သံတွဲမြို့ပေါ်ထိ တိုက်ပွဲနီးကပ်လာသဖြင့် မြို့ခံသုံးပုံတစ်ပုံနီးပါး စစ်ဘေးတိမ်းရှောင်ပြေး

0
32
ပုံစာ - သံတွဲမြို့မြင်ကွင်း။

အာရက္ခတပ်တော် (AA) နှင့် စစ်ကောင်စီတပ်တို့ အကြား ဖြစ်ပွားနေသည့် တိုက်ပွဲများ ရခိုင်တောင်ပိုင်းခရိုင်မြို့ တစ်ခုဖြစ်သည့် သံတွဲမြို့ပေါ်ထိ နီးကပ်လာပြီဖြစ်သဖြင့် သံတွဲမြို့ခံ သုံးပုံတစ်ပုံခန့်သည် စစ်ဘေး တိမ်းရှောင်သွားကြပြီဟု ဒေသခံများက ပြောဆိုသည်။

သံတွဲဒေသခံတစ်ဦးက “ တိုက်ပွဲက တစ်ရက်ထက်တစ်ရက် မြို့နဲ့ နီးလာတယ်လေ။ နီးကပ်လာတော့ ဒေသခံတွေ က စိုးရိမ်ပြီး စစ်ဘေးရှောင်ကြတယ်။ ယခုရက်ပိုင်းအတွင်းမှာ စစ်ဘေးတိမ်းရှောင်သူ ပိုမိုများပြားလာတယ်” ဟု ပြောသည်။

ထိုသို့ စစ်ဘေးတိမ်းရှောင်ကြရာတွင် ငွေကြေးတတ်နိုင်သူများက ရန်ကုန်မြို့အထိ တိမ်းရှောင်သွားကြသလို ငွေကြေးမတတ်နိုင်သူများက သံတွဲမြို့နယ် တောင်ဘက်ပိုင်းသို့ ရှောင်တိမ်းကြသည်ဟု ဒေသအတွင်း အမည်မဖော်လိုသူ အမျိုးသမီးတစ်ဦးက ပြောဆိုသည်။

“ပိုက်ဆံရှိတဲ့သူတွေကတော့ ရန်ကုန်ကို လေယာဉ်နဲ့ လိုက်သွားတာတွေ ရှိတာပေါ့။ ငွေကြေးမတတ်နိုင်တဲ့ သူတွေကြတော့ မြို့နယ်တောင်ပိုင်း ကျေးရွာတွေကို စစ်ရှောင်ပြီး အဲဒီမှာပဲ လှည့်ပတ်ပြေးနေကြရတာလေ။ တကယ်တမ်းဆို ဘယ်နေရာမှ မလုံခြုံဘူး။ သံတွဲမြို့ဆိုတာကလည်း ကျဉ်ကျဉ်းလေး။ တိုက်ပွဲဖြစ်ရင် အကုန်ထိမှာ” ဟု ၎င်းက ပြောသည်။

လက်ရှိ၌ အာရက္ခတပ်တော်နှင့် စစ်ကောင်စီတပ်တို့သည် သံတွဲမြို့နှင့် ၁၅ မိုင်၊ ၁၀ မိုင် ၊ ၅ မိုင်လောက် သာ ကွာဝေးသည့် နေရာများတွင် တိုက်ပွဲ ဖြစ်ပွားနေကြခြင်းဖြစ်ပြီး တိုက်ပွဲမှာ သံတွဲမြို့ဘက်သို့ တစတစ နီးကပ်လာသည်ဟု ဒေသခံများက ပြောဆိုသည်။

သံတွဲမြို့၏တောင်ဘက် သံတွဲ – ဂွ လမ်းပေါ်ရှိ ကျေးရွာများဖြစ်သော ဇလွန်၊ မြှားချောင်း၊ ကျောက်ကြီး၊ ကြာညို၊ ခရေတန်း၊ သငုတ္တို စသည့် ကျေးရွာများသို့ ဒေသခံများ စစ်ဘေးတိမ်းရှောင်နေသကဲ့သို့ ကျိန္တလီနှင့် ဂွမြို့နယ် ကျေးရွာများသို့လည်း တိမ်းရှောင်မှုများရှိကြောင်း စစ်ရှောင်သူများကို လိုက်ပါပို့ဆောင်ခဲ့သူ ကားသမားတစ်ဦးက ပြောပါသည်။

စစ်ဘေးတိမ်းရှောင်သူ ဒေသခံအမျိုးသမီးတစ်ဦး “ တိုက်ပွဲက မြို့နဲ့တော်တော် နီးလာပြီ။ တောင်ကုတ်ကို သွားတဲ့လမ်း မြို့အထွက်မှာ စစ်ကောင်စီက မြုံပြင်ရွာလောက်ပဲ ရှိတယ်။ ဟိုဖက်အခြမ်းမှာလည်း ကင်းမော် လောက်ပဲ ရှိတယ်။ အဲ့တော့ သံတွဲမြို့မြောက်ဘက်အခြမ်းမှာ စစ်ရေးက နှစ်ဖက်ပြင်ဆင်တာတွေ ရှိတယ်။ အရှေ့နဲ့ အနောက်ဘက်ကလည်း ပင်လယ်နဲ့တောင်တန်းတွေဆိုတော့ လူတွေက မြို့တောင်ဘက်အခြမ်းကိုပဲ တိမ်းရှောင်ရတာပေါ့” ဟု ပြောသည်။

သံတွဲမြို့သည် နာမည်ကျော် ငပလီကမ်းခြေနှင့် ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းများရှိ၍ စည်ကားသော ခရိုင်မြို့ တစ်မြို့ဖြစ်သော်လည်း လက်ရှိတွင် စစ်ဘေးရှောင်သွားကြသောကြောင့် မြို့ပေါ်တွင် နေထိုင်သူဦးရေ၏ သုံးပုံ တစ်ပုံခန့်သာ ကျန်ရှိတော့ကြောင်း ဒေသခံများထံမှ သိရသည်။

သံတွဲမြို့တောင်ပိုင်းရှိ ကျေးရွာများသို့ စစ်ရှောင်များ ပြောင်းရွေ့လာကြသဖြင့် အိမ်ငှားရမ်းခများသည် ၁ လလျှင် ယခင်က ကျပ် ၅ သောင်း ရှိနေရာက ယခုအခါ ကျပ် ၁ သိန်းအထိ ငှားရမ်းခဈေးနူန်း မြင့်တက်လျက်ရှိလာကြောင်း သိရသည်။

သံတွဲမြို့နယ်အတွင်း အာရက္ခတပ်တော် (AA) နှင့် စစ်ကောင်စီတပ်အကြား တိုက်ပွဲများ ဖြစ်ပွားလျက်ရှိရာ ဒေသခံများ စစ်ဘေးရှောင်နေကြပြီး စစ်ကောင်စီမှလည်း စစ်ဆေးတားဆီးခြင်းများ ရှိနေကြောင်း သိရသည်။

နိရဉ္စရာ ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here