လက်ရှိရခိုင်တိုက်ပွဲအခြေအနေနှင့်ပတ်သတ်ပြီး ရခိုင်ဝါရင့်နိုင်ငံရေးသမားဦးဖေသန်းနှင့် ဆက်သွယ် မေးမြန်းချက်။
ရခိုင်ပြည်မှာ စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော်(AA) တို့ကြား တကျော့ပြန်တိုက်ပွဲမှာ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၂၆ ရက်နေ့တွင် နှစ်ဖက်နားလည်မှုဖြင့် အပစ်ခတ်ရပ်စဲကြသည်။ တိုက်ပွဲရပ်တန့်မှု တစ်နှစ်ပြည့်မည့်အချိန် နိုဝင်ဘာလ ၁၃ ရက်နေ့တွင် ရသေ့တောင်မြို့နယ် အငူမော်-မောင်တောကားလမ်းရှိ ချိန်ခါလိန်နှင့် ဒုံးပိုက် နယ်ခြားစောင့်စခန်းကို AA က ဝင်တိုက်ပြီးနောက် တိုက်ပွဲပြန်လည်စတင်ခဲ့သည်။
ရခိုင်ဒေသမှာ AA က တိုက်ပွဲ စတင် ဖော်ဆောင်တာဘာကြောင့်ပါလဲ။ ယခုဖြစ်လာသော တတိယအကြိမ် တိုက်ပွဲက ဘယ်လောက်ထိ ကျယ်ပြန့်လာနိုင်လဲ၊ AA ၏ နိုင်ငံရေးရည်မှန်းချက်ကို အဆုံးအဖြတ်ပေးမည့် တိုက်ပွဲ ဖြစ်လာနိုင်မလားနှင့် ပတ်သက်၍ ရခိုင်ဝါရင့်နိုင်ငံရေးသမားဦးဖေသန်းနှင့် မေးမြန်းတင်ဆက်ပေးထားပါသည်။ (ဦးဖေသန်းသည် ရခိုင်ပြည်နယ်၊မြေပုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်းလည်း ဖြစ်ပါသည်။)
မေး။ ။ အခု နိုဝင်ဘာလ ၁၃ ရက်နေ့က စပြီး ရခိုင်မှာတိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားလာတယ်။ တိုက်ပွဲဖြစ်လာတာ ဘာကြောင့်လို့ သုံးသပ်မိပါလဲ။
ဖြေ။ ။ ULA/ AA ရဲ့ အဓိက ရည်မှန်းချက်က ကိုယ့်ဒေသကိုယ် အုပ်ချုပ်ခွင့်ရရေးပေါ့။ ဒါကလည်း အကုန်လုံး သိပြီးသားဖြစ်တယ်။ အခု တစ်နိုင်ငံလုံးမှာ တိုက်ပွဲဖော်ဆောင်နေတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း အားလုံး နီးပါးဟာလည်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဖို့ ရည်မှန်းချက် ရှိကြတယ်။ အင်အားမရှိရင် လူရာမဝင်ဘူးဆိုတဲ့ သဘောမျိုးရှိတဲ့အပေါ်မှာလည်း