TNLA က ဖုန်းအသုံးပြုသည့် သီပေါဒေသခံ ၄၀ ကျော်ကို ဖမ်းဆီးသွား

0
74

သျှမ်းပြည် သီပေါမြို့နယ် စံဖိတ်ကျေးရွာရှိ ဒေသခံအရွယ်စုံ ၄၀ ဦးထက်မနည်းကို ဖုန်းအသုံးပြုသည့် အကြောင်းပြချက်ဖြင့် TNLA တပ်သားများက ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း ဒေသခံတို့ထံမှ စုံစမ်းသိရသည်။

ဖေဖော်ဝါရီလ ပထမပတ်အတွင်း တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် သီပေါမြို့နယ်တွင် တားမြစ်ထားသည့်ကြားက ဖုန်းပြောဆိုဆက်သွယ်သည်ဟုဆိုကာ စံဖိတ်ကျေးရွာရှိ ဒေသခံအရွယ်စုံ ၄၀ ကျော်ကို ဖုန်းနှင့်အတူ နေအိမ်၊ လမ်းမကြီးတလျှောက်တွင် TNLA တပ်သားများက ဖမ်းဆီးခဲ့ကြောင်း ဒေသခံများက ပြောသည်။

“မနေ့က သီပေါမှာ ဖုန်းသုံးလို့ဆိုပြီး လူငယ် ၄၀ ကျော် အဖမ်းခံရတာ၊ စံဖိတ်ရွာက ဖုန်းသုံးတဲ့လူတွေကို TNLA ဖမ်းသွားတာ အရွယ်စုံပဲ။ စံဖိတ်ရွာမှာ တချို့နေရာလည်း ဖုန်းလိုင်းရလို့ ဖုန်းပြောကြတာရှိတယ်။ ပေးမသုံးဘဲ တားထားတာကို ဖုန်းပြောလို့ဆိုပြီး ဖမ်းသွားတာ၊ တချို့လည်း ဖုန်းပြောပြီး အပြန်လမ်းမှာ ဖမ်းခံရတယ်” ဟု ဖြစ်စဉ်သိရှိသူ ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

သီပေါမြို့နယ်အတွင်း အချို့နေရာများနှင့် သီပေါတံတားကြီး တဘက်ခြမ်း ကိုးကန့်တပ် MNDAA ထိန်းချုပ် နယ်မြေဘက်တွင် ဖုန်းလိုင်းများ ရရှိနေခြင်းကြောင့် ဒေသခံများ သွားရောက်၍ ဖုန်းပြောဆိုဆက်သွယ်ရာမှ အပြန်လမ်းတွင် TNLA ၏ ဖမ်းဆီးစစ်ဆေးခံရခြင်းဖြစ်ကြောင်း ဖမ်းဆီးခံရသူများ၏ ဆွေမျိုးများထံမှ သိရသည်။

TNLA ၏ ဖမ်းဆီးခြင်းခံရသည့် စံဖိတ်ကျေးရွာမှ ဒေသခံ ၄၀ ကျော်ကို မည်သည့်နေရာတွင် ထိန်းသိမ်းထား ကြောင်း မသိရှိရဘဲ လက်ရှိအချိန်ထိ ပြန်လည်လွတ်မြောက်လာခြင်း မရှိသေးကြောင်း ဒေသခံများက ဆက်ပြောသည်။

သီပေါမြို့နယ်တွင် ဖုန်းအသုံးပြုခြင်းကြောင့် ဒေသခံ ဖမ်းဆီးခေါ်ဆောင်ခံရမှုနှင့် ပတ်သက်ပြီး TNLA သတင်းနှင့် ပြန်ကြားရေးဌာနမှူး လွေးယေဦးထံ ဆက်သွယ်မေးမြန်းခဲ့ရာ ၎င်းထံ သတင်းတက်လာခြင်းမရှိသေးဘဲ စုံစမ်းဦးမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

အလားတူ သီပေါမြို့နယ်ရှိ ကျေးရွာများတွင် တအာင်း (ပလောင်) လူမျိုးများကို အဓိကထား၍ TNLA မှ အတင်းအကြပ် တပ်သားစုဆောင်းနေပြီး သားသမီးအစားထိုးအဖြစ် မိဘများကိုပါ ဖမ်းဆီးခေါ်ဆောင်နေကြောင်း ဒေသခံများက ပြောဆိုသည်။

“ရွာသစ်အုပ်စုဘက်မှာ သားသမီး နှစ်ယောက်၊ သုံးယောက်ရှိတဲ့ ပလောင်အိမ်တိုင်း TNLA က စစ်သားကောက် တယ်။ ကျား/မ မရွေး အကုန်ခေါ်နေတာ၊ သားတွေ အိမ်ခွဲနေလည်း အမေအို ခေါ်သွားတာမျိုးလုပ်တယ်” ဟု သီပေါဒေသခံ ၎င်းအမျိုးသမီးက ဆက်ပြောသည်။

တပ်သားစုဆောင်းရေးနှင့် ပတ်သက်ပြီး TNLA သတင်းနှင့် ပြန်ကြားရေးဌာနမှူး လွေးယေဦးထံ ဆက်သွယ်မေးမြန်းခဲ့ရာ “ဒီတပ်သား စုဆောင်းရေးနဲ့ ပတ်သက်ပြီး ကျမတို့က အွန်လိုင်းပေါ်မှာ ဖြန့်ထားတဲ့အတိုင်း ဖြစ်ပါတယ်။ ကျမတို့ ကောက်ခံတဲ့ မူ၊ ပေါ်လစီအတိုင်း ဆောင်ရွက်တာဖြစ်ပါတယ်” ဟု ပြန်လည်ဖြေကြားသည်။

အကယ်၍ မိဘပြည်သူများအနေဖြင့် TNLA ၏ တပ်သားစုဆောင်းရေး မူ၊ ပေါ်လစီနှင့် မကိုက်ညီဘဲ တပ်သားစုဆောင်းမှု ခံနေရပါက PRC ခေါ် ပြည်သူ့ဆက်ဆံရေးစင်တာမှ ဆက်သွယ်ပြီး တိုင်ကြားနိုင်ကြောင်း လွေးယေဦးက ဆက်ပြောသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ တတိယပတ်ကလည်း ကျောက်မဲမြို့နယ်ရှိ ပင်ပေါ၊ လုံကြိမ်၊ ကျောင်းကုန်း၊ နောင်ပစ် စသည့် ကျေးရွာများမှ အမျိုးသမီး ၄ ဦး အပါအဝင် အရပ်သား (၁၆) ဦးကို ကျွန်းပင်ခုတ်သည်ဟုဆိုကာ TNLA မှ လိုက်လံဖမ်းဆီးမှုများ ပြုလုပ်ခဲ့ပြီး နောင်ချိုမြို့ရဲစခန်းသို့ ခေါ်ဆောင်သွားခဲ့ကြောင်း ဒေသခံများပြောဆိုမှုအရ သိရသည်။

သျှမ်းသံတော်ဆင့် ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here