နမ့်ခမ်းတွင် TNLA က ရပ်ကွက်အုပ်ချုပ်ရေးမှူးများအား အစည်းအဝေးခေါ်ယူခဲ့

0
334

သျှမ်းပြည်၊ နမ့်ခမ်းမြို့တွင် TNLA တပ်ဖွဲ့၏ အထွေထွေအုပ်ချုပ်ရေးဌာနက ရပ်ကွက်အုပ်ချုပ်ရေးမှူးများကို ဇန်နဝါရီလ ၁၀ ရက်နေ့က အစည်းအဝေးခေါ်ယူခဲ့ကြောင်း စုံစမ်းသိရသည်။

“အစည်းအဝေး သွားတက်တယ်ဆိုတာ အမှန်ပါ၊ ဥက္ကဋ္ဌတွေ သွားတက်တာလေ။ သူ့ရပ်ကွက် ကိုယ့်ရပ်ကွက်က ဥက္ကဋ္ဌတွေ သွားကြတယ်။ ဒါပေမယ့် ဘယ်ရပ်ကွက်တွေ ဘယ်နှစ်ယောက် သွားကြလဲဆိုတာတော့ မသိရဘူး။ အဲ့အစည်းအဝေးသွားပြီး ပြန်လာတဲ့သူတွေတော့ သူတို့ရပ်ကွက်ထဲမှာ ပြန်လာပြောပြတာရှိတယ်” ဟု နမ့်ခမ်းမြို့မှ အမည်မဖော်လိုသူ ဒေသခံတစ်ဦးက ပြောသည်။

TNLA တပ်ဖွဲ့၏ အထွေထွေအုပ်ချုပ်ရေးဌာနမှ ရပ်ကွက်/ကျေးရွာ အေးချမ်းသာယာရေးနှင့် အုပ်ချုပ်ရေးလုပ်ငန်းများ လုပ်ဆောင်ရန်အတွက်ဟုဆိုကာ ဇန်နဝါရီ ၁၀ ရက်နေ့ နေ့လယ် ၁၂ နာရီခွဲခန့်က နမ့်ခမ်းမြို့နယ် စည်ပင်သာယာရေးရုံးတွင် နမ့်ခမ်းမြို့ပေါ် ရပ်ကွက်အုပ်ချုပ်ရေးမှူးများကို အစည်းအဝေးခေါ်ယူခဲ့ခြင်း ဖြစ်ကြောင်း နမ့်ခမ်းဒေသခံများက ပြောသည်။

နမ့်ခမ်းမြို့တွင် TNLA တပ်ဖွဲ့က ဆင့်ခေါ်သည့် အစည်းအဝေးတွင် ည ၉ နာရီ မှ မနက် ၅ နာရီ အထိ အပြင်မထွက်ရန်၊ နမ့်ခမ်းမြို့ရှိ ရပ်ကွက်များကို စုစည်းပြီး နယ်မြေ ၄ ခု ဖြင့် ပြောင်းလဲသတ်မှတ်မည်ဟု အစည်းအဝေးသွားတက်ရောက် ခဲ့သူများက ပြောဆိုကြောင်း အထက်ပါနမ့်ခမ်းဒေသခံက ဆက်ပြောပြသည်။

နမ့်ခမ်းမြို့ပေါ်တွင် TNLA တပ်ဖွဲ့က တပ်သားသစ် စုဆောင်းမည်ဆိုသည့် သတင်းနှင့်ပတ်သက်၍ TNLA တပ်ဖွဲ့၏ မူအရ တအာင်းလူမျိုး အချင်းချင်းသာ တပ်သားသစ်ကောက်ခံပြီး လူမျိုးခြားများအား မကောက်ခံကြောင်း၊ ထို့ကြောင့် မစိုးရိမ်ကြရန် TNLA တပ်ဖွဲ့၏တာဝန်ရှိသူများက ပြောကြားခဲ့သည်ဟု နမ့်ခမ်းဒေသခံများထံမှ သိရသည်။

ယခုကဲ့သို့ နမ့်ခမ်းမြို့ပေါ်ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးများကို TNLA တပ်ဖွဲ့က အစည်းအဝေးခေါ်ယူသည့်ကိစ္စနှင့် ပတ်သက်ပြီး TNLA တပ်ဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူရုံးသို့ ဆက်သွယ်မေးမြန်းသော်လည်း ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။