အင်အားရှိအောင် လက်နက်တွေတပ်ဆင်ထားကြတယ်။ တစ်နိုင်ငံလုံးမှာ ဆက်စပ်ပြီး လှုပ်ရှားနေတဲ့ ၁၀၂၇ စစ်ဆင်ရေး က အစ နောက်ပိုင်းမှာဖြစ်လာတဲ့ စစ်ဆင်ရေးတွေ အပေါ်မှာ စစ်ကောင်စီကို ဖိအားပေးနိုင်တဲ့တိုက်ပွဲတွေ ဖော်ဆောင်နိုင်တယ်ဆိုပြီး ပြည်သူတွေကလည်း တစ်ခဲနက် အားပေးနေကြတယ်။ ရခိုင်မှာလည်း အဲလိုပါပဲ။ ပြည်သူတွေက ULA/ AA ကို အပြတ်အသတ် ထောက်ခံထားတဲ့ အခြေအနေမျိုးပေါ့။ ဆိုတော့ တစ်ဘက်နဲ့ တစ်ဘက် ချိတ်ဆက်ပြီး လုပ်နေကြတာ မှန်ပေမယ့်လို့ သီခြား ရည်းမှန်းချက်တွေက ရှိလိမ့်မယ်။ ၁၀၂၇ စစ်ဆင်ရေးနဲ့ ဆက်စပ်တယ်လို့တော့ ပြောလို့ရတယ်။ ဒါပေမယ့် အဲဒီအဖွဲ့ရဲ့ ရည်ရွယ်ချက်ပုံစံမျိုးတော့ မဟုတ်ဘူး။ ရခိုင်မှာက သီးသန့်ရည်မှန်းချက်ရှိတဲ့ တိုက်ပွဲပဲ ဖြစ်ပါတယ်။
မေး။ ။ ဒီတစ်ခေါက်တိုက်ပွဲရဲ့ ရခိုင်စစ်မျက်နှာက ဘယ်လောက်အထိ ကျယ်ပြန့်လာနိုင်ပါလဲ။
ဖြေ။ ။ အရင်တုန်းက ဆာဆာကာဝါကြားဝင်မှုနဲ့ နှစ်ကြိမ်တိုင် အပစ်အခတ်ရပ်စဲထားပေမယ့် ဒီတစ်ကြိမ်က တစ်နိုင်ငံလုံး အခြေအနေ အတိုင်းအတာအရရော၊ နှစ်ဘက်စလုံး ပြင်ဆင်ထားတဲ့ အခြေအနေအရ ဖြစ်လာတာ ဆိုတော့ ရပ်ဖို့ဆိုတာ သိပ်ပြီးအဆင်မပြေလောက်ဘူး။ ဆက်ပြီးတော့ တိုက်ပွဲတွေ ဖြစ်နေအုံးမယ်။ ၁၀၂၇ စစ်ဆင်းရေးနဲ့လည်း ဆက်စပ်ပြီး ဒီဘက်မှာ စစ်မျက်နှာဖွင့်တဲ့ သဘောလည်း ဖြစ်နေတော့ ဒါက တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ သွားမယ့်ကိစ္စတွေဖြစ်လို့ ရခိုင်သပ်သပ်ပဲ ပြေလည်ခွင့်ရဖို့ဆိုတာ သိပ်ပြီးမလွယ်ကူဘူး။ ယုံကြည်မှုလည်း အားနည်းနေတဲ့ကာလမျိုး ဖြစ်တယ်။ ဆိုတော့ ဒီတိုက်ပွဲကို သူတို့နိုင်သလောက် တိုက်ကြလိမ့်မယ်လို့ ထင်တယ်။ ULA/ AA က စစ်မျက်နှာ အများကြီးဖွင့်ဖို့ဆိုရင် ဖွင့်လို့ရတယ်ပေါ့။ AA ရဲ့ နယ်မြေက အများကြီးဖြစ်နေတယ်။ စပ်တပ်အနေနဲ့ စခန်းအထိုင်တွေမှာပဲ ခံစပ်သဘောမျိုးနဲ့ ရှိနေနိုင်တာ ဆိုတော့ AA အနေနဲ့ ဘယ်လောက်အထိ ထိုးစစ်ဆင်ပြီးတိုက်မလဲ ဆိုတဲ့အပေါ်မှာ မူတည်ပြီး တိုက်ပွဲတွေက ကျယ်ပြန့်လာနိုင်တယ်။
