“အမျိုးသမီးတွေအပေါ်ခွဲခြားဆက်ဆံတာတွေ၊ ဘက်လိုက်မှုတွေရပ်တန့်သွားဖို့နဲ့ အမျိုးသမီးတွေအပေါ်အကြမ်းဖက်တာတွေ အမြစ်ပြတ်သွားဖို့က ညီမတို့ အမျိုးသမီးတွေမှာပဲ တာဝန်ရှိတာမျိုးမဟုတ်ဘဲ လူတိုင်းနဲ့ သက်ဆိုင်ပါတယ်။ အတူတူလက်တွဲပြီး လုပ်ဆောင်သွားရမယ့်အရာလို့ မြင်မိပါတယ်” မသင်းသက်မှူးနိုင် (မြေပုံလူငယ်များအဖွဲ့)

0
409

အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့နှင့် ရခိုင်အမျိုးသမီးအချို့၏ သဘောထားအမြင်များ

၄၈ ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့အတွက် ၂၀၂၃ ခုနှစ်၊ ဆောင်ပုဒ်မှာ “ ညီမျှခွင့်တူ ဖမ်းဆုပ်ယူ (Embrace Equity)” ဖြစ်ပါသည်။ ၁၉၀၀ ပြည့်နှစ်နောက်ပိုင်းတွင် ဖွံ့ဖြိုးပြီးအနောက်နိုင်ငံများမှ အလုပ်သမားလူတန်းစား အမျိုးသမီးများသည် စီးပွားရေးအရ ခေါင်းပုံဖြတ်ခံရမှု၊ အလုပ်ချိန်မတရားခိုင်းစေမှု၊ လူမှုအကျိုးခံစားခွင့်ကင်းမဲ့မှု၊ နိုင်ငံရေးအရဖိနှိပ်မှု၊ ဆင်းရဲမွဲတေမှုများကို ခံစားခဲ့ကြရသည်။ ၁၉၀၈ ခုနှစ်တွင် အမျိုးသမီး တစ်သောင်းခွဲကျော်သည် အမေရိကန်နိုင်ငံ၊ နယူးယောက်ခ် မြို့၏လမ်းများပေါ်ထွက်၍ အမျိုးသမီးများ မဲပေးခွင့် ရရှိရေး၊ မျှတသောအလုပ်ချိန် သတ်မှတ်ပေးရေး၊ လုပ်ခလစာတန်းတူရရှိရေးတို့အတွက် တောင်းဆိုခဲ့ကြသည်ဟု သိရသည်။

၁၉၁၀ ခုနှစ် ဒိန်းမတ်နိုင်ငံ၊ ကိုပင်ဟေဂင် မြို့မှာကျင်းပခဲ့သော နိုင်ငံတကာအမျိုးသမီးအလုပ်သမား ညီလာခံတွင် ဂျာမနီဆိုရှယ်ဒီမိုကရက်တစ်ပါတီ၊ အမျိုးသမီး ဌာနခေါင်းဆောင် ကလာရာ ဇက်ကင်ဆိုက အမျိုးသမီးများအခွင့်အရေး တန်းတူညီမျှရရှိရေးအတွက် အမျိုးသမီးများနေ့ သတ်မှတ်ပေးရန် အဆိုတင်သွင်းခဲ့ပြီး နိုင်ငံပေါင်း (၁၇) နိုင်ငံရှိ အလုပ်သမားသမ္မဂများ၊ ဆိုရှယ်လစ်ပါတီများ၊ အမျိုးသမီးအလုပ်သမားအဖွဲ့များမှ အမျိုးသမီး (၁၀၀) ကျော်က ၄င်း၏အဆိုကို သဘောတူညီခဲ့ကြသည်။

ယင်းသဘောတူညီမှုကြောင့် ၁၉၁၁ ခုနှစ်မှ စတင်ကာ မတ်လ ၁၉ ရက်နေ့ကို အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့အဖြစ် စတင်သတ်မှတ်ပြီး အမျိုးသမီးများအခွင့်အရေးတန်းတူညီမျှရရှိရန် တောင်းဆိုခဲ့ကြသည်။ ယင်းနောက် ၁၉၇၅ ခုနှစ်တွင် ကမ္ဘာ့ကုလသမဂ္ဂက မတ်လ ၈ ရက်ကို အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အဖြစ် တရားဝင်သတ်မှတ်ပေးခဲ့ကြောင်း သိရသည်။ မတ်လ ၈ ရက်သည် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ဖြစ်ရာ ရခိုင်ဒေသရှိ နယ်ပယ်အသီးသီးမှအမျိုးသမီးအချို့ကို မေးမြန်းခဲ့ပါသည်။

