“ကျွန်မတို့ နိုင်ငံရေးစနစ်မကောင်းမွန်တဲ့ ဒီနိုင်ငံမှာနေကြတဲ့ အမျိုးသမီးတွေမှမဟုတ်ဘူး။ ကျန်ရှိတဲ့ နိုင်ငံသူ နိုင်ငံသားတွေရဲ့ အခွင့်အရေး၊ ဘယ်အခွင့်အရေးကိုမှ ကျွန်မတို့ ကာကွယ်နိုင်မှာမဟုတ်ပါဘူး” အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဟောင်း ဒေါ်ထုမေ

0
320

အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဟောင်း ဒေါ်ထုမေနှင့် အမေးအဖြေ

ပြီးခဲ့တဲ့ မတ်လ ၈ ရက်နေ့ဟာ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးနေ့ဖြစ်ပါတယ်။ အဲဒီနေ့မှာ ရခိုင်ပြည်က အမျိုးသမီးတွေအရေးနဲ့ ပတ်သက်ပြီး အမျိုးသမီးနိုင်ငံရေးသမားတစ်ဦးဖြစ်တဲ့ ဒေါ်ထုမေ (အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဟောင်း) ကို ဆက်သွယ်မေးမြန်းပြီးတင်ပြလိုက်ပါတယ်။

မေး- ဒီနေ့က အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ဆိုတော့လေ ရခိုင်ပြည်မှာ အမျိုးသမီးတွေရဲ့ အနေအထားလေးတွေကို သိချင်ပါတယ်။ နည်းနည်းလောက် သုံးသပ် ပေးပါလားဗျာ။

ဖြေ- မြန်မာတစ်နိုင်ငံလုံး အာဏာသိမ်းပြီး နောက်ပိုင်းမှာတော့ မြန်မာနိုင်ငံအပါအဝင် ရခိုင်ပြည်မှာရှိကြတဲ့ အမျိုးသမီးတွေရဲ့ လုံခြုံရေးအခြေအနေဟာ အတိုင်းအတာတစ်ခုထိ မေးခွန်းထုတ်စရာရှိပါတယ်။ ပုံမှန်အခြေအနေထက်တော့ အမျိုးသမီးများရဲ့ လုံခြုံရေးသည် စိုးရိမ်စရာများနဲ့ ပြည်နှက်လို့ရှိနေပါတယ်။ ဒါပေမဲ့ လက်ရှိအခြေအနေမှာတော့ ရခိုင်ပြည်မှာနေပြီးတော့ တိုက်ပွဲတွေ မရှိတဲ့အခါကျလို့ရှိရင် အတိုင်းအတာတစ်ခုထိ ကျွန်မတို့ လုံခြုံတယ်လို့ ပြောလို့ရပါမယ်။ ဒါပေမဲ့ အကုန်လုံးက ၁၀၀ ရာခိုင်နှုန်း ပြည့်ပြည့်စုံစုံ လုံခြုံနေသလား ဆိုလိုရှိရင်တော့ ကျွန်မတို့ လုံခြုံရေး ကဏ္ဍမှာပြောမယ် ဆိုလို့ရှိရင်တော့ စိတ်ပိုင်းဆိုင်ရာ လုံခြုံမှုနဲ့ ကိုယ်ပိုင်းဆိုင်ရာ လုံခြုံမှုထဲမှာမှာ နှစ်ခုစလုံးကတော့ အတိုင်းအတာတစ်ခုအထိ လုံခြုံတယ်လို့ ပြောလို့ရပေမဲ့ ဒီလုံခြုံမှုကို ၁၀၀ ရာခိုင်နှုန်း လုံခြုံတယ်လို့တော့ ပြောလို့မရနိုင်ပါဘူးရှင့်။

မေး- အမျိုးသမီးတွေရဲ့ လုံခြုံရေးက ရာနှုန်းပြည့် မရှိဘူးဆိုတော့ ဒါနဲ့ ပတ်သတ်ပြီးတော့ရော ဘာတွေဆောင်ရွက်ရင် ရနိုင်မလဲလို့ ဒေါ်ထုမေတို့အနေနဲ့ သုံသပ်ထားတာရှိပါသလဲခင်ဗျာ။

