စစ်၊ ငြိမ်းချမ်းရေးနှင့် Covid-19

0
629

၂ ဇွန် ၂၀၂၀

မြန်မာနိုင်ငံသည် ကိုဗစ်နှင့် စစ်ကို တစ်ပြိုင်တည်း ရင်ဆိုင်နေရသည်။ တစ်ဖက်တွင် ရပ်တန့်တစ်ဆို့နေသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကလည်း ရှိနေပြန်သည်။ ကမ္ဘာ့နိုင်ငံတော်တော်များများတွင်လည်း အလားတူ အခြေအနေမျိုး ရင်ဆိုင်ကြုံတွေ့နေရပါသည်။ ကိုဗစ် (Covid-19) ၊ ပြည်တွင်းစစ်နှင့် ငြိမ်းချမ်းရေးလုပ်ငန်းဆိုင်ရာ ကိန်းဂဏန်းများကို စေ့ငုလေ့လာကြည့်ကြပါစို့။

ကမ္ဘာတစ်ဝှမ်း စစ်ပွဲများ၊ ပဋိပက္ခများကို အချက်အလက်ကောက်ယူ သုတေသနပြုလျက်ရှိသော Acled Data ၏ နေ့စဉ်ဖော်ပြချက်အရတော့ ကိုဗစ်ကာလအတွင်း ကမ္ဘာ့နိုင်ငံအများစု၏ စစ်ပွဲဖြစ်ပွားမှုကိန်းဂဏန်းများ လျော့ကျ လာသည်ကို ယေဘုယျအားဖြင့် တွေ့ရသည်။ သို့သော်လည်း အချို့သော နိုင်ငံများ၏ စစ်အရှိန်က မြင်တက် နေဆဲဖြစ်သလို စစ်အရှိန် မလျော့ဘဲ မတက်ဘဲ ပုံမှန်စစ်ဖြစ်နေသည့် နိုင်ငံများကိုလည်း တွေ့ရပါသည်။ မြန်မာ နိုင်ငံ၏ ပြည်တွင်းစစ်အရှိန်သည်လည်း မလျော့ဘဲ၊ မတက်ဘဲ အခြေအနေတွင်ပင် ရှိနေသည်ဟု ဆိုရပါမည်။

Covid – 19 ကာလအတွင်း တပ်မတော်နှင့် တိုင်းရင်းရင်းသားလက်နက်ကိုင်အဖွဲ့များအကြား တိုက်ပွဲများ ဖြစ်ပွား နေဆဲဖြစ်သည်။ BNI – Myanmar Peace Monitor ၏ နေ့စဉ်စောင့်ကြည့်မှုအရတော့ တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA) လက်မှတ်ရေးထိုးထားသော KNU၊ RCSS/SSAနှင့် တပ်မတော် အကြား တိုက်ပွဲဖြစ်ပွားခဲ့သလို NCA လက်မှတ်မထိုးထားသည့် KNPP ၊ TNLA ၊ SNA ၊ ULA/AAနှင့် တပ်မတော် အကြားလည်း တိုက်ပွဲဖြစ်ပွားခဲ့ပါသည်။ ထို့အပြင် တပ်မတော်နှင့် ARSA တို့ အကြားလည်း တိုက်ပွဲဖြစ်ပွားခဲ့ပါ သည်။

ကိုရိုနာဗိုင်းရပ်စ်နှင့် စစ်ဒဏ်သင့် မြေဇာပင်များ
BNI – Myanmar Peace Monitor၏ နေ့စဉ်သတင်းစောင့်ကြည့်မှုမှတ်တမ်းအရ တိုက်ပွဲဖြစ်ပွားမှုရက်များ လျော့ နည်းသွားသည်ကို တွေ့ရသော်လည်း တိုက်ပွဲဟု မမည်ဘဲ လက်နက်ကြီး ကျည်ကျရောက်ပေါက်ကွဲခြင်း ၊ မည်သည့်အဖွဲ့မှ ပစ်မှန်းမသိသော ကျည်ဆံထိမှန်မှုများ၊ မြေမြှုပ်မိုင်းပေါက်ကွဲမှုများ စသည့် စစ်ပွဲ၏ ဘေးထွက် ဆိုးကျိုးကြောင့် သေဆုံးခြင်း ၊ ထိခိုက်ဒဏ်ရာရရှိခြင်း၊ ဖမ်းဆီးခံရခြင်း စသော မြေဇာပင်ပြည်သူများ၏ ကိန်း ဂဏန်းများကတော့ မြင့်တက်လျက်ရှိပါသည်။

