27 ဇွန် 2025 /

See today's Peace Related News

Homeသတင်းသုံးသပ်ချက်စစ်ကောင်စီတပ်၏ အလိမ်အညာအပစ်ရပ်ခြင်းနှင့် ပြည်သူလူထုအပေါ် ခြိမ်းခြောက်နေဆဲ လေကြောင်းရန်

စစ်ကောင်စီတပ်၏ အလိမ်အညာအပစ်ရပ်ခြင်းနှင့် ပြည်သူလူထုအပေါ် ခြိမ်းခြောက်နေဆဲ လေကြောင်းရန်

နိဒါန်း

သပိတ်ကျင်းမြို့နယ်အတွင်း စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုဖြစ်စဉ်သည် အရပ်သားပြည်သူ ရာနှင့်ချီ သေဆုံးခဲ့ရသည့် ပဇီကြီးဖြစ်စဉ်ကို အမှတ်ရစေသည်။ “ကြွက်မနိုင် ကျီမီးနဲ့ရှို့” ဆိုသည့်စကားလို အာဏာသိမ်းစစ်အုပ်စုသည် လက်နက်ကိုင်တော်လှန်ရေးအင်အားစုများအား အရှုံးကြီးရှုံးနေရခြင်းကြောင့် လက်နက်မဲ့ အရပ်သားပြည်သူများကို လေကြောင်းကတဆင့် ပစ်မှတ်ထားတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

အင်အားပြင်းငလျင်လှုပ်ခဲ့မှုအား အကြောင်းပြုပြီး တိုင်းသိပြည်သိ ကမ္ဘာသိအောင် “အပစ်ရပ်ကြောင်း” ကြေညာထားသည့်တိုင် စစ်အုပ်စု၏ လေကြောင်းမှတဆင့် ဗုံးကြဲတိုက်ခိုက်မှုများကမူ တစ်ရက်မျှရပ်တန့်ခဲ့ခြင်းမရှိပေ။ အာဏာသိမ်းစစ်အုပ်စု၏ လေကြောင်းရန်သည် အရပ်သားပြည်သူများအပေါ် ကြီးမားစွာခြိမ်းခြောက်နေဆဲဖြစ်ပါသည်။

ယခုတစ်ပတ် BNI-Myanmar Peace Monitor ၏ အပတ်စဉ်သတင်းသုံးသပ်ချက်တွင် သပိတ်ကျင်းမြို့နယ်အတွင်းရှိ လေကြောင်းတိုက်ခိုက်မှုဖြစ်စဉ်နှင့် စစ်အုပ်စု၏ အလိမ်အညာအပစ်ရပ်ကာလအတွင်း လေကြောင်းတိုက်ခိုက်မှုဖြစ်စဉ်များကို လက်လှမ်းမီသမျှ လေ့လာတင်ပြသွားပါမည်။

သပိတ်ကျင်း၊ ရေထွက်ရွာ လေကြောင်းတိုက်ခိုက်မှုဖြစ်စဉ်

တိတိကျကျဆိုရလျှင် အာဏာသိမ်းစစ်ခေါင်းဆောင်နှင့် အာဆီယံအလှည့်ကျဥက္ကဌ မလေးရှားဝန်ကြီးချုပ်တို့၏ ဧပြီလ ၁၇ ရက်၊ ညပိုင်းအချိန် တွေ့ဆုံမှုအပြီး ၂၀၂၅ ခုနှစ် ဧပြီလ ၁၈ ရက်နေ့၊ နံနက် (၁၀) နာရီဝန်းကျင်တွင် မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ် လိပ်ကျကျေးရွာကို စစ်ကောင်စီတပ်က ပေါင် (၃၀ဝ) ဗုံးဖြင့် လေကြောင်းမှတဆင့် ကြဲချတိုက်ခိုက်ခဲ့ပါသည်။ ထိုသို့ တိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ (၁၃) ဦး သေဆုံးခဲ့ရသည်။ ဧပြီလ ၁၆ ရက်၊ နံနက်ပိုင်းတွင်လည်း အဆိုပါလိပ်ကျကျေးရွာကိုပင် စစ်ကောင်စီတပ်က လေကြောင်းမှတဆင့် ဗုံးကြဲတိုက်ခိုက်ခဲ့သေးသည်။

