တနင်္သာရီမြို့နယ်မှာ စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရပြီး ၉ ဦးသေဆုံး

0
204

စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်၊ ကမ်းတိုကျေးရွာအနီးမှာ မတ် ၁၀ ရက်နေ့ မနက်ပိုင်းက စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၉ ဦးသေဆုံးခဲ့တယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့က သံလွင်တိုင်းမ်ကို ပြောပါတယ်။

အဲဒီနေ့ မနက် ၁၀ နာရီလောက်မှာ မြိတ်ဘက်ကနေ တနင်္သာရီမြို့ဘက်ကို မောင်းနှင်းလာတဲ့ တပ်အင်အား ၆၀ ကျော်ပါ စစ်ကောင်စီယာဉ်တန်းကို မြိတ်ခရိုင်တပ်ရင်း (၂)၊ မြိတ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပကဖ၊ တနင်္သာရီပကဖနဲ့ ကျွန်းစုပကဖတို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာပါ။

မိုင်းဆွဲတိုက်ခိုက်မှုမှာ နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှု တစ်နာရီနီးပါးအကြာဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ၉ ဦး သေဆုံးပြီး ၁၀ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

နှစ်ဖက် ပစ်ခတ်မှုအပြီး ထိခိုက်သေဆုံးသွားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို စစ်ကောင်စီတပ်က ကားနဲ့တင်ဆောင်ပြီး တနင်္သာရီမြို့ဘက်ကို ဆက်လက်ထွက်ခွာသွားတယ်လို့ တနင်္သာရီ ပကဖတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်က တနင်္သာရီမြို့နယ်ထဲကို စစ်ကြောင်းထိုးဖို့ ပြင်ဆင်နေတာကြောင့် နှစ်ဖက်စစ်ရေး ပိုမိုတင်းမာလာတာ ဖြစ်ပါတယ်။

စစ်အုပ်ချုပ်ရေး ကြေညာထားတဲ့ တနင်္သာရီမြို့နယ်မှာတော့ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တို့ကြား ပြီးခဲ့တဲ့ ဖေဖော်ဝါရီလအတွင်း နှစ်ဖက်တိုက်ပွဲ ၁၀ ကြိမ်ထက်မနည်း ဖြစ်ပွားထားပါတယ်။

သံလွင်တိုင်းမ် – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here