မြန်မာနိုင်ငံအတွင်း ကိုရိုနာဗိုင်းရပ်စ်(Covid-19)ပိုးတွေ့ရှိမှုနှင့် စစ်ကြောင့် ဖြစ်သော မြေဇာပင်ကိန်းဂဏန်းများ ကို အောက်တွင် ရှုကြည့်ပါ။

၂၀၁၉ နှစ်ကုန်ပိုင်းတွင် တရုတ်နိုင်ငံ ဝူဟန်မြို့ သားရိုင်းတိရိစ္ဆာန်စျေးတစ်ခုမှာ စတင်တွေ့ရှိခဲ့သည့် ကိုရိုနာဗိုင်း ရပ်စ်ပိုးသည် တစ်ကမ္ဘာလုံးတွင် ကူးစက်လျက်ရှိပါသည်။ မြန်မာနိုင်ငံတွင်လည်း ၂၀၂၀ မတ်လ ၂၃ရက်နေ့တွင် ချင်းပြည်နယ် တီးတိန်မြို့၌ အမေရိကန်နိုင်ငံမှ ပြန်လာသူတစ်ဦးမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး စတင်တွေ့ရှိခဲ့ပါသည်။ ဇွန်လ ၂ရက်နေ့တွင်တော့ မြန်မာတစ်နိုင်ငံလုံးတွင် ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ့ရှိသူ (၂၂၈)ဦးအထိ ရှိခဲ့ပြီဖြစ်သည်။ ရောဂါသက်သာ ပျောက်ကင်းသူ (၁၃၈)ကျော် ရှိလာခဲ့ပြီး ရောဂါကြောင့် သေဆုံးသူ (၆)ဦးရှိခဲ့သည်။

အထက်ပုံပါကိန်းဂဏန်းများသည် မတ်လ ၂၀ရက်မှ စတင်ကာ ကာလတူအချိန်တစ်ခုကို နှိုင်းယှဉ်ပြသထားခြင်း ဖြစ်ပါသည်။ တစ်ကမ္ဘာလုံးရင်ဆိုင်ကြုံတွေ့နေရသည့် ကူးစပ်မြန် ကိုရိုနာဗိုင်းရပ်စ်ပိုးကို မိမိကိုယ်တိုင် ကာကွယ် ခြင်းနည်းလမ်းဖြင့် ရှောင်လွှဲကောင်း ရှောင်လွှဲနိုင်မည်ဖြစ်သော်လည်း စစ်ပွဲဆိုသည့်အရာကတော့ မိမိဒေသ၊ မိမိ ပတ်ဝန်းကျင်အနီးတွင် ဖြစ်ပွားခဲ့ပြီဆိုပါက ရှောင်လွှဲရန် ခဲခက်ပါလိမ့်မည်။ စစ်ပွဲများကြောင့် နေရပ်စွန့်ခွာထွက် ပြေးကြရသော စစ်ဘေးရှောင်ဒုက္ခသည်များ၊ ဒဏ်ရရှိမှုများ၊ သေဆုံးမှုများနှင့် သံသယဖြင့် ဖမ်းဆီးစစ်ဆေးခံကြ ရမှုများ စသည့်ကိန်းဂဏန်းများ သက်သေပင်ဖြစ်ပါသည်။

ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခြင်းမခံရဖို့ အသွားအလာကန့်သက်ခြင်း၊ မိမိအိမ်တွင်သာ နေထိုင်ခြင်း၊ မကြာခဏ ဆပ်ပြာဖြင့် လက်ဆေးခြင်း၊ နှာခေါင်းစီး စည်းခြင်း စသောနည်းလမ်းများဖြင့် နိုင်ငံနှင့်တစ်ဝှမ်းပြည်သူများ တွန်းလှန်ကာကွယ်နေချိန်တွင် စစ်ဖြစ်ပွားရာဒေသများတွင်တော့ ကိုရိုနာဗိုင်းရပ်စ်ပိုးထက် အမြှောက်သံ၊ ဗုံးသံ၊ လက်နက်ကြီးပစ်ခတ်သံများကိုသာ နားစွံ့နေကြရသည်။