ဧပြီလ ၁၉ ရက် မွန်းလွဲ (၁) နာရီဝန်းကျင်တွင်လည်း သပိတ်ကျင်းမြို့နယ် ရေထွက်ကျေးရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိပါဘဲ စစ်ကောင်စီတပ်က လေကြောင်းမှတဆင့် ဗုံးကြဲတိုက်ခိုက်ခဲ့ပါသည်။ ထိုဖြစ်စဉ်တွင် ကျေးရွာအတွင်းရှိ ဓာတ်ဆီဆိုင်နေရာကို ဗုံးသီးများ ကျရောက်ပေါက်ကွဲခဲ့ရာ (၂) နှစ်အရွယ်ကလေးငယ်အပါအဝင် ဒေသခံ အရပ်သားပြည်သူ (၂၄) ဦး သေဆုံးခဲ့ရပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြပါသည်။

သပိတ်ကျင်းမြို့နယ် ရေထွက်ကျေးရွာကို စစ်ကောင်စီလေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်အပြီး တွေ့ရစဉ်။ ဓာတ်ပုံ – CJ (လူထုနွေဦး)

အဆိုပါ နှစ်ရက်ဆက်တိုက် လေကြောင်းတိုက်ခိုက်မှုဖြစ်စဉ်များအတွင်း ကလေးသူငယ်နှင့် အမျိုးသမီးများအပါအဝင် အရပ်သားပြည်သူ (၃၇) ဦးအထိ သေဆုံးခဲ့ရပြီး စိုးရိမ်အခြေအနေဖြင့် ထိခိုက်ဒဏ်ရာရရှိနေသူများ၊ ပျောက်ဆုံးနေသူများပင်ရှိနေကြောင်း သိရပါသည်။ 1

သပိတ်ကျင်းမြို့နှင့် မြို့နယ်အတွင်းရှိ ကျေးရွာအများစုကို ၂၀၂၄ ခုနှစ် သြဂုတ်လ ၂၅ ရက်နေ့တွင် စစ်အုပ်စုထံမှ တော်လှန်ရေးအင်အားစုများက အပြည့်အဝ သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ပြီး အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ အုပ်ချုပ်ရေးယန္တရားများ လည်ပတ်နေခဲ့ပြီဖြစ်သည်။ သို့သော် ၂၀၂၄ ခုနှစ် မတ်လဆန်းပိုင်းကတည်းက စတင်ခဲ့သည့် စစ်ကောင်စီတပ်၏ လေကြောင်းမှတဆင့် ဗုံးကြဲတိုက်ခိုက်မှုများကမူ ယနေ့အချိန်ထိ ရပ်တန့်သွားခြင်းမရှိဘဲ သပိတ်ကျင်းမြို့နယ်အပါအဝင် တော်လှန်ရေးအင်အားစုများ ထိန်းချုပ်သိမ်းပိုက်ထားသည့် စဥ့်ကူးမြို့နယ်၊ မိုးကုတ်မြို့နယ်များအတွင်းရှိ ဒေသခံပြည်သူများအား လေကြောင်းမှတဆင့် ပစ်မှတ်ထား တိုက်ခိုက်ခံနေဆဲ ဖြစ်ပါသည်။

အလိမ်အညာ အပစ်ရပ်ကြေညာချက်နှင့် ခြိမ်းခြောက်နေဆဲ လေကြောင်းရန်

အင်အားပြင်းငလျင်လှုပ်ခတ်မှုကို အကြောင်းပြုပြီး ၂၀၂၅ ခုနှစ် ဧပြီလ ၂ ရက်မှ ၂၂ ရက်အထိ စစ်ကောင်စီ၏ ယာယီအပစ်ရပ်ကာလအတွင်း နေ့စဉ်ရက်ဆက် လေကြောင်းတိုက်ခိုက်မှုဖြစ်စဉ်များကို ထောက်ရှုပါက စစ်အုပ်စု၏ အပစ်ရပ်ကြေညာချက်သည် အလိမ်အညာ သပ်သပ်သာဖြစ်ကြောင်း ထင်ရှားပါသည်။ ထို့ကြောင့် ဧပြီလ ၂၂ ရက်မှ ၃၀ ရက်အထိ သက်တမ်းထိုးထားသည့် ဒုတိယအကြိမ် အပစ်ရပ်ကာလအတွင်းလည်း မြန်မာပြည်သူလူထုအဖို့ စစ်အုပ်စု၏ လေကြောင်းရန်ကို အမြဲတစေ သတိချပ်နေရပေလိမ့်မည်။

