ရှမ်းပြည်နယ် မြောက်ပိုင်း၊ နမ့်ဆန်မြို့နယ်တွင် ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် ထွက်ပြေးတိမ်းရှောင်နေရသည့် စစ်ဘေးရှောင် ၂၀၀၀ နီးပါးအတွက် အကူအညီများ လိုအပ်နေသည်။
စစ်တပ်နှင့် တအန်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့အကြားက တိုက်ပွဲများကြောင့် ဒေသခံများမှာ ထွက်ပြေးတိမ်းရှောင်ခဲ့ရတာဖြစ်ပြီး လက်ရှိမှာ နေထိုင်စားသောက်ရေးအပြင် အဖက်ဖက်မှ အကူအညီများ လိုအပ်နေသည်ဟု တအာင်းအရပ်ဖက်အဖွဲ့အစည်းများနှင့် ဒေသခံများက ပြောသည်။
တအာင်းအရပ်ဖက်အဖွဲ့အစည်းက တာဝန်ရှိသူ တစ်ဦးက “ကျေးရွာပိုင်းမှာ ကျန်ခဲ့နေတဲ့ တစ်ခြားဒေသခံတွေ နီးစပ်ရာ ကျေးရွာမှာ ရွှေ့ပြောင်းနေထိုင်နေတဲ့ လူတွေကျတော့ သွားကူဖို့ကလည်း အခက်အခဲရှိတယ်။ လမ်းကြောင်းမှာလည်း စိုးရိမ်ရတယ်ဆိုတော့ အဲဒါလုံခြုံရေးအရ စိုးရိမ်ရတော့ သွားရောက်ကူညီပေးတဲ့ အဖွဲ့တွေကတော့ မရှိသေးဘူး။ အခုရှိနေတဲ့ ဒုက္ခသည်တွေကလည်း တော်တော်များများဆို စားရေး သောက်ရေးတွေပဲ အဓိကထားပြီးမှပဲ လာကူကြတယ်။ ဆိုတော့ လိုအပ်ချက်က အခုက ဆောင်းတွင်းဖြစ်နေတဲ့အတွက်ကြောင့်မို့ ဒီဖက်ခြမ်းမှာကျတော့ အရမ်းအေးနေတဲ့ အချိန်ကာလ ဖြစ်နေတဲ့အတွက်ကြောင့်မို့လို့ စောင်တွေ၊ ပြီးရင် အနွေးထည်တွေ တော်တော်များများ လိုအပ်ကြသေးတယ်ပေါ့နော်” ဟု ပြောသည်။
နမ့်ဆန်မြို့သို့ စစ်ဘေးရှောင်လာသည့် ကုန်းသာရွာသားတစ်ဦးကလည်း နီးစပ်ရာကျေးရွာများနှင့် တောထဲတောင်ထဲတွင် ထွက်ပြေးတိမ်းရှောင်နေရသည့် စစ်ဘေးရှောင်များမှာ နေထိုင်စားရေးသောက်ရေးနှင့် ဆေးဝါးအကူအညီများ လိုအပ်နေသည်ဟု ပြောသည်။
ကုန်းသာရွာသားတစ်ဦးက “ကျနော်တို့က အဲရဲ့ မန်လုံးဘုန်းကြီး ကျောင်းမှာ သူတို့က စားဝတ်နေရေးက သူတို့ အလှူရှင်က နည်းနေတာ တွေ့ရတယ်ဆိုတော့ သူတို့ကို ပိုပြီး ဦးစားစေချင်တာပေါ့။ ဒီရဲ့ မြို့ပေါ်မှာကျတော့ အလှူရှင်တွေများတယ်။ လာနိုင်တဲ့သူတွေ အများကြီးရှိတယ်ဆိုတော့ သူက မန်လုံးမှာကျတော့ သူက တောထဲဖြစ်တဲ့အတွက် သူက အလှူရှင်တွေ သိပ်မလာနိုင်ဘူးလေ။ အဲလိုမျိုးကျတော့ သူတို့အတွက် အခက်အခဲ ရှိတယ်။ ကျနော်တို့ရဲ့ စားဝတ်နေရေးတွေလည်း ခက်ခဲရှိတယ်။ ဆေးဝါးတွေလည်းသူက သိပ်မရှိဘူးဆိုတော့ အဲလိုမျိုး အသက်အန္တာရာယ်တော့ စိုးရိမ်ရတာပေါ့” ဟု ပြောသည်။
နမ့်ဆန်မြို့နယ်အတွင်းက တိုက်ပွဲများကြောင့် ကုန်းသာ၊ ဟူမန်း၊ ပန်လုံ၊ ဆာမ်ငမ်၊ ပန်လောက် စသည့် ကျေးရွာ ၅ ရွာမှ ဒေသခံ ၂၀၀၀ နီးပါးခန့် ထွက်ပြေးတိမ်းရှောင်နေကြရပြီး အချို့မှာ နမ့်ဆန်မြို့နှင့် အချို့မှာ နီးစပ်ရာကျေးရွာများနှင့် တောထဲတောင်ထဲတွင် ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟု ဆိုသည်။
လက်ရှိ အချိန်အထိ နမ့်ဆန်မြို့ရှိ ဇယန်းကြီး ဘုန်းကြီးကျောင်းတွင် စစ်ဘေးရှောင် ဦးရေ ၁၀၀၀ ကျော်ရောက်ရှိနေပြီး ကျန်ရှိနေသည့် ဒေသခံများမှာ နီးစပ်ရာကျေးရွာများနှင့် တောထဲတောင်ထဲတွင် တိမ်းရှောင်နေကြသည်ဟု တအာင်း အရပ်ဖက်အဖွဲ့အစည်းများက ပြောသည်။