ဖြေ-ဒီအမျိုးသမီးရယ်မှ မဟုတ်ပါဘူး။ နိုင်ငံသူ နိုင်ငံသား လုံခြုံဖို့ဆိုလို့ရှိရင် နိုင်ငံဟာ တည်ငြိမ် အေးချမ်းဖို့လိုပါမယ်။ နိုင်ငံတည်ငြိမ်ဖို့ကနေပြီးတော့ နိုင်ငံရေးစနစ်နဲ့ အများကြီးသက်ဆိုင်ပါတယ်။ လက်ရှိ ရခိုင်ပြည်အပါအဝင် မြန်မာနိုင်ငံအခြေအနေဟာ တစ်တိုင်းပြည်လုံးအားဖြင့် ဒီလုံခြုံရေး အခြေအနေအရ အင်မတန်မှ စိုးရိမ်စရာကောင်းတဲ့ အခြေအနေရှိတဲ့ အခါမှာ အမျိုးသမီးတွေမှ မဟုတ်ဘူး။ နိုင်ငံသူနိုင်ငံသားများ အားလုံးရဲ့ လုံခြုံရေးဟာ စိုးရိမ်စရာအခြေအနေရှိတယ်။ ဥပမာ အမျိုးသမီးတွေဟာ ဆိုလို့ရှိရင် ပိုပြီးအားနွဲ့တဲ့ အခြေအနေမှာ ရှိနေတဲ့အခါမှာ ကျွန်မတို့ အခုအခြေအနေအောက်မှာ အမျိုးသမီးများရဲ့ လုံခြုံရေးကလည်း စိုးရိမ်ရတဲ့ အခြေအနေမှာ ဖြစ်ပါတယ်။ အမျိုးသမီးများက နေပြီးတော့ နိုင်ငံရေးအခြေအနေကြောင့် ဖြစ်ပါစေ။ နိုင်ငံရေးစနစ်ကြောင့်ဖြစ်ပါစေ‌။ အမျိုးသမီးများ တန်းတူရေးရဖို့အတွက် ကြိုးစားတဲ့ အခြေအနေမျိုးမှာ လုံခြုံရေးကဏ္ဍ အားနည်းခြင်းကလည်းဘဲ သာမန်ဘဝမှာ စိတ်ပိုင်းဆိုင်ရာ လုံခြုံမှု၊ ကိုယ်ပိုင်ဆိုင်ရာလုံခြုံမှု မရနိုင်ခဲ့လို့ရှိရင်တော့ ဒီသာတူညီမျှ ရရှိမှုကို ကြိုးစားတဲ့အခါမှာ အတားအဆီးတွေ အဟန့်အတားတွေ အများကြီးရှိနိုင်ပါတယ်ရှင့်။

မေး- ဟုတ်ကဲ့။ အခု ရခိုင်ပြည်မှာဆိုရင် အဓိကအားဖြင့်တော့ နိုင်ငံရေးအပိုင်းမှာပေါ့။ လူမှုအဖွဲ့အစည်းတွေမှာရော။ အမျိုးသမီးတွေရဲ့ ပါဝင်မှုနှုန်းကရော အရင်အတိုင်းပဲ ရှိနေလား။ တိုးတက်လာလား။ ဘယ်သုံးသပ်ပါလဲဗျာ။

ဖြေ- ကျွန်မလေ့လာ သုံးသပ်သလောက် ကြလို့ရှိရင် အမျိုးသမီးပါဝင်မှုက ဒီလိုမျိုး နိုင်ငံအခြေအနေမှာ အများကြီးပါဝင်နိုင်စရာ ရှိတယ်လို့ ကျွန်မ မထင်ပါဘူး။ နဂိုတည်းက ပြီးခဲ့တဲ့ ၅ နှစ်၊ ၁၀ နှစ် အတောအတွင်းနဲ့ နှိုင်းစာမယ်ဆိုလို့ရှိရင် အမျိုးသမီးပါဝင်မှုက ပိုပြီးတော့ အများကြီး လျော့ကျနိုင်ပါတယ်။ ကျွန်မတို့ ရပ်ရွာအခြေအနေမှာသော်လည်းကောင်း၊ ပြီးတော့ မြို့နယ်အခြေအနေ CSO အစရှိသဖြင့် ပါတီနိုင်ငံများ အပါအဝင် ဒီအခြေအနေမှာ နိုင်ငံရေးတို့ကို လက်လှမ်းနိုင်တဲ့ အခြေအနေ မဟုတ်ပါဘူး။ နိုင်ငံရေးအခြေအနေကို ဖန်တီးနိုင်တဲ အခြေအနေ မဟုတ်တဲ့အတွက်ကြောင့် ကျွန်မတို့ အမျိုးသမီးများရဲ့ ကဏ္ဍပေါင်းစုံ ပါဝင်ရေးဟာ အများကြီး အားနည်းလို့ ရှိနေနိုင်ပါတယ်ရှင့်။