မေး။ ။ AA ပါဝင်တဲ့ ညီနောင်သုံးဖွဲ့က ပြည်မမှာ မြို့သိမ်းတိုက်ပွဲတွေ ဖော်ဆောင်နေတာရှိတော့ ရခိုင်မှာရော မြို့သိမ်းတိုက်ပွဲတွေအထိ ဖြစ်ပေါ်လာနိုင်လား။
ဖြေ။ ။ တိုက်ပွဲဖြစ်လာပြီဆိုရင်တော့ မြို့ရော၊နယ်ရော ဖြစ်လာဖို့များပါတယ်။ မြို့သိမ်းတိုက်ပွဲလုပ်ရင် ပြည်သူတွေ ဘယ်လောက်နစ်နာမလဲဆိုတဲ့အပေါ်မှာ ULA/ AA က စဉ်းစားတာမျိုးတော့ ရှိလိမ့်မယ်။ တကယ်တော့ ဒီနေ့အချိန်အခါမှာ မြို့သိမ်းတိုက်ပွဲ မလုပ်ရင်တောင်မှပဲ စစ်ကောင်စီတပ်တွေ မြို့တွင်းကနေ မထွက်နိုင်အောင်၊ အဲလို ပိတ်ဆို့ဖြတ်တောက်ထားတဲ့ အခြေအနေမျိုးလည်းရှိတယ်။ ဆိုတော့ ဒါက မြို့သိမ်း တိုက်ပွဲဖြစ်ဖို့၊ မဖြစ်ဖို့ဆိုတာက ULA/ AA ရဲ့ သဘောထားက ဘယ်လောက်ထိ ပြတ်သားသလဲ။ ပြီးတော့ မြို့သိမ်းတိုက်ပွဲ ဖြစ်လာရင် ပြည်သူတွေ တွေ့ကြုံရမယ့် အခက်အခဲပေါ့။ အဲဒါတွေကို ထည့်စဉ်းစားပြီး လုပ်ဆောင်ရတဲ့ အခြေအနေမျိုး ရှိလိမ့်မယ်။
တကယ်တိုက်မယ်ဆိုရင် နံပါတ်တစ်က AA ဘက်က စစ်အင်အား သာတာရှိတယ်။ နံပါတ်နှစ်က ပြည်သူတွေရဲ့ ထောက်ခံမှုအားသာတာတွေ ရှိတယ်။ နံပါတ်သုံးက စစ်ကောင်စီ တပ်တွေဟာ စစ်ကူမရှိတာ၊ စစ်ပန်းတာတွေ အဲလိုမျိုး အားနည်းတာတွေရှိတယ်။ ပြီးတော့ တပ်သားချင်း ယှဉ်ရင်လည်း AA က တိုက်လို့၊ ခိုက်လို့ ကောင်းတဲ့ အသက် ၂၀-၃၀ အရွယ်ကောင်းတွေပေါ့။ ဆိုတော့ ဘာပဲဖြစ်ဖြစ် မြို့သိမ်းတိုက်ပွဲ တိုက်မယ်ဆိုရင်လည်း လုပ်နိုင်တဲ့အနေအထားမျိုးရှိတယ်။ ဒါပေမယ့် အဲလို သိမ်းရင် မြို့နာမယ်၊ လက်နက်ကြီးတွေနဲ့ အပစ်ခံရမယ်။ တစ်မြို့လုံး မွစာကြဲအောင် စစ်တပ်ဘက်က လုပ်နိုင်တော့ ULA/ AA က အခြေအနေ အတိုင်းအတာတစ်ခုကို စဉ်းစားပြီး လုပ်ဆောင်မယ်လို့ ထင်ပါတယ်။