တစ်ကမ္ဘာလုံး ကိုရိုးနာဗိုင်းရပ်(Covid-19)ကပ်ရောဂါဖြစ်ပွားနေချိန်တွင် စစ်ပွဲများ ရပ်တန့်ပေးရန်အတွက် ကုလ သမဂ္ဂအဖွဲ့ကြီးက တိုက်တွန်းတောင်းဆိုခဲ့သော်တည်း စစ်ပွဲများကတော့ လုံးဝရပ်တန့်သွားခြင်း မရှိခဲ့ပါ။ မြန်မာ နိုင်ငံတွင်လည်း စစ်ပွဲများ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်ပါသည်။

တပ်မတော်သည် ကုလအဖွဲ့ကြီး၏ စစ်ရပ်ရေးတောင်းဆိုချက်ကို လေးစားသောအားဖြင့် အကြမ်းဖက်အဖွဲ့ အစည်းရှိရာနယ်မြေများမှအပ မြန်မာတစ်နိုင်ငံလုံးတွင် မေလ ၁၀ရက်မှ သြဂုတ်လ ၃၁ရက်အထိ စစ်ရေးလှုပ်ရှား မှုများရပ်ဆဲကြောင်း မေလ ၉ရက်နေ့တွင် ကြေညာခဲ့သည်။

သို့သော်လည်း စစ်ပွဲဆိုင်ရာကိန်းဂဏန်းများ အမြင့်ဆုံးရှိရာ၊ စစ်ပွဲအပြင်းထန်ဆုံးဖြစ်ပွားရာ ဒေသသည် အစိုးရမှ အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာခြင်းခံထားရသည့် ရက္ခိုင့်တပ်တော်(ULA/AA)လှုပ်ရှားရာ ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်ဖြစ်နေပါသည်။ ထို့ကြောင့် တပ်မတော်၏ အပစ်ရပ်ကြေညာချက်သည် မြန်မာနိုင်ငံအတွင်း စစ်ပွဲ ဆိုင်ရာကိန်းဂဏန်းများကိုတော့ သိသိသာလျော့ကျသွားစေခြင်း မရှိသည်ကို တွေ့ရပါသည်။

အထူးသဖြင့် ULA/AA လှုပ်ရှားရာ ရခိုင်ပြည်နယ်မြို့နယ်များနှင့် ချင်းပြည်နယ် ပလတ်ဒေသတို့တွင် တိုက်ပွဲများ ပြင်းထန်လျက်ရှိသည်။ အဆိုပါဒေသများတွင် စစ်ကြောင့် ထွက်ပြေးတိမ်းရှောင်ရသော ပြည်သူများ၊ အသက်သေ ဆုံးမှုများ၊ ထိခိုက် ဒဏ်ရာရရှိမှုများနှင့် ဖမ်းဆီးနှိပ်စက်ခံရမှုများအပြင် စားနပ်ရိက္ခာပြတ်လပ်မှုများပါ ကြုံတွေ့နေ ကြပါသည်။ ULA/AA ပြောခွင့်ရသူကတော့ ရခိုင်ပြည်နယ်မှ ကိုရိုနာဗိုင်းရပ်စ်ပိုးနှင့် စစ်ပွဲအခြေအနေကို ယခုလို ခိုင်းနှိုင်းပြော ဆိုခဲ့ဖူးပါသည်။ (https://www. mmpeacemonitor.org/2705)

“ဒီအချိန်မှာ Covid ထက် ကျနော်တို့က မြန်မာစစ်တပ်ကိုပဲ ကြောက်ဖို့ကောင်းနေတယ်၊ ဒါကြောင့်မို့ ဒီကပ်ကို ကျနော်တို့ရခိုင်တွေ ဘယ်လိုကျော်လွှားမလဲဆိုတာကို အာရုံစိုက်ပြီးတော့ လုပ်ဆောင်နေတယ်”။

ကိုဗစ်နှင့် ငြိမ်းချမ်းရေးဖြစ်စဉ်

အခြားတစ်ဖက်တွင်ရှိသော Covid-19 ကာလအတွင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်၏ ဖြစ်ပေါ်ပြောင်းလဲမှုများကို ဆက်လက် လေ့လာကြည့်ကြပါစို့။

ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ထိန်းချုပ်ရေးအတွက် KNUထိန်းချုပ်နယ်မြေအတွင်းမှ KNU၏ စစ်ဆေးဂိတ်တစ်ခုကို တပ်မတော်မှ ဝင်ရောက်ဖျက်ဆီးခဲ့သည့် သတင်း၊ RCSS/SSA တပ်ဖွဲ့ဝင်များ၏ လူမှုကူညီမှုများအား တပ်မတော်မှ တားမြစ်သည့် သတင်းနှင့် မွန်ပြည်သစ်ပါတီ၏ ကိုရိုနာဗိုင်းရပ်စ် စစ်ဆေးရေးဂိတ်ကို တပ်မတော်မှ ဖိအားပေး သည့် သတင်းများကို မြင်တွေ့ကြားသိခဲ့ရသည်။ အဆိုပါတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များသည် တပ်မတော်၊ အစိုးရနှင့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲ‌ရေးသဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားသော အဖွဲ့ များ ဖြစ်သည်။
အလားတူ NCA လက်မှတ် ရေးထိုးနိုင်ရေးအတွက် ဆွေး‌နွေးလျက်ရှိသည့် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)နှင့် တပ်မတော်အကြား ကယားပြည်နယ် ရှားတောမြို့နယ်တွင် ပစ်ခတ်မှုဖြစ်ပွားခဲ့သည်။

အထက်ပါဖြစ်စဉ်များသည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက်တော့ လက္ခဏာကောင်းများဟု ဆိုနိုင်မည် မဟုတ် ပါ။ သို့သော်လည်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွင်း အပေါင်းလက္ခဏာများလည်း အောက်ပုံပါအတိုင်း တွေ့ရှိရပါ သေးသည်။

ဧပြီ ၂၇ရက်တွင် နိုင်ငံတော်သမ္မတလက်မှတ်ဖြင့် Covid-19 ကာကွယ်ထိန်းချုပ်ရေးအတွက် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် ပူးပေါင်းညှိနှိုင်းဆောင်ရွက်ရေးကော်မတီတစ်ရပ်ကို ဖွဲ့စည်းပေးခဲ့သည်။ အဆိုပါအဖွဲ့မှ NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအပြင် လက်မှတ်မထိုးရသေးသော အဖွဲ့ များနှင့်ပါ ပူးပေါင်းဆောင်ရွက်ရေးအတွက် ဆွေး‌နွေးရန် ပြင်ဆင်လာခဲ့သည်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် တစ်ဖွဲ့ချင်းစီ အလိုက် Online မှ တစ်ဆင့် ဆွေးနွေးမှုများရှိလာခဲ့သလို အပစ်ရပ်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့်လည်း ဆွေး‌နွေးမှုများ ရှိလာခဲ့သည်။ မည်သည့်သက်ရောက်မှုမျှ မရှိနိုင်ဟု ‌ဝေဖန်စောကြောမှုများရှိခဲ့သည့် အစိုးရပူးပေါင်းဆောင်ရွက်ရေးကော်မတီသည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အတွင်း အပြန်အလှန်ဆွေး‌နွေးမှုကိန်းဂဏန်းများကိုတော့ အပေါင်းလက္ခဏာ ဆောင်စေခဲ့ပါသည်။

ဝ’ ပြည်သွေးစည်းညီညွတ်ရေးအဖွဲ့(UWSA)၊ မိုင်းလားအဖွဲ့(NDAA)တို့နှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့ ရှမ်းပြည်နယ် ကျိုင်းတုံတွင် တွေ့ဆုံဆွေးနွေးမှုရှိခဲ့သည်။ တပ်မတော်အနေဖြင့် KNU ၊ မွန်ပြည်သစ်ပါတီနှင့် KNPP တို့ကို Covid -19 ကာကွယ်ကုသရေးဆိုင်ရာ အထောက်အပံ့များပေးအပ်ခဲ့သည်။ အလားတူ ကရင်လွတ် လပ်ရေးအဖွဲ့(KIO/KIA)အဖွဲ့ကိုလည်း Covid -19 ကာကွယ်ကုသရေးဆိုင်ရာ အထောက်အပံ့များပေးအပ်ခဲ့သည်။

KIO ဒုတိယဥက္ကဌ ဗိုလ်ချုပ်ဂွမ်မော်က Covid-19 ကာကွယ်ထိန်းချုပ်ရေးအတွက် တပ်မတော်နှင့် တွေ့ဆုံမှုကို ယခုလို ပြောဆိုခဲ့ပါသည်။ (https:// www.mmpeacemonitor.org/3200)