မေး- ရခိုင်မှာဆိုရင်လေ တချို့က ဝေဖန်ပြောဆိုမှုတွေရှိတယ်။ ရခိုင်မှာ ဓလေ့ထုံးစံအရ အမျိုးသမီးတွေကို နှိမ်တာတို့၊ ခွဲခြားဆက်ဆံတာတို့ ရှိတယ်ပေါ့။ အဲ့ဒီအပေါ်မှာရော ဘယ်လိုမြင်ပါသလဲဗျာ။

ဖြေ- ကျွန်မတို့ အမျိုးသမီးကို နှိမ်တာ၊ ခွဲခြားဆက်ဆံတာတော့ အပေါ်ယံကို ကြည့်လို့ရှိရင်တော့ ကျွန်မတို့ အခုချိန်မှာ ခွဲခြားဆက်ဆံမှုတွေ အများကြီးရှိတယ်လို့ ပြောလို့ရပါတယ်။ ဒါပေမဲ့ ဒီအမျိုးသမီးအရေးကို မြင့်တင်နေကြတဲ့ မိသားစုတွေ၊ အမျိုးသားတွေလည်း အများကြီးရှိပါတယ်။ အဲသလိုပဲ အမျိုးသမီးကို လေးစားကြတဲ့ ပတ်ဝန်းကျင်တွေ အများကြီးရှိပါတယ်။ ဒါပေမယ့်လည်း တရားဥပဒေ စိုးမိုးမှု အားနည်းအခါမှာသော်လည်းကောင်း၊ အမျိုးသမီးများကို တန်ဖိုးထားမှု အားနည်းတဲ့ ပတ်ဝန်းကျင်မှာသော်လည်းကောင်း အဲလိုနေရာမှာ ဆိုလို့ရှိရင် အမျိုးသမီးများ အပေါ်မှာ ခွဲခြားဆက်ဆံမှုတွေ အများကြီးရှိနေတာကိုတော့ တွေ့နိုင်ပါတယ်။ ဒါကြောင့်မို့လည်း မိသားစု တစ်ခုမှာသော်လည်းကောင်း၊ လူမှုပတ်ဝန်းကျင်မှာသော်လည်းကောင်း၊ လူမျိုးတစ်မျိုးအကြား မှာသော်လည်းကောင်း၊ ကျွန်မတို့ အမျိုးသမီးများသည်လည်း လူသားတွေ ဖြစ်တဲ့အတွက်ကြောင့် သာတူညီမျှရရှိမှုကို မိသားစုတစ်စုက စပြီးတော့ ကြိုးစားအားထုတ်ရမှာ ဖြစ်ပါတယ်။ ကျွန်မတို့ တန်းတူလို့ ပြောလိုက်ပြီဆိုလို့ရှိရင် နှိုင်းယှဉ်တာက အမျိုးသားနဲ့ ဖြစ်တဲ့အတွက်ကြောင့် မိသားစုတစ်စုမှာ ရှိတာက ဖခင်တွေဖြစ်တယ်။ အစ်ကိုတွေဖြစ်တယ်။ ခင်ပွန်းတွေဖြစ်တယ်။ မောင်တွေဖြစ်တယ်။ အဲ့လို အမျိုးသားတွေကလည်းပဲ အမျိုးသမီးတွေအတွက် လုံခြုံအောင် ကာကွယ်မှုရှိအောင်၊ ခွဲခြားဆက်ဆံမှုတွေ မရှိရအောင်၊ အမျိုးသမီးဆိုပြီး မနှိမ်ရအောင် ဝိုင်းဝန်း အားထုတ်ကြဖို့ လိုပါတယ်။ ဘာကြောင့်ဆို အမျိုးသမီးဆိုပေမယ့် ကိုယ့်သားသမီးတွေ၊ ကိုယ့်ချွေးမတွေ၊ ကိုယ့်ညီမတွေ၊ ကိုယ့်အမေတွေ၊ ကိုယ့်အဘွားတွေဖြစ်သလို အမျိုးသမီးဆိုပေမယ့် သူတို့တွေလည်း လူသားတွေဖြစ်တယ်။ ကိုယ့်မိသားစုကအစ ကိုယ့်မိသားစုမှာရှိနေကြတဲ့ အခြေခံ မိသားစုကအစ မနှိမ်ကြဖို့ကို ပြင်ဆင်ရမှာဖြစ်ပါတယ်။ ကြိုးစားအားထုတ်ရမှာ ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်မတို့က နေပြီးတော့ လူမှုပတ်ဝန်းကျင် တစ်ခုလုံးကို ခြုံကြည့်လိုက်လို့ရှိရင် အပေါ်ယံအားဖြင့်က ဒီလိုမျိုး နှိမ်တယ်။ ခွဲခြားဆက်ဆံတယ်လို့ တွက်ကောင်းတွက်နိုင်ပါတယ်။ ကျွန်မတို့ အဲဒါကို ပိုတိုးတက်အောင် လုပ်မယ်ဆိုလို့ရှိရင် ပညာရေးကဏ္ဍတို့ အစရှိသဖြင့် တိုးတက်လာအောင် လုပ်ဆောင်ဖို့လိုပါမယ်။ အမျိုးသမီးတွေ ကိုယ်နှိုက်ကလည်း အမျိုးသမီးများရဲ့ အခွင့်အရေးကို သိရှိနားလည်ပြီး သာတူညီမျှတဲ့ ဘ၀တွေကို ရရှိရေးကို ကြိုးစားဖို့လိုအပ်ပါတယ်ရှင့်။