မေး။ ။ အခုဖြစ်လာတဲ့ရခိုင်တိုက်ပွဲမှာ စစ်ကောင်စီဘက်က အရင်ကထက် သာလွန်အင်အားမျိုးတွေ သုံးလာနိုင်ခြေရှိလား။
ဖြေ။ ။ အရင်ကလည်း စစ်ကောင်စီက ကြည်းကြောင်း၊ လေကြောင်း၊ ရေကြောင်း အကုန်လုံးနဲ့ ဝိုင်းတိုက်တာပဲ။ နယ်မြေကျယ်ရင် ကျယ်သလောက် သူတို့ဘက်က တိုက်မှာပေါ့နော်။ ခြေလျင်တပ်တွေက အလုပ်မဖြစ်တော့ဘူးဆိုတာ သူတို့လည်းသိတယ်။ ဒါကြောင့် လက်နက်ကြီးနဲ့ အဝေးကနေပြီး လှမ်းပစ်တာတွေ ရှိမယ်။ လေယာဉ်တွေ၊ နေဗီတွေနဲ့ ပစ်ခတ်တာတွေရှိမယ်။ အဲဒါတွေကလည်း ULA/ AA ရဲ့ စစ်ရေး ပစ်မှတ်တွေထက် ပြည်သူတွေနေတဲ့ ရပ်ရွာတွေကို ပစ်ဖို့များတယ်။ အဲဒီလို ပြည်သူတွေက အော်သံထွက်အောင် အရင်ကလည်း လုပ်ခဲ့ပြီးပြီ။
ပြည်သူတွေ့ရဲ့ အော်သံကြားရင် ULA/ AA ကလည်း ပြည်သူတွေ နစ်နာမှာ စိုးရိမ်ရတာ ရှိတယ်။ စစ်တပ်ကလည်း မင်းတို့ပစ်လို့ ငါတို့ပစ်ရတာဆိုပြီး ပြည်သူတွေနဲ့ AA ကို လှည့်ပြီး ရန်တိုက်ပေးတဲ့ သဘောလည်းရှိတာပေါ့။ ဒီဗျူဟာမျိုးက ဆက်တိုက်သုံးလာခဲ့တာပဲ။ တစ်နိုင်ငံလုံးမှာလည်း အဲဒီနည်းဗျူဟာကို သုံးနေတယ်။ ဆိုတော့ အဲဒီလိုလုပ်လာလေ စစ်တပ်ကို ပြည်သူတွေက မုန်းလာလေပဲ။ ပြည်သူတွေက အရင်တုန်းကထက် စစ်ရေးအတွေ့အကြုံတွေ ရှိကြတယ်။ ထိခိုက်မှုဆိုတာက စစ်ပွဲပြင်းထန်ရင် ပြင်းထန်သလောက် ရှိကြမှာပေါ့။ ULA/ AA ကတော့ အဲဒါတွေကို စဉ်းစားပြီးသား ဖြစ်ပါလိမ့်မယ်။
မေး။ ။ ဒီတိုက်ပွဲမှာ ရခိုင်ဒေသအတွင်း ဘယ်လက်နက်ကိုင်အဖွဲ့က စစ်ရေးအားသာချက်ရှိနိုင်မလဲ။
ဖြေ။ ။ စစ်ကောင်စီရဲ့ဖြန့်ကျက်ပုံက တစ်မြို့နဲ့တစ်မြို့ အင်အားမတူဘူး။ စစ်ကောင်စီက မြို့တွေထက် အနီးအနားမှာရှိတဲ့ စခန်းကုန်းတွေ၊ ဗျူဟာကုန်းတွေကို လက်မလျော့ဖို့ သူတို့ဘက်က အတတ်နိုင်ဆုံး ကြိုးစားလိမ့်မယ်။ အဲဒီကနေပြီး ပြည်သူတွေကို