မိမိတို့ BNI – Myanmar Peace Monitor ၏ မှတ်တမ်းအရ ဧပြီလ ၂ ရက်မှ ၂၂ ရက်အထိ စစ်ကောင်စီ၏ ယာယီအပစ်ရပ်ကာလအတွင်း နိုင်ငံတဝှမ်း မြို့နယ်ပေါင်း (၄၀) တွင် လေကြောင်းမှတဆင့် ဗုံးကြဲတိုက်ခိုက်မှုဖြစ်စဉ်ပေါင်း (၇၁) ခုအထိရှိခဲ့ပြီး အဆိုပါတိုက်ခိုက်မှုများအတွင်း ဒေသခံအရပ်သားပြည်သူ (၁၁၈) ဦး သေဆုံးခဲ့ရသည်ကို တွေ့ရသည်။

ယာယီအပစ်ရပ်ကာလအတွင်း တိုင်းနှင့်ပြည်နယ်အလိုက် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများကို လေ့လာကြည့်ပါက ရန်ကုန်တိုင်းမှအပ အခြားသော ပြည်နယ်နှင့်တိုင်း (၁၃) ခုစလုံးတွင် လေကြောင်းတိုက်ခိုက်မှုများကို နေ့စဉ်ရက်ဆက်ကျူးလွန်ခဲ့ခြင်းဖြစ်ပြီး အင်အားပြင်းငလျင်လှုပ်ခတ်မှုကို အပြင်းထန်ဆုံး ရင်ဆိုင်ကြုံတွေ့ခဲ့ရသည့် မန္တလေးနှင့် စစ်ကိုင်းတိုင်းတို့သည် စစ်ကောင်စီတပ်၏ လေကြောင်းမှတဆင့် ဗုံးကြဲတိုက်ခိုက်မှု အခံရဆုံးဒေသများ ဖြစ်ခဲ့ပါသည်။ မြို့နယ်အလိုက် လေကြောင်းတိုက်ခိုက်မှု အခံရဆုံးမြို့နယ်များအဖြစ် တော်လှန်ရေးအင်အားစုများ ထိန်းချုပ်သိမ်းပိုက်ထားရာ မန္တလေးတိုင်း စဥ့်ကူးနှင့် သပိတ်ကျင်းမြို့နယ်၊ ရှမ်းမြောက်ဒေသရှိ နောင်ချိုမြို့နယ်၊ ကချင်ပြည်နယ် အင်းတော်မြို့နယ်၊ တိုက်ပွဲများပြင်းထန်နေသည့် ဧရာဝတီတိုင်း လေးမျက်နှာမြို့နယ်၊ ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်၊ ကရင်ပြည်နယ် ကော့ကရိတ်နှင့် ဖာပွန်မြို့နယ်တို့ ပါဝင်နေပါသည်။ 2

စစ်အာဏာသိမ်းကာလတလျှောက် စောင့်ကြည့်လာခဲ့သည့် BNI – Myanmar Peace Monitor ၏ မှတ်တမ်းအရ ၂၀၂၁ ခုနှစ် မတ်လမှစတင်ပြီး အာဏာသိမ်းစစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုများကို စတင်တွေ့ရှိခဲ့ရပါသည်။ ထို့နောက် စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေး၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးကို ဦးတည်သည့် နွေဦးတော်လှန်ရေး၏ ခုခံတော်လှန်စစ် အရှိန်အဟုန်မြှင့်တက်လာခဲ့ပြီး အာဏာသိမ်းစစ်အုပ်စု၏ စစ်စခန်းများ လက်လွှတ်ဆုံးရှုံးရချိန်နှင့် စစ်ကောင်စီတပ်သားများ အကျအဆုံးများပြားချိန်များတွင် စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုများကို ပိုမိုမြင်တွေ့လာခဲ့ရပါသည်။