မေး- ရခိုင်ပြည်မှာ ရခိုင်မျိုးနွယ်စုတွေလည်း ရှိပါတယ်ခင်ဗျာ။ အဲတော့ တချို့မျိုးနွယ်စုတွေမှာ ဆိုလို့ရှိရင် အမျိုးသမီးတွေက စာပေတတ်မြောက်မှု အားနည်းတာ၊ ပြီးရင် လူမှုအဖွဲ့အစည်းတွေမှာ ပါဝင်မှုတွေ တော်တော်အားနည်းတာတွေကို တွေ့ရပါတယ်။ သူတို့အမျိုးသမီးတွေကို ဖွံ့ဖြိုးတိုးတက်အောင် ဘယ်လိုနည်လမ်းတွေနဲ့ လုပ်ရင်ရနိုင်လေလို့ ဆရာမတိုက သုံးသပ်ပါလဲဗျာ။

ဖြေ- ကျွန်မတို့ ဒီအမျိုးသမီးများရဲ့ အခွင့်အရေးတွေကို မြင့်တင်ဖို့သော်လည်း၊ အမျိုးသမီးများရဲ့ လိုအပ်ချက်တွေကို ကျွန်မတို့ဆောင်ရွက်မယ် ဆိုလို့ရှိရင် နိုင်ငံတော်ပိုင်းဆိုင်ရာ မူဝါဒတွေက အတိုင်းအတာ တစ်ခုအထိ အရေးပါပါတယ်။ လူမှုပတ်ဝန်းကျင်မှာ အမျိုးသမီးတွေပေါ်မှာ ဆက်ဆံရေး အဲ့ဒါတွေလည်း အရေးပါသလို ဒီအမျိုးသမီးများရဲ့ဘဝ မြင့်တင်ဖို့ အမျိုးသမီးတွေအပေါ် ခွဲခြားဆက်ဆံမှု မရှိဖို့၊ ပြီးလို့ရှိရင် ရခိုင်ပြည်မှာမှ မဟုတ်ပါဘူး။ နေရာတိုင်းမှာ အမျိုးသမီးတွေပဲ ဖြစ်ဖြစ်၊ အမျိုးသားတွေဖြစ်ဖြစ် အနှိမ်မခံရဖို့၊ ခွဲခြားဆက်ဆံမှု မခံရစေဖို့ အိမ်တွင်းအကြမ်းဖက်မှု မခံရစေဖို့ ဆိုလို့ရှိရင် သူရဲ့တိုင်းပြည်မှာ သတ်မှတ်ထားတဲ့ မူဝါဒကလည်း ဒီအမျိုးသမီးများအပေါ်မှာ တိုက်ရိုက် အကျိုးသက်ရောက်မှုရှိပါတယ်။ ဒီအမျိုးသမီးအရေးကို ဆောင်ရွက်တဲ့အခါ၊ မူဝါဒတွေကို ဆောင်ရွက်တဲ့အခါမှာ နယ်တွေမှာ၊ ရပ်ရွာမှာ ရှိတဲ့ အမျိုးသမီးတွေကို အထိအဆင်းလုပ်မယ် ဆိုလို့ရှိရင် ဆင်းပြီးတော့ ဒါတွေကို ကြိုးစားအားထုတ်ပြီးတော့မှ ဆောင်ရွက်မယ် ဆိုလို့ရှိရင် နိုင်ငံရေးစနစ်ဟာ အတိုင်းအတာ တစ်ခုအထိ ကောင်းမွန်ဖို့ လိုအပ်ပါတယ်။ ကျွန်မတို့ နိုင်ငံရေးစနစ် မကောင်းမွန်ဘဲနဲ့ ဒီနိုင်ငံမှာ နေကြတဲ့ အမျိုးသမီးတွေမှ မဟုတ်ဘူး။ ကျန်ရှိတဲ့ နိုင်ငံသူ နိုင်ငံသားတွေရဲ့ အခွင့်အရေး၊ ဘယ်အခွင့်အရေးကိုမှ ကျွန်မတို့ ကာကွယ်နိုင်မှာ မဟုတ်ပါဘူး။

ဒါကြောင့်မို့လို့ နိုင်ငံတစ်နိုင်ငံမှာ နိုင်ငံရေးတည်ငြိမ်မှုနဲ့ ငြိမ်းချမ်းရေးအတွက် ဆောင်ရွက်မှုတွေရှိမှသာလျှင် ဒီလိုမျိုးရှိပြန်တော့လည်း အမျိုးသမီးများအတွက် သီးသန့် အမျိုးသမီးများကို ခွဲခြားဆက်ဆံမှုမှ ကာကွယ်ရေး မူဝါဒတွေ ချမှတ်ပြီးလို့ရှိရင် ကျွန်မတို့ ရပ်ရွာတွေအဆင့်ထိ မိသားစုတွေအဆင့်ထိ မြင့်တင်ဖို့ နည်းလမ်းတွေကို ကျွန်မတို့ စနစ်တကျလုပ်ဆောင်မယ်ဆိုလို့ရှိရင် အမျိုးသမီးများအပေါ်မှာ ခွဲခြားဆက်ဆံမှု ပပျောက်တာတို့ အိမ်တွင်း အကြမ်းဖက်မှုတွေကို လျော့ပါးလာတာတို့ ပြီးလို့ရှိရင် လုံးဝပပျောက်အောင် လုပ်တာတို့၊ အမျိုးသမီးများအပေါ်မှာ အကြမ်းဖက်မှုကို ကာကွယ်နိုင်တာတို့ ဒါတွေကို မူဝါဒတစ်ရပ် အနေနဲ့ကို ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ အဲ့လိုမျိုး ဆောင်ရွက်ဖို့ကလည်း အစိုးရတစ်ရပ်အနေနဲ့ ဒါတွေကို စီမံခန့်ခွဲဖို့ လုံလောက်တဲ့ ဘဏ္ဍာရေးဆိုင်ရာ၊ လုံလောက်တဲ့ အရင်းအမြစ် နည်းပညာ ဒါတွေကို အကုန်လုံး ဆောင်ရွက်ပြီးမှသာလျှင် ကျွန်မတို့ မူဝါဒတစ်ခုလုံးကို ခြုံငုံတဲ့ ပေါ်လစီတွေ ချက်မှတ်နိုင်မှာ ဖြစ်တယ်လို့ ကျွန်မက ယုံကြည်ပါတယ်ရှင့်။