“အခုလို နှစ်ဖက် ပူးပေါင်းဆောင်ရွက်ရင်းနှင့် ဒီ Trust က ကျနော်တို့ အရှေ့ကိုဆက်သွားနိုင်မယ်လို့ မျှော်လင့်တာ ဖြစ်ပါတယ်။ ဒါ အလွတ်သဘောဆိုပေမယ့်လည်း ကျနော်တို့ရဲ့ သတင်းစကားလည်း ဖြစ်ပါတယ်”။
ထို့ကြောင့် Covid -19 ကပ်ရောဂါသည် မြန်မာပြည်ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် ယုံကြည်မှုတည်ဆောက် ရေး ဝှက်ဖဲတစ်ချပ်ဖြစ်ခဲ့သလားဟု တွေးဆမိပါသည်။

သုံးသပ်

မည်သို့ဆိုစေ တစ်ကမ္ဘာလုံးရှိပြည်သူများကို တုန်လှုပ်ခြောက်ခြားစေသော Covid – 19 ကပ်ရောဂါကာလအတွင်း ကိုဗစ် ၊ စစ်နှင့် ငြိမ်းချမ်းရေး ကိန်းဂဏန်းများကို ရှုကြည့်ရာတွင် မြန်မာနိုင်ငံအတွက်မူ ကိုရိုနာဗိုင်းရပ်စ်ပိုး တွေ့ရှိမှု ကိန်းဂဏန်းများထက် စစ်ဒဏ်ကြောင့် ပျက်ဆီးသွားရသော ပြည်သူများ၏ ကိန်းဂဏန်းများက ပို၍‌ တုန်လှုပ်ခြောက် ခြားစေမလားဆိုသည်က သံသယဖြစ်စရာဖြစ်နေပါသည်။

အထူးသဖြင့် စစ်ဖြစ်ပွားရာ ရခိုင်နှင့် ချင်းပြည်နယ်မှ ပြည်သူများအတွက်ဆိုလျှင် ကိုရိုနာဗိုင်းရပ်စ်ထက် စစ်၏ ဒဏ်ရာဒဏ်ချက်များက ပို၍ကြောက်မက်ဖွယ် ကောင်းနေပေလိမ့်မည်မဟုတ်ပါလား။

စစ်ပွဲတစ်ခုတွင် အပစ်မဲ့ပြည်သူများ ထိခိုက်ဒဏ်ရာရကြ၊ အသက် ဆုံးရှုံးကြ၊ အိုးအိမ်များ ပျက်ဆီးကြ၊ နေရပ်စွန့် ခွာထွက်ပြေးကြဆိုသည့် အမှန်တရားများသာ အမြဲရှိနေခဲ့သော်လည်း တာဝန်ယူမည့်တရားခံကတော့ ရဖွေရ ခက်ခဲလေ့ ရှိပါသည်။

မေလ ၂၆ရက် ချင်းပြည်နယ် ပလက်ဝမြို့နယ်ထဲက အောက်မီးလက်ဝရွာ မီးလောင်မှုဖြစ်စဉ်မှာဆိုလျှင် မီးရှို့သူ တရားခံမည်သူဆိုသည်ကို မသိရသေးပါ။ စစ်ပွဲဖြစ်နေသည့်အတွက် ရွာသူရွာသားများ ဘေးလွတ်ရာသို့ ပြေးခွာခဲ့ရ သော်လည်း ကျန်ရစ်ခဲ့သော အိမ်ခြေ ၁၂၀ ခန့်ရှိသည့် ရွာကလေး မီးလောင်ခဲ့ခြင်းဖြစ်သည်။ အောက်မီးလက်ဝ ရွာခံ ဘာသာရေးဆရာတစ်ဦးဖြစ်သူ ဦးကံလွတ်က ယခုလိုပြောဆိုထားပါသည်။ (https://bit.ly/3cg 61Sl)

“ကျနော် (မီးသတ်ကို)ဖုန်းဆက်တဲ့အခါ မီးငြှိမ်းဖို့အတွက် သူတို့လာတယ်၊ ဒါပေမယ့်သူတို့က သေနတ်နဲ့အပစ်ခံရ တယ်တဲ့၊ တယောက်မှ မလာရဲဘူးတဲ့၊ အဲဒါက ကျနော့်အတွက် လုံးဝမကျေနပ်စရာ ဖြစ်တယ်”။

နှင်းကိုသည် လူငယ်သတင်းသမားတစ်ဦးဖြစ်ပြီး BNI ၏ Myanmar Peace Monitor တွင် သုတေသနတာဝန်နှင့် အယ်ဒီတာတာဝန် ထမ်း‌ဆောင်လျက်ရှိသည်။

နှင်းကို (BNI – MPM) – ရေးသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here