စစ်ကောင်စီလေယာဉ်ဗုံးကြဲမှုကြောင့် ၃ နှစ် အရွယ်ကလေးငယ်အပါအဝင် ၃ ဦးသေဆုံး၊ ၅ ဦး ထိခိုက်ဒဏ်ရာရ

0
62
ပုံစာ - စစ်ကောင်စီလေယာဉ်နှင့် လာရောက်ဗုံးကြဲပြီးမြင်ကွင်း။

ရှမ်းပြည်နယ်၊ ဖယ်ခုံမြို့နယ် အနောက်ဖက်ခြမ်းတနေရာတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဧပြီလ ၁၁ ရက်နေ့ ည ၁၀ နာရီ ခွဲခန့်၌ စစ်ကောင်စီက လေယာဉ်နှင့် လာရောက်ဗုံးကြဲမှုကြောင့် ၃ နှစ် အရွယ် ကလေးငယ်အပါအဝင် ၃ ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူ ၅ ဦး ရှိခဲ့ကြောင်း ဒေသခံများက ပြောပါသည်။

ဒေသခံအမျိုးသားတစ်ဦးက “အနောက်ဖက်ခြမ်းမှာပေါ့နော်။ ပီကင်းစျေးနားမှာ ၂ လုံးနဲ့ လွယ်ယင်းမှာ ၁ လုံး ကျတယ်။ ၃ ယောက်တော့ သေသွားတာပေါ့နော်။ ထိခိုက်သွားတဲ့သူတွေလည်း ရှိတယ်။ မနေ့က (ဧပြီလ ၁၁ ရက်နေ့) ည ၁၀ နာရီ ခွဲမှာပေါ့” ဟု ပြောသည်။

သေဆုံးခဲ့သူ ၃ ဦးသည် အသက် (၃)နှစ် အရွယ် ယောကျာ်းလေးတစ်ဦး၊ အသက် ၁၂ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးနှင့် အသက် (၆၅) နှစ်အရွယ် အမျိုးသမီးတစ်ဦးတို့ ဖြစ်ကြပြီး ၎င်းတို့သည် တစ်အိမ်ထဲနေကြသည့် မိသားစုဝင်များဖြစ်ကြသည်ဟု ၎င်းက ပြောဆိုသည်။

“သေသွားတဲ့ ၃ ဦးက မိသားစုဝင်လားဆိုတော့ အိမ်ရှင်ရဲ့အမေရယ်၊ အိမ်ရှင်ရဲ့သားရယ် နောက်ပြီး အိမ်ရှင်ရဲ့ တူမပေါ့။ ဆိုတော့ မိသားစုဝင်လို့ ပြောလို့လည်း ရတာပေါ့” ဟု အဆိုပါဒေသခံအမျိုးသားက ဆက်ပြောသည်။

စစ်ကောင်စီလေယာဉ်က ပေါင် ၅၀၀ ဗုံးနှင့် ၃ ကြိမ်တိုင် ဗုံးကြဲပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် နေအိမ်တချို့လည်း ထိမှန်ပျက်စီးခဲ့ကြောင်း သိရသည်။

ထိခိုက်ဒဏ်ရာရသူများတွင် အသက် ၇ နှစ်၊ ၁၃ နှစ်၊ ၁၅ နှစ် စသည့် မိန်းကလေးငယ်များနှင့် အသက် ၃၄ နှစ် အရွယ် အမျိုးသမီးတစ်ဦး၊ အသက် ၃၇ နှစ် အရွယ် အမျိုးသားတစ်ဦးတို့ဖြစ်သည်ဟု ကရင်နီလူ့အခွင့်အရေးအဖွဲ့ က ဧပြီလ ၁၂ ရက်တွင် ထုတ်ပြန်ထားသည်။

စစ်ကောင်စီလေယာဉ်နှင့် ဗုံးကြဲတိုက်ခိုက်သည့် နေရာသည် တိုက်ပွဲဖြစ်ပွားသော နေရာနှင့်အလှမ်းဝေးသလို အရပ်သားပြည်သူချည်းသာ နေထိုင်သည့်နေရာဖြစ်သည်ဟု ဒေသခံများက ပြောဆိုကြသည်။

ထိုသို့စစ်ကောင်စီက လေယာဉ်နှင့် ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံများနှင့် အဆိုပါနေရာ၌ လာရောက် တိမ်းရှောင်ကြသည့် စစ်ဘေးရှောင်များသည် လုံခြုံရာတခြားတနေရာကို ထပ်မံတိမ်းရှောင် နေကြရသည်ဟု သိရသည်။

ပြီးခဲ့သည့် မတ်လ ၂၂ ရက်နေ့ကလည်း ဖယ်ခုံမြို့နယ် အနောက်ဘက်ခြမ်း၊ လအိကျေးရွာရှိ ဆေးရုံကို စစ်ကောင်စီက လေယာဉ်နှင့် ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အမျိုးသားနှစ်ဦး ထိမှန်သေဆုံးခဲ့သလို ဒဏ်ရာရသူလည်း ရှိခဲ့သည်။

စစ်ကောင်စီက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အရပ်သားများရှိရာ နေရာများကို ပစ်မှတ်ထားပြီး ပေါင် ၅၀၀ ဗုံးနှင့် မကြာခဏ ပစ်ခတ်တိုက်ခိုက်နေကြောင်း ကရင်နီလူ့အခွင့်အရေးအဖွဲ့က ပြောဆိုထားသည်။

ကန္တာရဝတီတိုင်း(မ်)-ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here