နမ့်ဆန်မြို့သို့ ထွက်ပြေးရောက်ရှိလာကြသည့် စစ်ဘေးရှောင်များအတွက် တအာင်းအရပ်ဖက်အဖွဲ့အစည်းများနှင့် နမ့်ဆန်မြို့ပေါ်က လူမှုကူညီရေး အသင်းများက ကူညီပေးနေသော်လည်း ကျေးရွာများနှင့် တောထဲတောင်ထဲတွင် ရောက်ရှိနေသည့် စစ်ဘေးရှောင်များအတွက် အကူအညီများ လိုအပ်နေသည်ဟု ဒေသခံများနှင့် အကူအညီပေးနေသူများက ပြောသည်။
ထိုကြောင့် တိုက်ပွဲများ ရပ်တန့်သွားခြင်းမရှိဘဲ ဆက်လက်ဖြစ်ပွားနေမည်ဆိုပါက စစ်ဘေးရှောင်များ၏ နေထိုင်စားသောက်ရေး၊ ကျန်းမာရေးတို့မှာ ပို၍ ခက်ခဲလာနိုင်သည်ဟု တအာင်းအရပ်ဖက်အဖွဲ့အစည်း တာဝန်ရှိသူက ဆိုသည်။
တအာင်းအရပ်ဖက်အဖွဲ့အစည်း တာဝန်ရှိသူတစ်ဦးက “တကယ်လို့များ တိုက်ပွဲဆက်လက်ဖြစ်နေမယ်ဆိုရင် တော့ အဓိက ဒေသခံတွေအတွက် အခုလောလောဆယ်က အခုနပြောသလိုမျိုး အရမ်းအေးနေတဲ့ ရာသီလည်းဖြစ်တယ်။ ပြီးရင် ကျန်းမာရေးအရဆိုရင် ပြန်ကြည့်မယ်ဆိုရင်လည်း အခု ထွက်ပြေးတိမ်းရှောင်နေရတဲ့ လူတွေက သက်ကြီးပိုင်းတွေ အမျိုးသမီးတွေ ကလေးတွေ များတဲ့အခါကျတော့ ကျန်းမာရေး ထိခိုက်တဲ့လူတွေ လည်း တွေ့နေရတယ်။ အဆင်မပြေမှုတွေလည်း ကြုံနေရတာတွေရှိတယ်” ဟု ပြောသည်။
ထို့အပြင် စစ်ဘေးရှောင်များကို သွားရောက်ကူညီမည့်သူများမှာလည်း လက်ရှိ နိုင်ငံရေးမတည်ငြိမ်မှုကြောင့်သော်လည်းကောင်း၊ လမ်းပန်းဆက်သွယ်ရေး အခက်အခဲကြောင့်သော်လည်းကောင်း အဖက်ဖက်က စိန်ခေါ်မှုများကို ကြုံတွေ့လာနိုင်သည်ဟု ဆက်ပြောသည်။
“အခက်အခဲ စိန်ခေါ်မှုကျတော့ အဲဒီဖက်မှာဆိုရင်လည်း သွားရောက်ကူညီပေးဖို့ကလည်း နည်းနည်းအလှမ်းဝေးတဲ့အခါကျတော့ သွားရေးလာရေး လမ်းကြောင်းမှာလည်း စိုးရိမ်ရတဲ့ အနေအထားဆိုတော့ အခက်အခဲတွေတော့ အများကြီး ကြုံလာနိုင်တဲ့ အနေအထားတော့ရှိတယ်။ စားဝတ်နေရေးရော၊ နေရေးထိုင်ရေးရောပေါ့နော် ဒေသခံတွေကတော့ ရာချီထောင်ချီရှိပြီဆိုရင် နေဖို့ထိုင်ဖို့တွေက အခက်အခဲတွေတော့ ရှိကြတယ်။”
ဒီဇင်ဘာလ ၇ ရက်နေ့မှ စတင်ကာ ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ဆန်မြို့နယ် ကုန်းသာကျေးရွာတွင် စစ်တပ်နှင့် တအန်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် TNLA တို့အကြား တိုက်ပွဲများ စတင်ဖြစ်ပွားခဲ့ပြီး ကုန်းသာကျေးရွာအပါအဝင် အနီးအနားရှိ ကျေးရွာများမှ ဒေသခံ ထောင်ချီ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။
တိုက်ပွဲအတွင်း လက်နက်ကြီး ပစ်ခတ်မှုများကြောင့်သော်လည်းကောင်း၊ လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့်သော်လည်းကောင်း ကုန်းသာကျေးရွာရှိ လူနေအိမ်အချို့ မီးလောင်ခဲ့ပြီး အိမ်အားလုံးနီးပါး ထိမှန်ပျက်စီးခဲ့သည်။
ထို့ကြောင့် ကျေးရွာတွင် ပြန်လည်နေထိုင်နိုင်ရန်အတွက် ထိခိုက်ပျက်စီးသွားသည့် နေအိမ်များကို နှစ်ဖက် လက်နက်ကိုင်အဖွဲ့အစည်းများက တာဝန်ယူမှု တာဝန်ခံမှုအပြည့်နှင့် ပြန်လည်ပြုပြင်တည်ဆောက်ပေးရန် ဒေသခံများက တောင်းဆိုထားသည်။
NMG – ပေးပို့သည်။