မေး- ဒီနေ့က အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ ဖြစ်ပါတယ်။ ဒီနေ့နဲ့ ပတ်သတ်ပြီးတော့ရော ဒေါ်ထုမေအနေနဲ့ နောက်ဆုံးဘာတွေ ပြောစရာများ ရှိပါသေးလဲဗျာ။ ပြောပြပေးပါခင်ဗျာ။

ဖြေ- ဒီအမျိုးသမီးများတွေကို တန်ဖိုးထားဆက်ဆံမှသာလျှင် ကျွန်မတို့ အမျိုးသမီးတွေရဲ့ဘဝ စိတ်ပိုင်းဆိုင်ရာ လုံခြုံမှု၊ ဘဝပိုင်းဆိုင်ရာ လုံခြုံမှုကို ခံစားရပါမယ်။ ကျွန်မတို့ အမျိုးသမီးတွေကို ကျန်းမာအောင်၊ ပညာတတ်အောင်၊ ခွဲခြားဆက်ဆံမှု မရှိရအောင်၊ ဥပဒေဘောင် အတွင်းကနေပြီးတော့ ကာကွယ်မှုတွေ ရရှိအောင်၊ ဆင်းရဲမွဲတည်မှု လျှော့ချနိုင်အောင် ဆိုလို့ရှိရင် ဥပမာအားဖြင့် လူကုန်ကူးမှုတွေ အပါအဝင် ဒါတွေကို လျှော့ချနိုင်မယ်ဆိုရင် ကျွန်မတို့ မိသားစုတစ်စုစီက အစ ကိုယ်ရဲ့မိသားစုမှာရှိတဲ့ အမျိုးသမီးတွေကို ကာကွယ်ရမှာ ဖြစ်ပါတယ်။ ဒီလိုမျိုးပဲ ကိုယ့်ရဲ့ မိသားစုမှ တစ်ဆင့် ရပ်ရွာမှာ ရှိကြတဲ့ အမျိုးသမီးတွေကို ကာကွယ်ရမှာ ဖြစ်ပါတယ်။ ဒီလိုနဲ့ နေပြီးတော့ ကျွန်မတို့ကို ကာကွယ်ဖို့ရာက ဘယ်သူတွေရှိလဲ ဆိုလိုရှိရင် အမှန်တကယ် အမျိုးသမီးနဲ့ အနီးစပ်ဆုံးရှိနေကြတဲ့ မိသားစုက ကာကွယ်ရပါမယ်။ အဲလိုဘဲ ရပ်ရွာတွေမှာဆိုရင် ကျွန်မတို့ အမျိုးသမီးတွေကို ရပ်ရွာက နေပြီးတော့ စုပေါင်းပြီးတော့မှ ကာကွယ်ရတဲ့ စနစ်တွေ၊ အမျိုးသမီးတွေ ဘဝတွေ မြင့်တင်ရဖို့ အခြေအနေတွေကို ကျွန်မတို့ အခုချိန်မှာ လက်လှမ်းမီသလောက် ကျွန်မတို့ ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။ အမျိုးသမီးများရဲ့ ဘဝကို မြင့်တင်ဖို့ဆိုရင် ဒီပညာရေးမှာသော်လည်းကောင်း၊ ကျန်းမာရေးမှာသော်လည်းကောင်း မြင့်တင်နိုင်လို့ရှိရင် နောက်မှ အမျိုးသမီးများ နိုင်ငံစီးပွား‌ရေးကို အထောက်အကူပြုတာတို့ ကျန်းမာရေးမှာဆိုရင် သားသမီးတွေကို ပိုပြီးတော့ ကျန်းမာတဲ့ ကလေးသူငယ်များ ဖွံ့ဖြိုးလာအောင် မိခင်က ဆောင်ရွက်ပေးတာမျိုးတို့၊ အထူသဖြင့် အမျိုးသမီးများကို ဥပဒေဘောင်အတွင်းက ကာကွယ်မှုကို ရရှိအောင် သက်ဆိုင်ရာ ပုဂ္ဂိုလ်တွေက ကျွန်မတို့ကို ဆောင်ရွက်ပေးဖို့ လိုအပ်လျက်ရှိပါတယ် ဆိုတာ ကျွန်မအနေနဲ့ မှတ်ချက်ပြုလိုပါတယ်ရှင့်။

ဌေးဌေးအောင် (နိရဥ္စရာ) – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here