မလှဝင်း (မြိုတိုင်းရင်းသူလူငယ်အမျိုးသမီး)

“ကျွန်မတို့မြိုလူမျိုးတွေထဲမှာ ဆိုရင် အမျိုးသမီးတွေ၊ သမီးမိန်းကလေးတွေက အခွင့်အရေးအများကြီး ဆုံးရှုံးရတာတွေရှိတယ်။ ကျွန်မတို့ရဲ့ လူကြီးမိဘတွေက အမျိုးသမီးဆိုရင် ပညာသင်ကြားတဲ့ အခါမှာလည်း ၇ တန်း၊ ၈ တန်း ရေးတတ်ဖတ်တတ်ရင် ဟုတ်ပြီ။ တော်လောက်ပြီ။ ၁၀ တန်း အောင်သွားလည်း ပညာတတ်ဖြစ်သွားရင်လည်း ယောက်ျားနောက် လိုက်သွားမှာပေါ့နော်။ ယောကျာ်းဘက်ကမိသားစုတွေပဲ အကျိုးခံစားခွင့် ရှိမယ်။ ဒီအမျိုးသမီးတွေ မိသားစုက အကျိုးခံစားခွင့်မရှိနိုင်ဘူးဆိုပြီးတော့ အမျိုးသမီးတွေရဲ့ ပညာသင်ကြားမှုကို အတားအဆီး ဖြစ်စေတာတွေ ရှိတယ်ပေါ့နော်။ နောက်တစ်ခုက ကျေးရွာတွေမှာ လူမှုပရဟိတ လုပ်ငန်းတွေ လုပ်တဲ့အခါလည်း အမျိုးသား ၅၀ ရာခိုင်နှုန်းပါဝင်တဲ့နေရာမှာ အမျိုးသမီး ၂၀ ရာခိုင်နှုန်းလောက်ပါဝင်နေရမယ့်နေရာမှာ လက်ရှိအနေအထားအရတော့ အမျိုးသမီးတွေ တန်းတူပါဝင်ခွင့်မရဘူးပေါ့နော်။ အဲဒါကတော့ ရိုးရာဓလေ့ကြောင့်ပဲလား၊ လူကြီးတွေက နည်းပညာနဲ့အလှမ်းဝေးလို့လား။ အမြင်မကျယ်တာကြောင့်လားတော့ မပြောနိုင်ပါဘူး။ အဲဒီလိုလုပ်ငန်းတွေမှာ အမျိုးသမီးတွေ အမျိုးသားတွေနဲ့တန်းတူခရီးသွားလာတာတွေကို ကဲ့ရဲ့ရှုတ်ချတာတွေ တွေ့နေရတယ်ပေါ့နော်။ ကျွန်မတို့ မြိုလူမျိုတွေဟာ ရခိုင်ဒေသမှာဆိုရင် အများစုနေထိုင်နေကြတယ်။ ဒါပေမယ့် အဲဒီအခြေအနေတွေကြောင့် အမျိုးသမီးတွေရဲ့ အခွင့်အရေးတွေကို ကန့်သတ်တားမြစ်ခံထားရတယ်။ ပညာရေး၊ လူမှုရေးတွေမှာ အခွင့်အရေး ဆုံးရှုံးနေကြရပါတယ်”

မဆောင်းနှင်းဝေ (ကမန်လူငယ်အမျိုးသမီး)

