မြင်တွေ့ခဲ့ရသည့် အာဏာသိမ်းစစ်အုပ်စု၏ အတွင်းသရုပ်သည် ငလျင်ဒဏ်သင့်ပြည်သူများထံတွင် စိတ်ရင်းစေတနာမှန်ကန်မှုမရှိကြောင်း ပေါ်လွင်နေပြီ မဟုတ်ပါလား။

ထိုနည်းတူစွာ ငလျင်ဒဏ်သင့်ပြည်သူများအတွက် အကြောင်းပြု ဖြစ်တည်လာသော စစ်အုပ်စု၏ ရက် (၂၀) ကြာ ယာယီအပစ်ရပ်ခြင်းသည်လည်း လေကြောင်းတိုက်ခိုက်မှုများ၊ စစ်ကြောင်းထိုးတိုက်ခိုက်မှုများဖြင့် သက်ဝင်လှုပ်ရှားနေဆဲ ဖြစ်ပါသည်။ ထို့ကြောင့် စစ်အုပ်စုကို ဗဟိုပြုတွေးဆနေကြသည့် ပဋိပက္ခချုပ်ငြိမ်းရေး၊ ရေရှည်ငြိမ်းချမ်းရေးနှင့် တွေ့ဆုံဆွေးနွေး ရေး‌ စိတ်ကူးယဉ်မှုများသည် အပစ်ရပ်ကြေညာပြီး (၂၄) နာရီအတွင်းတွင်ပင် လွင့်ပြယ်လုနီးနီး ဖြစ်လာနေကြောင်း တင်ပြအပ်ပါသည်။

1 ဧပြီ ၆ ရက် မြန်မာစံတော်ချိန် ည (၈) နာရီအထိ ငလျင်ကြောင့် သေဆုံးသူ စုစုပေါင်း ၄,၃၁၆ ဦး ရှိလာ၊ DVB Data Team
2 M 7.7 – 2025 Mandalay, Burma (Myanmar) Earthquake, USGS, 3 April 2025
3 ငလျင်ဒဏ် အပြင်းဆုံးခံရသည့် စစ်ကိုင်းမြို့၌ ရှာဖွေကယ်ဆယ်ရေး ထိရောက်စွာ မလုပ်နိုင်သေး၊ DVB၊ ၃၀ မတ် ၂၀၂၅
4 မန္တလေး၌ ပရဟိတ ကယ်ဆယ်ရေးသမား ၁ ဦးကို စစ်တပ်က ပါးရိုက်ပြီး ဆဲဆိုကြိမ်းမောင်း၊ DVB၊ ၁ ဧပြီ ၂၀၂၅
5 ငလျင်ဘေးသင့်ပြည်သူများအား ကူညီခွင့်ပြုရန် MNDAA ကမ်းလှမ်းချက် စစ်ကောင်စီ လက်မခံ၊ DVB၊ ၃၁ မတ် ၂၀၂၅
6 တရုတ်ကြက်ခြေနီယာဉ်တန်းကို ပစ်ခတ်ခဲ့ကြောင်း စစ်ကောင်စီ ဝန်ခံ၊ မြန်မာနောင်း၊ ၂ ဧပြီ ၂၀၂၅
7 ငလျင်ဘေးသင့် ဒေသများအတွက် နိုင်ငံတကာမှ ကူညီထောက်ပံ့ငွေ စုစုပေါင်း အမေရိကန်ဒေါ်လာ ၁၃၆.၈၈ သန်း ခန့် ရရှိထား၊ DVB၊ ၆ ဧပြီ ၂၀၂၅
8 မြန်မာငလျင်ဘေးအတွက် ခွဲစိတ်ကုသရေးပစ္စည်းများ အပါအဝင် တန်ချိန် ၃ တန်ခန့် WHO ထောက်ပံ့၊ DVB၊ ၁ ဧပြီ ၂၀၂၅
9 All I can say is Pray For Myanmar. https://www.facebook.com/ikiranverma/
10 စစ်တပ်ထိန်းချုပ်သည့် ဒေသများ၌ ကူညီကယ်ဆယ်ရေး လုပ်ဆောင်နိုင်ခြင်းမရှိဟု NUG ထုတ်ပြန်၊ DVB၊ ၃၀ ဧပြီ ၂၀၂၅
11 လိုအပ်တဲ့ကာကွယ်ရေးဆက်လုပ်မယ်လို့ စစ်ခေါင်းဆောင်ပြော၊ ဘီဘီစီ၊ ၂ ဧပြီ ၂၀၂၅
12 ငလျင်လှုပ်ပြီးနောက် ဧရာဝတီတိုင်း၌ AAနှင့်ပူးပေါင်းတပ်များ ထိုးစစ်ရပ်ထားချိန် စစ်ကောင်စီက တိုက်ပွဲအတုများ ဖန်တီး၊ People Spring ၊ ၂ ဧပြီ ၂၀၂၅
13 ယာယီပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးအတွက် ထုတ်ပြန်ချက်၊ တပ်မတော်ကာကွယ်ရေးစီးချုပ်ရုံး၊ ၂ ဧပြီ ၂၀၂၅
14 အပစ်ရပ်ကြေညာထားသော်လည်း စစ်တပ်က ကချင်ပြည်နယ်၌ လက်နက်ကြီးဖြင့် ပစ်ခတ်၊ လေကြောင်းတိုက်ခိုက်၊ DVB၊ ၃ ဧပြီ ၂၀၂၅
15 အပစ်ရပ် စစ်ကောင်စီက ဟုမ္မလင်း၊ တောင်သာနှင့် ကနီတို့ကို လေကြောင်းတိုက်ခိုက်၊ DVB၊ ၃ ဧပြီ ၂၀၂၅