လက်နက်ကြီးပစ်တာတွေလည်း ရှိနိုင်တယ်။ သူတို့ဘက်က အဲလောက်ပဲ လုပ်နိုင်လိမ့်မယ်။ ULA/ AA က မြို့ထဲကို ဝင်ပြီးသိမ်းမယ်ဆိုရင်လည်း သိမ်းနိုင်တာပေါ့။ ဒါပေမဲ့ မြို့ကတော့ နာမှာပေါ့နော်။ စစ်တပ်ကလည်း မြို့နာမယ်။ ပြည်သူတွေ နာမယ်။ ငါတို့ကတော့ ပစ်မှာပဲလို့ အသံတွေက ကြိုလွှင့်ပြီးသားဆိုတော့ ဒါတွေက ဖြစ်လာနိုင်တာ သေချာပါတယ်။
AA ဘက်က တိုက်အားပြင်းရင် ပြင်းသလောက် ဒီဘက်ကလည်း ပြန်ပြီးခုခံမယ်။ ပြည်သူတွေကို ဒုက္ခပေးမယ်။ အဲဒီဖြစ်စဉ်မျိုး တောက်လျောက် မြင်ရလိမ့်မယ်။ အခုလည်းပဲ ရိက္ခာတွေဖြတ်တောက်ဖို့ ပြည်မနဲ့ လမ်းပန်း ဆက်သွယ်ရေးတွေကို ပိတ်လိုက်ပြီ။ တစ်ခုပြီးတစ်ခု ရခိုင်မှာ အကျပ်အတည်းတွေဖြစ်အောင် လုပ်လိမ့်မယ်။ ဒါပေမဲ့ AA က တိုက်စစ်ဖွင့်မယ်ဆိုရင် ဒီဒုက္ခတွေကို အကုန်လုံးကျော်လွှားရမယ့်ကိစ္စ ဖြစ်တယ်။ ဆိုတော့ ဘယ်လောက်ထိတိုက်ပွဲ ကျယ်ပြန့်နိုင်မလဲ ဘယ်လောက်ထိ အပြတ်အသတ် တိုက်နိုင်မလဲဆိုတာကတော့ ပြောဖို့ခက်သေးတယ်။
မေး။ ။ ရခိုင်မှာ တတိယအကြိမ်အဖြစ် ဖြစ်ပွားလာတဲ့တိုက်ပွဲဟာ ဘယ်လိုအချိန်မှာ ရပ်တန့်သွားနိုင်ပါလဲ။
ဖြေ။ ။ အခုတိုက်ပွဲ ရှည်ကြာမယ်/ မကြာဘူးဆိုတာက တစ်နိုင်ငံလုံးက တိုက်ပွဲအခြေအနေတွေနဲ့ ပတ်သက်တယ်။ စစ်တပ်ဟာ လုံးဝပြိုလဲပြီး ကစဉ့်ကလျား ဖြစ်သွားမလား။ တခြားတော်လှန်ရေး အင်အားစုတွေက သူတို့နယ်မြေကို သိမ်းထားနိုင်မလား၊ ထိန်းချုပ်ထားနိုင်မလား။ ကိုယ့်ရဲ့အုပ်ချုပ်ရေးတွေကို စလုပ်နိုင်မလားဆိုတဲ့ တစ်နိုင်ငံလုံးနဲ့ ဆက်စပ်တဲ့ အခင်းအကျင်းနဲ့လည်း ပတ်သက်တယ်။ ရခိုင်မှာလည်း ULA/ AA အနေနဲ့ဆိုရင် ဘယ်လောက်အထိ ထိန်းချုပ်နိုင်မလဲပေါ့။ လွတ်မြောက်ဧရိယာတွေ တည်ဆောက်ပြီး လုပ်နိုင်မယ်ဆိုရင် အဲဒီနေရာက သေချာပြီး စိတ်ချရတာပေါ့။
