စစ်အာဏာသိမ်းကာလအတွင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးတည်ရာ
၂၀၁၁ ခုနှစ်မှ စတင်ခဲ့သည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်သည် ၂၀၂၀ ပြည့်နှစ်အထိ ဆယ်စုနှစ် တစ်ခုနီးပါးအကြာတွင် ပြည်ထောင်စုသဘောတူညီမှုစာချုပ် အစိတ်အပိုင်း သုံးခု ရရှိသည့်တိုင် ကာချုပ်မင်းအောင်လှိုင်၏ စစ်အာဏာသိမ်းမှုကြောင့် ငြိမ်းချမ်းရေးလုပ်စဉ် လုံးဝ ရပ်တန့်သွားခဲ့ပြီဟု ဆိုရပါမည်။ အခက်အခဲများ၊ အတားအဆီးများကို ရင်ဆိုင်ကြုံတွေ့ခဲ့ရသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွင်း တပ်မတော်၏ အခန်းကဏ္ဍနှင့် နေရာယူမှုသည် ဖြစ်တည်လာသော အစိုးရများနှင့် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့များထက် ပိုမိုကြီးမားပြီး အက္ခရာကျခဲ့သည်ဟု ဆိုနိုင်ပါသည်။
အကြောင်းမူ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တစ်လျှောက် NCA အရ ဖြစ်တည်လာသော အစုအဖွဲ့တိုင်းတွင် ကာချုပ်မင်းအောင်လှိုင်၏ တပ်ဘက်ဆိုင်ရာ ကိုယ်စားလှယ်များကသာ အဆုံးအဖြတ်ပေးနိုင်သည့် နေရာများကို ရယူထားပြီး ၎င်းနေရာယူမှုကိုလည်း အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများက ခွင့်ပြုထားရသည်ကို တွေ့ရသည်။ စစ်အာဏာသိမ်းမသိမ်းခင် နောက်ဆုံး ကျင်းပပြုလုပ်ခဲ့သည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ – ၂၁ ရာစု ပင်လုံ စတုတ္ထအကြိမ်အစည်းအဝေးတွင် ပြောကြားသော အစိုးရ၊ တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့ခေါင်းဆောင်များ၏ မိန့်ခွန်းများ၊ ရှေ့လုပ်ငန်းစဉ်များကို ခြုံငုံလေ့လာကြည့်လျှင် ငြိမ်းချမ်းရေးအပေါ်ထားရှိသော ကာချုပ်မင်းအောင်လှိုင်နှင့် အာဏာသိမ်းစစ်အုပ်စု သဘောထားကို သိနိုင်ပါလိမ့်မည်။
ကာချုပ်မင်းအောင်လှိုင်နှင့် တပ်မတော်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွင်း လိုက်ပါဆောင်ရွက်ချက်များသည် ဦးသိန်းစိန်အစိုးရလက်ထက်တွင် အစိုးရနှင့် နီးကပ်စွာ လိုက်ပါဆောင်ရွက်ခဲ့သည်ကို တွေ့ရသော်လည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဦးဆောင်သည့် အစိုးရလက်ထက်တွင်မူ အစေးမကပ်တော့ဘဲ အစိုးရနှစ်ရပ်သဖွယ် ပြုမူလာသည့်အတွက် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများအတွက် ငြိမ်းချမ်းရေးဆွေးနွေးရာတွင် စိန်ခေါ်မှုကြီးတစ်ရပ် ဖြစ်ခဲ့သည်ဟု တချို့သော တိုင်းရင်းသားခေါင်းဆောင်များကိုယ်တိုင် ထုတ်ဖော်ပြောဆိုခဲ့ပါသည်။
၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကျင်းပပြီး တစ်ရက်အကြာ နိုဝင်ဘာ ၉ ရက်တွင်တော့ ကာချုပ်မင်းအောင်လှိုင်နှင့် စစ်အုပ်စုအနေဖြင့် ၎င်းတို့၏ တစ်ကိုယ်တော်ငြိမ်းချမ်းရေးခြေလှမ်းအဖြစ် တပ်မတော်ငြိမ်းချမ်းရေးဆွေးနွေးမှုကော်မတီကို ဖွဲ့စည်းကာ စစ်အာဏာသိမ်းသည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်တွင်တော့ ၎င်းကော်မတီကို အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ဟု အမည်ပြောင်းကာ NLD ဦးဆောင်သည့် အစိုးရလက်ထက် တပ်မတော်သားကိုယ်စားလှယ်ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်ကို ဥက္ကဋ္ဌအဖြစ် ဦးဆောင်စေခဲ့ပါသည်။
