TNLA က လူထုအစိုးရ အမြန်ဆုံး ပေါ်ပေါက်လာရန် ဆောင်ရွက်သွားမည်ဟု ပြောဆို

0
23
ပုံစာ - ၂၀၂၄ ဒီဇင်ဘာလအတွင်းက လုံခြုံရေးကင်းလှည့်နေသည့် TNLA ရဲတပ်ဖွဲ့ဝင်များ (Photo - TNLA)

တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA က “၁၀၂၇ စစ်ဆင်ရေး” အတွင်း ထိန်းချုပ်ထားနိုင်သည့် ဒေသများတွင် ဒေသခံပြည်သူများပါဝင်နိုင်မည့် လူထုအစိုးရ အမြန်ဆုံးပေါ်ပေါက်လာရန် ဆောင်ရွက်သွားမည်ဟု ဇန်နဝါရီ ၁၀ ရက်နေ့စွဲဖြင့် ထုတ်ပြန်လိုက်သည်။

PSLF/TNLA ယာယီဌာနချုပ်တွင် ဇန်နဝါရီ ၃ ရက်နေ့မှ ၇ ရက်နေ့အထိကျင်းပခဲ့သည့် နှစ်ပတ်လည် အစည်းအဝေးတွင် တအာင်း (ပလောင်) တပ်မတော်ကို တပ်မဟာ (၉) ခုအဖြစ် တိုးချဲ့ပြင်ဆင်ခြင်းနှင့်အတူ ထိန်းချုပ်မြို့များကိုလည်း အုပ်ချုပ်ရေးလုပ်ငန်းများ အဆင်ပြေစေရန်အတွက် မြို့ ၁၈ မြို့ပါဝင်သည့် ခရိုင် (၅) ခုအဖြစ် ပြင်ဆင်စုဖွဲ့ရန် သဘောတူခဲ့ကြကြောင်း TNLA ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထိန်းချုပ်ထားသည့် မြို့ ၁၂ မြို့တို့တွင် လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေး၊ ပညာရေးနှင့် ကျန်းမာရေးကိစ္စများကို TNLA က ဦးဆောင်စီမံ အုပ်ချုပ်သွားမည်ဖြစ်ပြီး ဒေသခံပြည်သူများပါဝင်နိုင်မည့် လူထုအစိုးရ အမြန်ဆုံးပေါ် ပေါက်လာရန် ဆောင်ရွက်သွားမည်ဟုလည်း အဆိုပါထုတ်ပြန်ချက်တွင် ရေးသားထားသည်။

“ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေကို အစည်းအဝေးခေါ်လုပ်တုန်းက ၂၀၂၅ ထဲ လူထုအစိုးရပေါ်လာအောင် လုပ်မယ်လို့တော့ပြောတယ်။ အဲ့ဒါအတွက် လှုပ်ရှားနေတာလည်း အခုနှစ်စအထိ ဘာမှတော့ မတွေ့ရသေးဘူး။ တစ်နှစ်ကျော်သွားပြီဆိုတော့ လိုအပ်ချက်ကတော့ အများကြီးရှိသေးတယ်။ မြန်မြန်နဲ့မှန်မှန် လုပ်နိုင်ရင်တော့ လူထုအတွက် ဘက်အားလုံးအတွက် အကျိုးရှိနိုင်တာပေါ့” ဟု နမ့်ခမ်းဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် ၂၀၂၄ ဖေဖော်ဝါရီလအတွင်းက ကျင်းပခဲ့သည့် TNLA နှစ်ပတ်လည်အစည်းအဝေးတွင် ထိန်းချုပ်မြို့ များ၌ ၂၀၂၅ နှစ်သစ်တွင် လူထုဆန္ဒအခြေခံသည့် လူထုအုပ်ချုပ်မှုအစိုးရ ပေါ်ပေါက်ရေး ကြိုးပမ်းဆောင်ရွက်မည် ဖြစ်ကြောင်း TNLA က ထုတ်ပြန်ထားခဲ့ဖူးသည်။

တော်လှန်ရေးအင်အားစုများက ဘုံရန်သူကို ထိုးစစ်ဆင်တော်လှန်နေကြသဖြင့် စစ်ကောင်စီသည် သမိုင်းတွင် ကျဆုံးမှုများနှင့် ဆက်တိုက်ကြုံတွေ့နေရပြီး တော်လှန်ရေးအင်အားစုများက စုပေါင်းရုန်းကန်ပြီး တော်လှန်ရေး အရှိန်ကို မြင့်တင်ကာ အောင်ပွဲရယူရန် အချိန်အခါကောင်းဖြစ်ကြောင်းလည်း TNLA က ဆိုထားသည်။

TNLA အနေဖြင့် “၁၀၂၇ စစ်ဆင်ရေး” ပထမပိုင်းတွင် နမ့်ဆန်၊ မန်တုံ၊ နမ့်ခမ်း၊ နမ္မတူ၊ ကွတ်ခိုင်၊ မိုင်းလုံနှင့် မိုင်းငေါ့ (၇) မြို့တို့ကို တိုက်ခိုက်ထိန်းချုပ်နိုင်ခဲ့ပြီး စစ်ဆင်ရေးဒုတိယပိုင်းတွင် မိုးကုတ်၊ မိုးမိတ်၊ နောင်ချို၊ ကျောက်မဲနှင့် သီပေါ (၅) မြို့တို့ကို ထပ်မံထိန်းချုပ်နိုင်ပြီး စုစုပေါင်း (၁၂) မြို့တွင် အုပ်ချုပ်ရေးယန္တရားများ စတင်ဖော်ဆောင်နေသည်။

အခြားတဘက်တွင် နယ်စပ်တည်ငြိမ်ရေးနှင့် တိုက်ပွဲရပ်စဲရေးအတွက် ကြားဝင်ဆောင်ရွက်နေသည့် တရုတ်နိုင်ငံအစိုးရ၏ ကြိုးပမ်းမှုကို လေးစားအသိအမှတ်ပြု၍ စစ်ကောင်စီနှင့် နှစ်ဘက်စစ်ရေးပဋိပက္ခများ အဆုံးသတ်နိုင်ရန် တွေ့ဆုံဆွေးနွေးရန် အဆင်သင့်ရှိကြောင်း ၂၀၂၄ နိုဝင်ဘာလ ၂၅ ရက်နေ့က TNLA မှ ထုတ်ပြန်ထားသည်။

သျှမ်းသံတော်ဆင့် ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here