ဆိုတော့ ရခိုင်ပြည်က တောင်ပိုင်း၊ မြောက်ပိုင်း၊ အလယ်ပိုင်းဆိုတော့ ကိုယ့်နေရာနဲ့ကိုယ် အခက်အခဲတွေ ရှိနေလိမ့်မယ်။ ဒါကြောင့် တစ်နေရာနဲ့ တစ်နေရာ အခြေအနေခြင်း တူညီမှာမဟုတ်ဘူး။ တစ်နေရာမှာ တိုက်ပွဲပြီးသွားရင်တောင်မှ နောက်တစ်နေရာမှာ တိုက်ပွဲ ဖြစ်နိုင်လိမ့်မယ်။ ဒါကြောင့် တိုက်ပွဲက ဘယ်နေ့ ပြီးမလဲဆိုတာကို မပြောနိုင်ပေမယ့် သူတို့ရဲ့တိုက်ပွဲ အခြေအနေဟာ တစ်ဘက်က ဘယ်လောက်အထိ ပြင်းထန်လာမလဲ။ တစ်ဘက်က ဘယ်လောက်အထိ နယ်မြေကို လက်လွှတ်ပြီးတော့ ဆုတ်ခွာမလဲဆိုတာကို တစ်နိုင်ငံလုံးနဲ့ ချိတ်ဆက်ပြီး စောင့်ကြည့်ရမယ်။
ဒါက ယတိပြတ်မပြောနိုင်ပေမယ့် စစ်တပ်က တဖြည်းဖြည်းအင်အားလျော့လာတာကို အကုန်လုံးသိပြီးသား ဖြစ်တယ်။ ဆိုတော့ စစ်ကောင်စီတပ်တွေက အလူးအလဲဖြစ်နေတယ်။ တိုက်ခိုက်ချင်စိတ် မရှိဘူး။ လက်နက်ချ အညံ့ခံတာတွေ ရှိလာမယ်။ အဲဒါဆိုရင်တော့ စစ်ကောင်စီရဲ့တပ်တွေဟာ အနှေးနဲ့အမြန် ပြိုလဲသွားမှာပဲ။ အဲဒီအချိန်မှာ နိုင်ငံရေးအားဖြင့် ဘယ်လိုရှေ့ဆက်ပြီး သွားကြမလဲပေါ့။ ကိုယ့်ရည်မှန်းချက်တွေ၊ ကိုယ့်အစီအစဉ် တွေနဲ့ သွားဖို့အတွက် အခွင့်အလမ်းတွေ ပေါ်လာပါလိမ့်မယ်။ အဲလိုမျိုး နိုင်ငံရေးအရ အဆုံးအဖြတ်တစ်ခုကို လုပ်နိုင်ခဲ့ပြီဆိုရင် တိုက်ပွဲကပြီးဆုံးသွားလိမ့်မယ်လို့ ထင်ပါတယ်။
မေး။ ။ အခုဖြစ်လာတဲ့ ရခိုင်တိုက်ပွဲဟာ AA ရဲ့ နိုင်ငံရေးရည်မှန်းချက်အတွက် အဆုံးအဖြတ်ပေးနိုင်မယ့် တိုက်ပွဲလို့ပြောနိုင်ပါလား။
ဖြေ။ ။ ဒီတိုက်ပွဲက နောက်ပြန်လှည့်လို့ရမယ့် တိုက်ပွဲလည်း မဟုတ်ဘူး။ တစ်ကြိမ်၊ နှစ်ကြိမ်လည်း အပစ်အခတ် ရပ်စဲခဲ့ကြပြီ။ အမြဲတမ်း ပြန်ပြီးတိုက်ကြတယ်။ တတိယ အကြိမ်ဆိုတာတော့ နောက်မရှိတော့ဘူးလို့ ထင်ပါတယ်။ အပြတ်အသတ် တိုက်ပွဲဖြစ်ဖို့များတယ်။ တစ်နိုင်ငံလုံးနဲ့လည်း ဆက်စပ်ပြီး အခြေအနေက အဲလိုဖန်တီးလာတယ်။
မေး။ ။ တိုက်ပွဲကာလမှာ ရခိုင်ပြည်သူတွေအနေနဲ့ ဘာတွေပြင်ဆင်လုပ်ဆောင်ထားဖို့ လိုအပ်ပါလဲ။