NSPNC ဥက္ကဋ္ဌအနေဖြင့် NCA လက်မှတ်မထိုးရသေးသည့် UWSA အပါအဝင် FPNCC အဖွဲ့ ဝင် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများကို ချဉ်းကပ်စည်းရုံးနိုင်ရန် ကြိုးပမ်း လျက်ရှိသော်လည်း ယနေ့အချိန်တော့ အောင်မြင်မှုမရရှိသေးသည့်အပြင် FPNCC အဖွဲ့ဝင်များ ဖြစ်သည့် KIO/KIA၊ MNDAA၊ TNLA၊ ULA/AA တို့နှင့်ပါ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားလျက် ရှိပါသည်။ တစ်ဖက်တွင်ရှိသော NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ရှေ့ဆက်နိုင်ရေးသည်လည်း အပစ်ရပ် ၁၀ ဖွဲ့ဖြင့် ဖွဲ့စည်းထားသော PPST ၏ တရားဝင် ဆွေးနွေးမှုများ ရပ်ဆိုင်းထားသည့်အတွက် ရပ် တန့်နေခဲ့ပါသည်။ ထို့ပြင် အပစ်ရပ် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့များထဲတွင် အင်အားအကြီးဆုံးဟုဆိုနိုင်သည့် KNU နှင့် အာဏာသိမ်းစစ်တပ်အကြား တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားလျက်ရှိပါသည်။ အခြားသော အပစ်ရပ်အဖွဲ့များဖြစ်သည့် CNF ၊ DKBA ၊ RCSS/SSA တို့နှင့်လည်း အာဏာသိမ်းစစ်တပ်အကြား တိုက်ပွဲများ ဖြစ်ပွားလျက် ရှိနေပါသည်။ KNPP နှင့်လည်း ကရင်နီ (ကယား) ပြည်နယ်အတွင်း တိုက်ပွဲဖြစ်ပွားမှုများ ရှိနေပါသည်။
စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက် ဦးတည်ဆောင်ရွက်နေသည့် နွေဦးတော်လှန်ရေးကာလအတွင်း ကာချုပ် မင်းအောင်လှိုင် ဦးဆောင်သည့် အာဏာသိမ်း စစ်ကောင်စီသည် တရားဝင်ငြိမ်းချမ်းရေးဆွေးနွေးရန် မကြာခဏ ဖိတ်ခေါ်နေသည့်တိုင် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့များ၏ ယုံကြည်မှုကို မရရှိသေးသည့် အခြေအနေတွင် ရှိပါသည်။ ထို့ကြောင့် ၂၀၂၂ ခုနှစ်၊ ဧပြီလ ၂၂ ရက်တွင် အာဏာသိမ်း စစ်ခေါင်းဆောင်ကိုယ်တိုင် ရုပ်သံမိန့်ခွန်းမှ တစ်ဆင့် ငြိမ်းချမ်းရေးဆွေးနွေးဖို့ ဖိတ်ခေါ်ခဲ့ပါသည်။ သို့သော် ထိုနေ့တွင်ပင် ၎င်းတို့အား တိုက်ခိုက်ပါက ပြန်လည်တိုက်ခိုက်မည်ဟု ထုတ်ပြန်ခဲ့ပြန်ပါသည်။
ချုပ်၍ဆိုရသော် စစ်အာဏာသိမ်းကာလအတွင်း အာဏာသိမ်းစစ်အုပ်စုအပေါ် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၏ ယုံကြည်မှုသည် လွန်ခဲ့သော ဆယ်စုနှစ်တစ်ခုနီးပါးကာလထက် ပိုမိုကျဆင်းနေသည်ဟု ဆိုရမည်ဖြစ်ပြီး တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တော်လှန်နေကြသော နွေဦးတော်လှန်ရေး၊ တစ်နည်းအားဖြင့် ပြည်သူ့တော်လှန်ရေးကို ယုံကြည်လက်ခံလာသည့် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းများ ရှိလာသည်ကို တွေ့ရသည်။ ဥပမာ – KIO ဥက္ကဋ္ဌ၏ ဓမ္မဘက်တွင် ရပ်တည်မည်ဆိုသော သဘောထားများကို မြင်တွေ့ရသကဲ့သို့ KNU ၏ နွေဦးတော်လှန်ရေးအတွင်း ရပ်တည်ဆောင်ရွက်ချက်များ၊ KNPP ၏ ကရင်နီပြည်သူများနှင့်အတူ ပူးပေါင်းဆောင်ရွက်ချက်များ၊ CNF ၏ ချင်းဒေသ ခုခံတော်လှန်ရေးအဖွဲ့အစည်းများနှင့် ပူးပေါင်းဆင်နွှဲမှုများ စသည်တို့ကို တွေ့နိုင်ပါသည်။