“အခုလက်ရှိ ညီမတို့နေထိုင်ရာ ပတ်ဝန်းကျင်မှာ မတူကွဲပြားခြားနားတဲ့ နည်းမျိုးစုံနဲ့ ဖိနှိပ်ခွဲခြား ဆက်ဆံခံနေရတာတွေရှိနေတယ်ပေါ့နော်။ နေ့တဓူဝမှာ ညီမတို့ ဘာတွေကြုံတွေ့ရလဲဆိုရင် ညီမတို့က အစ္စလာမ်ဘာသာကိုးကွယ်တော့ အမျိုးသမီးတွေအနေနဲ့ ဘယ်လို ဝတ်စားဆင်ယင်ရမယ်။ အပြင်တွေဘာတွေမသွားရဘူးဆိုတဲ့ပုံစံမျိုးနဲ့ ခွဲခြားမှုတွေရှိတယ်။ တစ်ဘက်မှာဆိုရင်လည်း အိမ်ထောင်မှုပြုတဲ့အခါ အမျိုးသမီးတွေအနေနဲ့ မိဘသဘောတူတဲ့လူကိုယူရတယ်ဆိုတဲ့ ပုံစံမျိုးတွေပေါ့။ အဲဒီလိုပုံစံမျိုးတွေကို လက်ရှိကျွန်မတို့ မြေပြင်မှာ ရင်ဆိုင်ကြုံတွေ့နေရတဲ့ အနေအထားရှိနေသေးတယ်။ နောက်တချက်က ကျွန်မတို့အပြင်သွားတာ၊ ကျောင်းတွေဘာတွေ သွားတာဖြစ်ဖြစ် အမျိုးသမီးဖြစ်ခြင်းအပေါ်မှာ ဆန့်ကျင်ဘက်လိင်အမျိုးသားတချို့ရဲ့ နှမသားချင်းမစာညှာ ညစ်ညမ်းပြောဆိုစနောက်တာမျိုးတွေ ကြုံရတယ်။ ဒါအမျိုးသားအားလုံးကိုပြောတာ မဟုတ်ပါဘူး။ တချို့သော အဲလိုအကျင့်ရှိတဲ့အမျိုးသားတစ်စုကို ပြောတာဖြစ်တယ်။ နောက်တစ်ခုက အရပ်ဘက်အဖွဲ့အစည်းရပ်တည်ခါမှာလည်း ဒါအမျိုးသမီးတွေက ဒီအလုပ်ကိုလုပ်နိုင်ပါ့မလားဆိုတာမျိုးတွေပေါ့။ အဓိကတော့ အမျိုးသမီးဖြစ်မှုကို မူတည်ပြီးတော့ ခွဲခြားဆက်ဆံတာတွေ၊ ဘာသာရေးကိုအကြောင်းပြပြီး အမျိုးသမီးတွေရဲ့ အခွင့်အရေးတွေကို ကန့်သတ်တားမြစ်ပြီး ခွဲခြားဆက်ဆံမှုတွေ အများကြီး ရှိနေပါသေးတယ်”

မသင်းသက်မှူးနိုင် (မြေပုံလူငယ်များအဖွဲ့)

“လူတွေရဲ့စိတ်ထဲမှာ ဘယ်လိုမျိုးထင်မြင်နေကြလဲဆိုတော့ အမျိုးသားတွေဟာ အမျိုးသမီးတွေထက် အင်အားပိုကြီးတယ်၊ ပိုမြင့် မြတ်တယ်။ ဒါကြောင့် ဘယ်နေရာမှာပဲဖြစ်ဖြစ် အမျိုးသားတွေက အမျိုးသမီးတွေထက် ပိုပြီးအခွင့် အရေးရသင့်တယ်ဆိုပြီး ထင်မြင်နေကြပါတယ်။ အဲဒါတွေကြောင့်ပဲ အမျိုးသမီးတွေကို အရာရာမှာ တစ်ဆင့်နှိမ့်ပြီးဆက်ဆံတာမျိုးတွေလုပ်ကြပါ တယ်။ အဝတ်အစားတွေ လှန်းရင်တောင် မိန်းကလေးအဝတ်အစားကို အပြင်မှာထုတ်မလှန်း ရတာမျိုးတွေ၊ အမျိုးသား အဝတ်လှန်းတာရဲ့အပေါ်က မလှန်းရတာမျိုးတွေက ဥပမာသေးသေးလေး တွေလောက်ပဲ ရှိပါသေးတယ်။ တခြား နယ်ပယ် ကဏ္ဍအသီးသီးမှာ အမျိုးသမီးတွေဟာ အမျိုးသားတွေထက် ခွဲခြားဖိနှိပ်ဆက်ဆံခံရတာတွေရှိနေပါတယ်။ အမျိုးသားတွေက ပိုအားကြီးလို့ ပိုအခွင့် အရေးရသင့်တယ်ဆိုတဲ့ ထင်မြင်ယူဆချက်တွေက လည်း လုံးဝအဆင်မပြေပါဘူး။ အမျိုးသမီးတွေဟာလည်း အမျိုးသားတွေနဲ့ တန်းတူအခွင့်အရေးတွေရသင့်ပါတယ်။ ခေါင်းဆောင်မှုပိုင်းမှာကော၊ တခြားလုပ်ငန်းခွင်မှာ တာဝန်ယူရတာတွေမှာပါ သာတူညီမျှတဲ့ အခွင့် အရေးတွေ ရရပါမယ်။ ကျား/မခွဲခြားချက်တွေကြောင့်မဟုတ်ဘဲ ကိုယ့်ရဲ့ လုပ်ဆောင်နိုင်စွမ်း အပေါ်မူတည်ပြီးတော့ အသိအမှတ်ပြုခံရတာတွေ ရှိရပါမယ်။ အမျိုးသမီးတွေအနေနဲ့လည်း ကိုယ်ဟာအမျိုးသားတွေထက် အင်အားနည်းတယ်ဆိုတဲ့စိတ်မျိုးမမွေးဘဲ အရင်ကထင်ခဲ့ကြတဲ့ မိရိုးဖလာ အမျိုးသမီးတွေလုပ်ရမယ့်အလုပ်ဆိုတာထက်ပိုပြီး လုပ်ဆောင်နိုင်စွမ်းတွေရှိတယ်ဆိုတာကို လက်ခံကြရပါမယ်။ ပြီးတော့ အကြမ်းဖက်မှုတစ်ခုခုကြုံလာရတယ်ဆိုရင်တောင် ရှက်လို့ ထုတ်မပြောတာမျိုးမဟုတ်ဘဲ ရဲရဲဝံ့ဝံ့နဲ့ရင်ဆိုင်ဖို့ပါပဲ။ ဘာလို့လဲဆိုတော့ အကြမ်းဖက်မှုကြုံလာတိုင်းမှာ ကျူးလွန်ခံရသူက ရှက်သင့်တာမဟုတ်ဘဲ ကျူးလွန်တဲ့သူကသာ ရှက်သင့်တာကြောင့်ပါပဲ။ ပတ်ဝန်းကျင်အနေနဲ့ကလည်း ကျူးလွန်ခံရတဲ့သူအပေါ်မှာပဲအပြစ်တင်တာတွေမ လုပ်ကြဖို့လည်း လိုအပ်ပါတယ်။ အမျိုးသမီးတွေအပေါ်ခွဲခြားဆက်ဆံတာတွေ၊ ဘက်လိုက်မှုတွေရပ်တန့်သွားဖို့နဲ့ အမျိုးသမီးတွေအပေါ်အကြမ်းဖက်တာတွေ အမြစ်ပြတ်သွားဖို့က ညီမတို့ အမျိုးသမီးတွေမှာပဲ တာဝန်ရှိတာမျိုးမဟုတ်ဘဲ လူတိုင်းနဲ့ သက်ဆိုင်ပါတယ်။ အတူတူလက်တွဲပြီး လုပ်ဆောင်သွားရမယ့်အရာလို့ မြင်မိပါတယ်”