သမ္မတ ထရန့် အဖက်တ်၊ မြန်မာ့မီဒီယာ အကျပ်အတည်းနှင့် ခြိမ်းခြောက်ခံနေရသော ပြည်သူလူထု၏ သတင်းသိခွင့်

နိဒါန်း နှစ်ပေါင်း (၈၀) ကျော်ကြာ မြန်မာပြည်သူလူထုနှင့် ရင်းနှီးလာခဲ့သည့် အမေရိကန်အသံ - မြန်မာ (VOA -Burmese) ၏ သတင်းထုတ်လုပ်မှုအစီအစဉ်များသည် ၂၀၂၅ ခုနှစ် မတ်လ ၁၆ ရက်ကစပြီး ရပ်နားသွားခဲ့ပြီဖြစ်သည်။ နောက်ထပ် အမေရိကန်အစိုးရ၏ ရန်ပုံငွေပံ့ပိုးမှုဖြင့် လည်ပတ်လာခဲ့သည့် အာအက်ဖ်အေ (Radio...

တာဝန်ယူ၊ တာဝန်ခံရေးနှင့် ပသုံးလုံး ပြုပြင်ပြောင်းလဲရေး

နိဒါန်း စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေးအတွက် ဦးတည်လျှောက်လှမ်းနေကြသည့် နွေ‌ဦးတော်လှန်ရေးကာလအတွင်း ပသုံးလုံး၏ အပုတ်နံ့သည် နိုင်ငံတဝှမ်းလုံးတွင် ပျံ့လွင့်လာခဲ့ပြီဖြစ်သည်။ အနှီပသုံးလုံး၏ အပုတ်နံ့ပျံ့နှံ့လာခြင်းကို အလျင်အမြန် ရပ်တန့်နိုင်မှသာလျှင် နွေဦးတော်လှန်ရေး၏ ပွင့်ဖက်ပွင့်ချပ်များကို ဝင့်ကြွားထည်ဝါနိုင်စေလိမ့်မည်။ ထိုအတွက် ပသုံးလုံး ပြုပြင်ပြောင်းလဲရေးသည် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အတွက် စစ်ရေး၊ နိုင်ငံရေးနှင့် နိုင်ငံတကာအရေးကိစ္စများနည်းတူ ရှေ့ဆုံးဦးစားပေးလုပ်ငန်းစဉ်တရပ်...

စစ်အုပ်စု၏ လေကြောင်းရန်နှင့် ရင်ဆိုင်လာရသည့် တော်လှန်ရေးအင်အားစုများနယ်မြေမှ စစ်သုံ့ပန်းများ

နိဒါန်း ၂၀၂၁ ခုနှစ် ဖေ‌ဖော်ဝါရီ ၁ ရက်၊ စစ်အာဏာသိမ်းချိန်မှစပြီး အာဏာသိမ်းစစ်ကောင်စီကို တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့ (ERO) များအပါအဝင်၊ မြို့ပြဒေသအလိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ (PDF-LDF) မှ နည်းမျိုးစုံဖြင့် လက်နက်ကိုင် တော်လှန်လျက်ရှိကြသည်။ စစ်ကောင်စီဘက်က ရက်စက်ကြမ်းကြုတ်သည့် နည်းလမ်းမျိုးစုံသုံးကာ တော်လှန်ရေးအင်အားစုများကို တိုက်ခိုက်မှုများ ပြုလုပ်လျက်ရှိသည်။ စစ်ကောင်စီသည် ၁၀၂၇...