NUG က စစ်ကောင်စီ၏ ရာဇဝတ်မှုများကို ICC တွင် တရားစွဲရန်ပြင်ဆင်

0
48

၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီကကျူးလွန်နေသည့် စစ်ရာဇဝတ်မှုများကို အပြည်ပြည်ဆိုင်ရာ ရာဇဝတ်တရားရုံး ICC တွင် တရားစွဲဆိုနိုင်ရေး အမျိုးသားညီညွတ်ရေးအစိုးရ NUG က ဆောင်ရွက်မည်ဟု ပြောဆိုလိုက်သည်။

ဇန်နဝါရီ ၃ ရက်နေ့က အွန်လိုင်းမှပြုလုပ်သည့် လူ့အခွင့်အရေးဆိုင်ရာသတင်းစာရှင်းလင်းပွဲတွင် စစ်ကောင်စီက အာဏာသိမ်းပြီးချိန်မှ လက်ရှိအချိန်ထိကျူးလွန်နေသည့် ရာဇဝတ်မှုများကို ICC ကနေ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နိုင်ရေး တောင်းဆိုသွားမည်ဟု NUG က ဆိုသည်။

NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန၏ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းက “အခုလောလောဆယ် ဝရမ်းထုတ်ဖို့အတွက် ကြိုးစားနေတာကတော့ ရိုဟင်ဂျာများအပေါ်မှာ ဘင်္ဂလားဒေ့ရှ်ကို မောင်းထုတ်ခဲ့တဲ့ အဖြစ်အပျက်နဲ့ ပတ်သက်ပြီးတော့ ဖြစ်ပါတယ်” ဟု ပြောသည်။

ဆက်လက်ပြီး ဝန်ကြီးဦးအောင်မျိုးမင်းက “ဒါတင်မကသေးဘဲနဲ့ လက်ရှိ အကြမ်းဖက်စစ်တပ် ကျူးလွန်နေတဲ့ အချက်တွေက တစ်တိုင်းပြည်လုံးက ပြည်သူတွေကိုပစ်မှတ်ထားပြီး War Crime ကျူးလွန်တာဖြစ်တဲ့အတွက် ICC ရဲ့ တရားစီရင်မှုအပိုင်းကို ပိုမိုကျယ်ကျယ်ပြန့်ပြန့်နဲ့ လုပ်ဆောင်ဖို့အတွက် နောက်ထပ်ကျူးလွန်နေတဲ့ အခုထိ ကျူးလွန်နေတဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ဒါတွေကို ရာဇဝတ်မှုအနေနဲ့သတ်မှတ်ပြီးတော့မှ စုံစမ်းစစ်ဆေး အရေးယူမှုဖြစ်လာဖို့အတွက် ဆက်လက်တောင်းဆိုလျှက် ရှိပါတယ်” ဟု ပြောသည်။

၂၀၂၃ ခုနှစ်တွင် စစ်ကောင်စီ၏ လူ့အခွင့်အရေးချိုးဖောက်မှုပေါင်း ၄,၃၇၂ ခုရှိခဲ့ပြီး ၂၀၂၄ ခုနှစ်တွင် ၇,၃၉၄ ခုအထိရှိရာ နှစ်ဆနီးပါး ချိုးဖောက်မှု ကျုးလွန်လာသည်ဟု NUG ၏ လူ့အခွင့်အရေးဝန်ကြီးဌာနက ပြောဆိုသည်။

လူ့အခွင့်အရေးချိုးဖောက်မှုများထဲတွင် အရပ်သားများအပေါ် စစ်ကောင်စီတပ်၏ တရားလက်လွတ် သတ်ဖြတ်မှု များက အများဆုံးပါဝင်နေသည်ဟု NUG က ဆိုသည်။

အပြည်ပြည်ဆိုင်ရာရာဇဝတ်တရားရုံး ICC ၏ ရောမသဘောတူညီချက်စာချုပ်တွင် မြန်မာနိုင်ငံက လက်မှတ် မရေးထိုးထားရသေးသော်လည်း လက်မှတ်ရေးထိုးထားသည့် နိုင်ငံများနှင့်ပူးပေါင်းပြီး စစ်ခေါင်းဆောင်ကို အရေးယူနိုင်ရေး လုပ်ဆောင်သွားမည်ဟု ဦးအောင်မျိုးမင်းက ဆက်ပြောသည်။

“ဒီဝရမ်းထုတ်လာရင် Roam statute ကို လက်မှတ်ရေးထိုးထားတဲ့နိုင်ငံတွေက ဝရမ်းထုတ်ထားတဲ့သူတွေ သူ့နိုင်ငံကိုရောက်လာရင် ဖမ်းပြီးတော့ပို့တာ ICC တရားရုံးကို လွဲပြီးတော့ပို့တာ လုပ်ရတဲ့တာဝန်ရှိပါတယ်။ ဒါတွေကို မဖြစ်မနေလုပ်ဆောင်ပေးဖို့ရယ် ထိထိရောက်ရောက် အရေးယူဆောင်ရွက်နိုင်ဖို့အတွက် နိုင်ငံတွေ အားလုံးကနေ လက်တွဲလုပ်ဆောင်ဖို့အတွက် သီးသန့်တိုက်တွန်းချက်တွေ အဖွဲ့ဝင်နိုင်ငံတွေကို ဦးစားပေးပြီး တော့ တိုက်တွန်းချက်တွေ လုပ်ဆောင်လျှက်ရှိပါတယ်။ ဒါမှသာဝရမ်းက ဝရမ်းဆိုပြီးတော့ မဟုတ်ဘဲနဲ့ ဝရမ်းနဲ့ အတူ တကယ်တမ်းအရေးယူဆောင်ရွက်မှုတွေ လုပ်ဆောင်နိုင်မယ့်အဆင့် ဖြစ်ပါလိမ့်မယ်” ဟု ၎င်းက ဆိုသည်။

ရခိုင်ပြည်အတွင်းရှိ ရိုဟင်ဂျာလူမျိုးစုအပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများအတွက် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ဖမ်းဝရမ်းထုတ်ရန် ICC ၏ ရှေ့နေချုပ်က ICC တရားရုံးကို နိုဝင်ဘာလ ၂၇ ရက်နေ့တွင် လျှောက်ထားခဲ့သည်။

ထို့အပြင် ကမ္ဘာလုံးဆိုင်ရာ တရားစီရင်ပိုင်ခွင့် Universal Jurisdiction အနေဖြင့်လည်း ရိုဟင်ဂျာအမှုအတွက်
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို အာဂျင်တီးနား၊ တူရကီ၊ ဖိလစ်ပိုင်နိုင်ငံတို့တွင် အမှုဖွင့်စစ်ဆေးမှုများ လုပ်နေပြီး မကြာခင် အရေးယူဆောင်ရွက်မှုများ တစုံတရာ ထွက်ပေါ်လာမည်ဟု ဦးအောင်မျိုးမင်းက ဆိုသည်။

NUG သည် တရားစွဲဆိုနိုင်သောအဖွဲ့အစည်း မဟုတ်သော်လည်း တရားစွဲဆိုနိုင်သည့် အဖွဲ့အစည်းများက လိုအပ်သည့် အချက်လက်များ၊ သက်သေအထောက်ထားများကို ပံ့ပိုးကူညီပြီး တရားမျှတမှုအတွက် နည်းလမ်းပေါင်းစုံကို အသုံးပြုနေပြီး စစ်ကောင်စီကို အပြစ်ပေးအရေးယူနိုင်ရေး ဆောင်ရွက်နေသည်ဟု ဆိုသည်။

NMG ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here