၂၀၂၃ ခုနှစ် အောက်တိုဘာလ ၂၇ ရက်တွင် စတင်ခဲ့သည့် “၁၀၂၇ စစ်ဆင်ရေး” အလွန်ကာလများတွင်တော့ စစ်ကောင်စီတပ်သည် မြေပြင်အင်အား လုံးဝ ယိုင်နဲ့ပြိုပျက်သွားခဲ့ရပြီး လေကြောင်းမှတဆင့် ဗုံးကြဲတိုက်ခိုက်ခြင်း နည်းလမ်းတစ်ခုတည်းကို ပိုမိုအားပြုလာရသည်ကို အချက်အလက်များက ပြဆိုနေပါသည်။ တဆက်တည်းတွင် မြေပြင်အင်အား ဖြည့်တင်းရေးအတွက် “စစ်မှုထမ်းဥပဒေ” ကိုပြဌာန်းကာ လူငယ်လူရွယ်များအား အဓမ္မစစ်မှုထမ်းစေခဲ့သော်လည်း အချိန်နှင့်အမျှ ပိုမိုအင်အားတောင့်တင်းလာခဲ့သည့် တော်လှန်ရေးအင်အားစုများ၏ ခုခံတော်လှန်စစ်နှင့် ထိုးစစ်အရှိန်အဟုန်အောက်တွင် ရုန်းကန်နေရဆဲဖြစ်ပါသည်။

မြို့ပေါင်း (၉၆) မြို့နှင့် ရာနှင့်ချီသော စစ်စခန်းပေါင်းများစွာကို တော်လှန်ရေးအင်အားစုများထံ လက်လွတ်ဆုံးရှုံးထားရသည့် အာဏာသိမ်းစစ်အုပ်စုအတွက်မူ လေကြောင်းမှတဆင့် တိုက်ခိုက်မှုများကိုသာ အားကိုးရာဖြစ်ခဲ့ပြီး ၂၀၂၅ ခုနှစ် ဧပြီလ ၂၂ ရက်အထိ စစ်အာဏာသိမ်းကာလတလျှောက် လေကြောင်းမှတဆင့် ဗုံးကြဲတိုက်ခိုက်မှုဖြစ်စဉ်ပေါင်း (၂၀၉၆) ခုရှိခဲ့ပြီး လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ရသည့် အရပ်သားပြည်သူပေါင်း (၂၁၄၉) ဦးအထိ ရှိခဲ့သည်ကို တွေ့ရပါသည်။ 3

ထို့ကြောင့် မြေပြင်အင်အား ယိုင်နဲ့ပြိုပျက်နေသော အာဏာသိမ်းစစ်ကောင်စီတပ်၏ အပစ်ရပ်ကြေညာချက်သည် လူကြားကောင်းရုံ ကြေညာချက်တစ်ခုသာဖြစ်ပြီး အမှန်တကယ် ပြည်သူလူထု၏ အသက်အိုးအိမ်များအား နေ့စဉ်နှင့်အမျှ ခြိမ်းခြောက်နေသော စစ်ကောင်စီတပ်၏ လေကြောင်းရန်ကို ရပ်တန့်နိုင်ရေးသည် ပိုမိုအလေးထားစဉ်းစားရမည့်အခြေအနေ ဖြစ်လာပါသည်။

သုံးသပ်တင်ပြချက်

ကလေးသူငယ်များ၊ အမျိုးသမီးများအပါအဝင် အရပ်သားပြည်သူ (၁၆၀) ကျော် သေဆုံးခဲ့ရသည့် စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် ပဇီကြီးရွာ လေကြောင်းတိုက်ခိုက်မှုဖြစ်စဉ်နှင့်ပတ်သက်ပြီး အာဏာသိမ်းစစ်ကောင်စီ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်း၏ ပြောဆိုဝန်ခံချက်ကို ကြည့်ရှုပါက မြန်မာတဝှမ်းလုံးရှိ အရပ်သားပြည်သူအားလုံး၏ အသက်များ၊ ဘဝများ၊ အိုးအိမ်စည်းစိမ်များအားလုံးကို ၎င်းတို့၏ စစ်အာဏာသိမ်းမှုအောင်မြင်ရေးအတွက် နင်းချေဖျက်ဆီးပစ်ဖို့ ဝန်လေးဟန်မရှိပေ။