ဖြေ။ ။ အဓိက ရိက္ခာသိုလှောင်တာမျိုး၊ ဗုံးခိုကျင်းတွေ တူးထားတာမျိုး လုပ်ထားသင့်တယ်။ ပြီးတော့ မြို့နဲ့ မနီးမဝေးတဲ့ နေရာတွေမှာ နေတာမျိုးလည်း ပိုကောင်းတယ်။ ပြီးရင် ရွာထဲတွေမှာ မနေဘဲနဲ့ ရွာနဲ့နီးစပ်ရာမှာရှိတဲ့ ဥယျာဉ်ခြံမြေတွေ၊ တောစပ်တွေမှာ အဲလိုမျိုးနေရင်တော့ လက်နက်ကြီးအန္တယ်ရာယ်က ပိုပြီးကင်းတယ်။ အဓိက သူတို့ (စစ်တပ်)က ပစ်ရင် မြို့ကို ပစ်လိမ့်မယ်။ ရွာကို ပစ်ပါလိမ့်မယ်။ ဒါကြောင့် ရွာထဲမှာ နေတာထက် ရွာနဲ့ သိပ်မဝေးတဲ့ နေရာမျိုးပေါ့နော် အဲလိုနေရာမျိုးမှာ ရိက္ခာတွေ စုဆောင်းပြီး နေမယ်ဆိုရင် အဝေးပစ်လက်နက်တွေ၊ လေယာဉ်ကလက်နက်တွေ၊ ပြီးရင် နေဗီတွေကပစ်တဲ့ လက်နက်တွေကို ရှောင်ရှားနိုင်မယ်လို့ မြင်တယ်။
မေး။ ။ ရခိုင်မှာ တိုက်ပွဲဖြစ်လာတာနဲ့ပတ်သက်လို့ ဖြည့်စွက်ပြီး ဘာများပြောချင်ပါလဲ။
ဖြေ။ ။ အဓိကတော့ ပြည်သူတွေအနေနဲ့ ဒီအခက်အခဲမှာ စိန်ခေါ်မှုတွေ၊ ဒုက္ခတွေကို ရင်ဆိုင်တဲ့အခါ စည်းစည်းလုံးလုံး၊ ညီညီညွတ်ညွတ်နဲ့ ဖေးမပြီး အခက်အခဲတွေကို ကျော်လွှားဖို့လိုတယ်။ ကိုယ့်တစ်ယောက်စာ မဟုတ်ဘဲနဲ့ ပတ်ဝန်းကျင်ရဲ့ အခက်အခဲတွေကိုပါ နားလည်ပြီး စားရေး၊ သောက်ရေး၊ နေရေး၊ ထိုင်ရေးက အစ အကုန်လုံး စည်းစည်းလုံးလုံးနဲ့ အလုပ်လုပ်ကြရမယ်။ ကာကွယ်ကြရမယ်။ ပြည်သူတွေက စားနပ်ရိက္ခာ တွေကိုလည်း ကိုယ်ကိုယ်တိုင် ထုတ်လုပ်ကြရမယ်။ တောင်ယာ၊ စပါးတို့ဆိုရင်လည်း လယ်ကွင်းကနေ ဝမ်းစာ သိုလှောင်ထားတဲ့နေရာကို အမြန်ဆုံး သယ်ကြရမယ်။ ပြီးတော့ ပြည်မကလာတဲ့ ပစ္စည်းတွေ၊ ဆေးဝါးတွေ ပြတ်သွားနိုင်တယ်။ နောက်ပြီး အင်တာနက်လိုင်းတွေ ပိတ်သွားနိုင်တယ်။ မီးလိုင်း၊ ဖုန်းလိုင်းတွေကို ပိတ်နိုင်တယ်။ အဲဒါမျိုးတွေ ကြုံလာရမှာကို ကြိုတင်ပြီး စဉ်းစားထာဖို့ လိုပါတယ်။
အောင်ထိန် (DMG) ပေးပို့သည်။