ဒေါ်စောစံငြိမ်းသူ (ဥက္ကဋ္ဌ၊ ရခိုင်ရှေ့ဆောင်အမျိုးသမီးများအဖွဲ့)

“နိုင်ငံရေးအခက်အခဲအကျပ်အတည်းကာလမှာ လုယက်မှု၊ တိုက်ခိုက်မှုတွေမှာလည်း အမျိုးသမီးတွေ အပေါ်မှာဆိုရင် ပိုပြီးတော့ နိုင်ထက်စီးနင်းပြုလို့ရတယ်ဆိုတဲ့ အခြေအနေတွေကြောင့်ပဲ များသောအားဖြင့် လုယက်တိုက်ခိုက်မှုတွေမှာ အမျိုးသမီးတွေက ပိုပြီးတော့ ကြုံနေရတဲ့အခြေအနေရှိပါတယ်။ လုပ်ငန်းခွင်ထဲမှာဆိုရင်လည်း ခေါင်းပုံဖြတ်တာ၊ ရိုက်နှက်အကြမ်းဖက်တာအပြင် မုဒိမ်းကျင့်တာတွေအထိ ရှိနေသေးတယ်။ ခုနကပြောတဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးအခြေအနေတွေကပဲ အမျိုးသမီးတွေအပေါ် နိုင်ထက်စီးနင်းပြုကျင့်ဖို့ အခွင့်အရေးပေးထားနေသေးတယ်လို့ ပြောနိုင်ပါတယ်။ တရားဥပဒေစိုးမိုးမှုအားနည်းတဲ့အပေါ် အများကြီးမူတည်ပါတယ်။ အကြမ်းဖက်မှုခံရတဲ့အမျိုးသမီးတွေအနေနဲ့ တိုင်ကြားလာတယ်ဆိုရင် သက်ဆိုင်ရာအာဏာပိုင်တွေက အရေးတယူဆောင်ရွက်ပေးမှပဲ အကြမ်းဖက်ခံနေရတဲ့ အမျိုးသမီးတွေကို ကာကွယ်စောင့်ရှောက်ပေးနိုင်မယ်။ လက်ရှိအနေအထားမှာကျတော့ ဘယ်လိုတိုင်ကြားရမလဲဆိုတဲ့ အဆင့်မှာပဲ အခက်အခဲတွေရှိနေပါတယ်။ ဆိုတော့ ကျူးလွန်သူတွေကို ဥပဒေကြောင်းအရ အရေးယူမှုမရှိသေးသရွေ့တော့ အကြမ်းဖက်မှုကို ကျူးလွန်နိုင်တဲ့ အနေအထားရှိနေအုံးမယ်ပေါ့နော်။”

ဌေးဌေးအောင် (နိရဥ္စရာ) – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here