တော်လှန်ရေးအင်အားစုများ၏ ထိန်းချုပ်နယ်မြေများအတွင်းရှိ အရပ်သားပြည်သူများအားလုံးကို တော်လှန်ရေးအင်အားစုများနှင့် ပူးပေါင်းသူ၊ ထောက်ခံအားပေးသူများအဖြစ် စစ်အုပ်စုက မှတ်ယူထားပြီး ၎င်းတို့၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် သေဆုံးခဲ့ရသည့် အရပ်သားပြည်သူများနှင့်ပတ်သက်ပြီး “တိုက်ခိုက်မှုတွေရှိရင် ဘေးထွက်ဆိုးကျိုးတွေရှိမှာပဲ” 4 ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောဆိုထားပါသည်။

ကရင်အမျိုးသားအစည်းအရုံး (KNU) ကတော့ စစ်ကောင်စီ၏ ဧပြီ ၂ ရက်မှ ၂၂ ရက်အထိ အပစ်အခတ်ရပ်စဲရေးကြေညာချက်ကို “ဆိတ်ခေါင်းချိတ်ပြီး ခွေးသားရောင်း” – ခွေးသရေခြုံ အပစ်အခတ်ရပ်စဲရေးကြေညာချက်ဖြစ်ကြောင်း ၂၀၂၅ ခုနှစ် ဧပြီလ ၂၆ ရက်တွင် ထုတ်ပြန်ခဲ့ပါသည်။ အဆိုပါ အပစ်ရပ်ကာလအတွင်း KNU ၏ ကော်သူးလေအုပ်ချုပ်နယ်မြေအတွင်းတွင်ပင် စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုများ၊ လက်နက်ကြီးပစ်ခတ်မှုများ၊ ပြည်သူလူထု၏ နေအိမ်များကို မီးရှို့ဖျက်ဆီးမှုများ၊ အရပ်သားပြည်သူများအား အကြောင်းမဲ့ဖမ်းဆီးမှုများ စသည့် လူ့အခွင့်အရေးချိုးဖောက်သည့် လုပ်ရပ်ပေါင်း (၁၁၀) ထက်မနည်း ရှိခဲ့သည်ဟု ဆိုပါသည်။ 5

မြန်မာနိုင်ငံအား ပုံမှန်အခြေအနေပြန်ရောက်ရေးအတွက် ကြိုးပမ်းအားထုတ်လျက်ရှိသည့် အာဆီယံအလှည့်ကျဥက္ကဌအပါအဝင် နိုင်ငံတကာအစိုးရများ၊ နိုင်ငံတကာအဖွဲ့အစည်းများအနေဖြင့် စစ်အုပ်စု၏ အပစ်ရပ်ကြေညာချက်ကို ကြိုဆိုသကဲ့သို့ နောက်ဆက်တွဲလုပ်ရပ်များကိုလည်း အလေးထားစောင့်ကြည့်နိုင်မှသာ အာဏာသိမ်းစစ်အုပ်စု၏ အလိမ်ခံရမှုမှ ရှောင်လွှဲနိုင်ပေလိမ့်မည်။ အထူးသဖြင့် မြန်မာပြည်သူလူထုတရပ်လုံးကို ကောင်းကင်ယံမှတဆင့် ခြိမ်းခြောက်နေဆဲဖြစ်သော စစ်အုပ်စု၏ လေကြောင်းရန်ကို ရပ်တန့်နိုင်ရေး အလေးပေးဆောင်ရွက်ရမည်ဖြစ်ကြောင်း တင်ပြအပ်ပါသည်။

1 ရေထွက်ရွာ စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှု သေဆုံးသူထပ်တိုး၊ ကလေးငယ်တွေအပါအဝင် ၂၄ ဦးအထိရှိလာ၊ လူထုနွေဦး၊ ၂၀ ဧပြီ ၂၀၂၅
2 Military Junta’s Airstrikes in Myanmar, BNI-MPM’s Dataset, 2 – 22 April 2025
3 Military Junta’s Airstrikes in Myanmar, BNI-MPM’s Dataset, 1 Feb 2021 – 22 April 2025
4 Myanmar military government defends rule minutes before deadly quake hits, Al Jazeera, 13 April 2025
5 “ဆိတ်ခေါင်းချိတ်ပြီး ခွေးသားရောင်း” − စစ်ကောင်စီ၏ ခွေးသရေခြုံ အပစ်အခတ်ရပ်စဲရေး ကြေငြာချက်၊ KNU ၊ ၂၆ ဧပြီ ၂၀၂၅