တနင်္သာရီတိုင်း၊ ကော့သောင်းမြို့ပေါ်နှင့် ကျေးရွာများတွင် စစ်ကောင်စီတပ်က ဆန်ရောင်းဝယ်ခွင့် ကန့်သတ်လိုက်တာကြောင့် ဆန်ဝယ်ယူလို့မရသည့်အခြေအနေနှင့် ကြုံနေရသည်ဟု ကော့သောင်းဒေသခံများက ပြောသည်။
ပြီးခဲ့သည့် ဩဂုတ်လ ၂၀ ရက်နေ့ကစပြီး ကော့သောင်းမြို့ပေါ်ရှိ ဆန်ဆိုင်များကို စစ်ကောင်စီက ဆန်ရောင်းဝယ်ယူခွင့် ပိတ်ပင်လိုက်တာကြောင့် နယ်ဘက်ရှိဆန်ဆိုင်များ၌ ဆန်ဝယ်ယူ၍မရတော့ဟု ၎င်းတို့ကဆိုသည်။
ကော့သောင်းမြို့ပေါ်ရှိ ဆန်ဆိုင်များကို ဆန်ရောင်းဝယ်ခွင့် ပိတ်ပင်လိုက်တာကြောင့် ကော့သောင်းမြို့နယ်ထဲက ရွှေပြည်စိုး၊ ရှစ်မိုင်၊ ကံပုံကြီးနား၊ ၁၀ မိုင်၊ ၁၄ မိုင်၊ ၁၂ မိုင်၊ တာညုံပါဒ၊ ၁၅ မိုင်၊ ဘန်းကချွန်၊ ၂၂ မိုင်နှင့် မလိဝမ်း စသည့် ကျေးရွာ ၁၁ ရွာကျော်က ဆန်ဆိုင်များတွင် ဆန်ပြတ်လပ်နေကြောင်း ဒေသခံများက ပြောသည်။
အမည်မဖော်လိုသည့် ဆယ်မိုင်ကျေးရွာခံတစ်ဦးက စစ်ကောင်စီက ထိုသို့ဆန်ရောင်းဝယ်ခွင့် ပိတ်ပင်လိုက်တာကြောင့် မိသားစုတချို့သည် ထမင်းစားရရေးအတွက် ဆန်ရှိသောနေအိမ်များ၌ လိုက်လံချေးငှား စားသောက်နေရကြောင်း ပြောဆိုသည်။
စစ်ကောင်စီကတော့ ဆန်ရောင်းဝယ်ခွင့် ပိတ်ပင်လိုက်တာက တောတောင်ထဲရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF များကို ဆန်ထောက်ပံ့ပေးသည်ဆိုသည့် အကြောင်းပြချက်နှင့် ဆန်ဆိုင်များကို ရောင်းချဝယ်ယူမှုကို တားမြစ်ပိတ်ပင်ခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။
တဖက်တွင်လည်း ကော့သောင်းမြို့ထဲက ဆန်ဆိုင်အချို့၌ ဆန်အနည်းငယ်ကို ဦးရာစနစ်နှင့် တစ်အိမ်ထောင်ကို ခွဲတမ်းနှုန်းကျ ရောင်းချစနစ်ဖြင့် ရောင်းချပေးနေကြောင်းနှင့် ယင်းလုပ်ရပ်ကို စစ်ကောင်စီတပ်နှင့် ကော့သောင်းမြို့ရှိ ခရိုနီသူဌေးများက ပူးပေါင်းလုပ်ဆောင်ခြင်းဖြစ်သည်ဟု ဒေသခံများ၏ ပြောပြချက်အရ သိရသည်။
လက်ရှိ၌ ကော့သောင်းမြို့တွင် ထိုင်းဘက်ခြမ်းကဝင်သည့် ထိုင်းဆန်များရှိသော်လည်း ဆန်တစ်အိတ်ကို ဘတ် ၁၀၀၀ ကျော် ပေါက်ဈေးရှိတာကြောင့် အခြေခံလူတန်းစား ပြည်သူများအနေနှင့် ဝယ်မစားနိုင်ဘဲ အခက်အခဲဖြစ်နေကြသည်ဟု ဆိုကြသည်။
တနင်္သာရီတိုင်းအတွင်း စစ်အုပ်ချုပ်ရေးကြေညာထားသည့် တနင်္သာရီမြို့နှင့် ပုလောမြို့တို့တွင် စစ်ကောင်စီတပ်က ဆန်အပါအဝင် ဆေးဝါးသယ်ယူခွင့်ကို ကန့်သတ်ထားပြီး အခုအခါ ကော့သောင်းမြို့နယ်တွင်လည်း ဆန်ရောင်းဝယ်ခွင့်ကို ကန့်သတ်လာခြင်းဖြစ်သည်။
သံလွင်တိုင်းမ် ပေးပို့သည်။