နွေဦးတော်လှန်ရေးကာလအတွင်း ဖြစ်တည်လာသည့် အမျိုးသား ညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) တွင်လည်း KNU ၊ KNPP နှင့် CNFအပါအဝင် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်း ရှစ်ဖွဲ့ထက်မနည်း ပါဝင်ကြောင်းသိရပါသည်။ ထို့အပြင် ULA/AA ကဲ့သို့သော တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများအား NUCC တွင်ပူးပေါင်းပါဝင်ရန် ဖိတ်ခေါ်မှုများရှိနေပါသည်။ NUCC သည် စစ်အာဏာ ရှင်စနစ် ဆန့်ကျင်သော သပိတ်ကော်မတီများ၊ ကဏ္ဍအလိုက် အဖွဲ့အစည်း များ၊ အမျိုးသမီးအင်အားစုများ၊ ရွေးကောက်ခံ ကိုယ်စားလှယ်များ စသဖြင့် အစုအဖွဲ့အင်အားစုများဖြင့် စုစည်းထားခြင်းဖြစ်ပြီး ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေးကို ဦးတည်ဆောင်ရွက်နေခြင်းဖြစ်သည်။ NUCC မှ ရွေးချယ်ကာ CRPH မှ ဖွဲ့စည်းပေးထားသည့် အမျိုးသားညီညွတ်ရေး အစိုးရ (NUG)ကလည်း နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ကို ဦးဆောင် စေကာမဟာမိတ်ဆက်ဆံရေးကော်မတီ ဖွဲ့စည်းဆောင်ရွက်လျက်ရှိနေပါသည်။
ထို့ကြောင့် စစ်အာဏာသိမ်းကာလအတွင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်၏ ဦးတည်ရာသည် အာဏာသိမ်းစစ်ကောင်စီနှင့် NUCC တို့၏ ဦးဆောင်နိုင်စွမ်းပေါ်တွင် အခြေတည်လျက်ရှိနေသည်ကို တွေ့ရသည်။ NUCC အနေဖြင့် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများ၏ ပူးပေါင်းပါဝင် မှုကို ယခုထက်ပိုမိုရရှိရန်လိုအပ်နေသည်ကို တွေ့ရသော်လည်း စစ်အာဏာ ရှင်စနစ်ဆန့်ကျင်သော နွေဦးတော်လှန်ရေးအစုအဖွဲ့အင်အားစုများနှင့် ပြည်သူ့တရပ်လုံး၏ ထောက်ခံအားပေးမှု၊ ယုံကြည်ကိုးစားကိုမူ NUCC ၊ NUG တို့က အာဏာသိမ်းစစ်ကောင်စီထက် များစွာ ပိုမို ရရှိထားသည်ဟု ဆိုနိုင်ပါသည်။
ချုပ်၍ဆိုရာသော် ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်၏ ဦးတည်ရာသည် အာဏာသိမ်းစစ်ကောင်စီ၏ လက်ထဲတွင် ရှိနေသလား၊ NUCC နှင့် NUG တို့၏ လက်ထဲတွင် ရှိနေသလား၊ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများ၏ လက်ထဲတွင် ရှိနေသလားဆိုသည်က စောင့်ကြည့်ရဦးမည့် အခြေအနေ ဖြစ်ပါသည်။ သို့နှင့်တိုင် ပြည်တွင်းငြိမ်းချမ်းရေး၏ အန္တိမပန်းတိုင်သည် ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် တန်းတူရေးကို အာမခံသည့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးဖြစ်ပါက နွေဦးတော်လှန်ရေးအောင်ပွဲနှင့် တိုက် ရိုက်ချိတ်ဆက်နေသည်ဟု တင်ပြအပ်ပါသည်။