ထို့အပြင် တချို့ရပ်ကွက်တွင် တပ်စွဲထားသော တပ်သားများအား နိုင်ငံရေးတည်ငြိမ်လျှင် ပြန်လည်ရုပ်သိမ်း ဖယ်ရှားပေးမည်ဖြစ်ကြောင်းနှင့် TNLA တပ်သားများမှ မော်တော်ယာဉ်များ လာရောက်ငှားရမ်းလျှင် သက်ဆိုင်ရာ နယ်မြေမှူးပါမှသာ ခွင့်ပြုရန်တို့ကို ပြောဆိုခဲ့ကြောင်း သိရသည်။

အလားတူ နမ့်ခမ်းမြို့တွင်း ကန့်သတ်နယ်မြေမှာ စခန်းသစ်ကုန်း ကြိုးဝိုင်းတွင်သာဖြစ်ပြီး တစ်မြို့လုံး လွတ်လပ်စွာ သွားလာနိုင်ကြောင်းနှင့် မိမိအိမ်ပတ်ဝန်းကျင်အား နှောက်ယှက်ဖျက်စီးမှုများ ရှိပါက သက်ဆိုင်ရာနယ်မြေမှူးများထံ သက်သေအထောက်အထားနှင့်တကွ သတ်မှတ်ထားသည့် နယ်မြေရုံးတွင် တိုင်ကြားနိုင်ကြောင်းလည်း ပြောဆိုခဲ့သည်ဟု နမ့်ခမ်းဒေသခံများက ပြောဆိုသည်။

ဇန်နဝါရီလ ၁၂ ရက်တွင် ကျရောက်သည့် ၆၁ နှစ်မြောက် တအာင်းတော်လှန်ရေးနေ့ ဂုဏ်ပြုမိန့်ခွန်းထဲတွင် TNLA တပ်ဖွဲ့ ဥက္ကဋ္ဌ ဒုဗိုလ်ချုပ်ကြီး တားအိုက်ဘုန်းက စစ်ဆင်ရေးအတွင်း တိုက်ခိုက်သိမ်းပိုက်ထားသည့် မြို့နယ် (၇) ခုရှိ စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေးယန္တရားကို အပြီးတိုင် တိုက်ထုတ်ဖယ်ရှားနိုင်ခဲ့ကြောင်း ပြောဆိုထားသည်။

“ဒေသခံတိုင်းရင်းသားလူမျိုး မခွဲခြားဘဲ မှန်ကန်မျှတတဲ့ တရားဥပဒေစနစ်ပေါ် အခြေခံပြီး တရားမျှတမှုရှိတဲ့ ဉပဒေတွေ ရေးဆွဲပြဋ္ဌာန်းပြီးတော့ လုံခြုံရေးနဲ့ အုပ်ချုပ်ရေးယန္တရားအသစ် စတင်လည်ပတ်နိုင်အောင် လက်တွေ့ပူးပေါင်းဖော်ဆောင် သွားမှာဖြစ်တယ်” ဟု ဒု-ဗိုလ်ချုပ်ကြီး တားအိုက်ဘုန်းက ပြောသည်။

နမ့်ခမ်းမြို့နယ်ကို TNLA တပ်ဖွဲ့က နိုဝင်ဘာလ ပထမပတ်တွင် စတင်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပြီး နမ့်ခမ်းမြို့အခြေစိုက် စစ်ကောင်စီတပ် စခန်းသစ်ကုန်းကို တအာင်း (ပလောင်) တပ်ဖွဲ့ TNLA က ဒီဇင်ဘာလ ၁၉ ရက်နေ့က တိုက်ခိုက်သိမ်းပိုက် ခဲ့ပြီးနောက် နမ့်ခမ်းမြို့နယ်တစ်ခုလုံးကို အလုံးစုံထိန်းချုပ်ထားသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၆ ရက်ကလည်း သိန္နီမြို့နယ်အတွင်းရှိ စယ်အူနှင့် နမ့်စလပ် ကျေးရွာအုပ်စုများမှ ရွာသူကြီးများကို ကိုးကန့်တပ်ဖွဲ့ (MNDAA) က ဆင့်ခေါ်ပြီး ၎င်းတို့၏ အုပ်ချုပ်ရေးယန္တရား လည်ပတ်နိုင်ရန် အရေးကြီးအချက် ၆ ချက်ကို အမိန့်ပေးညွှန်ကြားခဲ့ကြောင်း သိန္နီဒေသခံများ၏ ပြောဆိုမှုအရ သိရသည်။

သျှမ်းသံတော်ဆင့် ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here