NMSP – AD သက်တမ်း ၃ လပြည့် ပြည်တွင်း/ပြည်ပ မွန်အဖွဲ့အစည်းပေါင်းစုံနှင့် အွန်လိုင်းတွေ့ဆုံမှုပြုလုပ်

0
98
Photo - NMSP-AD

မွန်ပြည်သစ်ပါတီ – စစ်အာရှင်တိုက်ဖျက်ရေး (NMSP-AD) သက်တမ်း ၃ လပြည့်အနေဖြင့် ပြည်တွင်း/ပြည်ပရှိ မွန်အဖွဲ့အစည်းများနှင့် အွန်လိုင်းတွေ့ဆုံပွဲတစ်ခုကို မေလ ၁၉ ရက်နေ့ မနက်ပိုင်းက ပြုလုပ်ခဲ့သည်ဟု အဖွဲ့၏ထုတ်ပြန်ချက်အရ သိရသည်။

NMSP-AD ၏ ၃ လတာ နိုင်ငံရေးလှုပ်ရှားမှု၊ စစ်ရေးလှုပ်ရှားမှုအပြင် ပြည်ပရှိမွန်လူမျိုးတို့၏ ထောက်ပံ့မှု ၊ အဖွဲ့၏ အားသာချက် အားနည်းချက်တို့ကို ရှင်းလင်းပြောဆိုခဲ့ပြီး တက်ရောက်လာသည့် အရပ်ဖက်အဖွဲ့အစည်းတို့၏ အသံနှင့် အကြံပြုချက်တို့ကို ရယူခဲ့ကြောင်း NMSP-AD ၏ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ နိုင်ကောင်းစကားက ပြောဆိုသည်။

“တွေ့ဆုံပွဲမှာ နိုင်ငံရေးလှုပ်ရှားမှုအခြေအနေနဲ့ NMSP- AD တို့ အခြေအနေ ဘယ်လိုရှိလဲ၊ မဟာမိတ်အဖွဲ့အစည်း နဲ့ ဘယ်လိုဆွေးနွေးထားလဲ၊ သံအမတ် ရုံးနဲ့တွေ့ထားတာရှိလဲ၊ နောက်တစ်ခုက အားသာချက် ဘယ်လိုရှိလဲ။ ပြည်ပက မွန်လူမျိုးတို့ရဲ့ထောက်ပံ့မှုတွေ တွေ့ကြုံခဲ့ရတဲ့ စိန်ခေါ်မှုတွေ သူတို့လည်းသိရအောင် ရှင်းသွားအောင် ရှင်းလင်းပြောကြားခဲ့တာ ရှိမယ်။ စစ်ဦးစီးချုပ် ကနေပြီးတော့လည်း စစ်ရေးလှုပ်ရှားမှုနဲ့ ပတ်သက်ပြီး တက်ရောက်လာကြတဲ့သူတွေအတွက် သိသင့်သလောက် ရှင်းပြခဲ့တာတွေရှိမယ်” ဟု နိုင်ကောင်းစကားက ပြောသည်။

ထို့အပြင် NMSP-AD လှုပ်ရှားရာ ဒေသအတွင်းရှိ ကျေးရွာများမှ အုပ်ချုပ်ရေးမှူးများအနေဖြင့် စစ်ကောင်စီကို သတင်းပေးခြင်း၊ စစ်မှုထမ်းဥပဒေနှင့် ပတ်သက်ပြီး ပြည်သူများကို ဖိအားပေးခြင်းတို့ လုပ်ဆောင်ပါက ပြတ်ပြတ်သားသား အရေးယူသွားမည်ဖြစ်သည်ဟုလည်း NMSP-AD က ပြောဆိုထားသည်။

NMSP-AD မှ နိုင်ငံရေး၊ စစ်ရေး အခြေအနေတို့ကို ရှင်းလင်းပြောကြားခဲ့ပြီးနောက် အဆိုပါလုပ်ငန်းစဉ်များ၏ အားသာချက်၊ အားနည်းချက်များလည်း တက်ရောက်လာသူတို့ထံမှ ပြန်လည်အကြံပြုခဲ့သည်ဟု နိုင်ကောင်းစကားက ဆိုသည်။

“အမျိုးကို ချစ်ကြတဲ့သူတွေ NMSP-AD ကို ထောက်ခံထောက်ပံ့ ပေးကြတဲ့သူတွေ တော်လှန်ရေးသမားတွေ သူတို့တွေအားလုံးရဲ့ အကြံညဏ်တွေ သိချင်တာလည်း အများကြီးပါတယ်။ အဲ့တာကြောင့် ဒီလိုပွဲလုပ်ပြီး အဲ့ထဲမှာ သူတို့မြင်တာတွေ သူတို့ဖြစ်စေချင်တာတွေ သူတို့သိတာတွေကို ရှင်းလင်းခဲ့တယ်၊ တချို့နေရာမှာ ကျွန်တော်တို့ အားနည်းချက်တွေကို သူတို့ထောက်ပြ အကြံပေးတာတွေရှိမယ်” ဟု နိုင်ကောင်းစကားက ပြောဆိုသည်။

ဆက်လက်ပြီး ၎င်းက “တချို့အခြေအနေတွေက ကျွန်တော်တို့ မသိတာတွေလည်း ရှိမယ်။ သူတို့ထောက်ပြ ပေးတာတွေ အကြံပေးတာတွေ ဒါတွေအကုန်လုံးက ကျွန်တော်တို့အတွက် အားသာချက်ကြီးပဲ။ အကောင်အထည် ဖော်နိုင်မယ့်နေရာတွေဆို အကောင်အထည်ဖော်မယ်လို့ သတ်မှတ်ထားတယ်။ အစည်းအဝေးတွေလည်း ထပ်လုပ်သွားမယ်” ဟု ပြောပါသည်။

အဆိုပါအွန်လိုင်းတွေ့ဆုံပွဲကို မေလ ၁၉ ရက်နေ့ နံနက် ၈ နာရီခွဲမှ နံနက် ၁၁ နာရီခွဲအထိ ကျင်းပပြုလုပ်ခဲ့ပြီး မွန်ရဟန်းတော်တချို့ ၊ ပြည်တွင်းပြည်ပရှိ မွန်အဖွဲ့အစည်းကိုယ်စား ၃၀ ဖွဲ့နှင့် ဖိတ်ကြားထိုက်သည့် ပုဂ္ဂိုလ်များအပါအဝင် ၆၀ ဦးကျော် တက်ရောက်ခဲ့ကြောင်း NMSP-AD က သတင်းထုတ်ပြန်ထားသည်။

အဆိုပါ အွန်လိုင်းတွေ့ဆုံပွဲတွင် NMSP-AD ၏ နိုင်ငံရေး၊ စစ်ရေး ဦးဆောင်ကော်မတီအဖွဲ့ဝင်များဖြစ်သည့် အဖွဲ့ခေါင်းဆောင် နိုင်ဇေယျ၊ ဒုတိယအဖွဲ့ခေါင်းဆောင် (၁) နိုင်ဗညားလယ်၊ ဒုတိယအဖွဲ့အခေါင်းဆောင် (၂) နိုင်လယီဟကောင်း၊ ဒု-စစ်ဦးစီးချုပ် စလွန်းထောတို့ ဦးဆောင်ဆွေးနွေးခဲ့ကြောင်း သိရသည်။

လက်ရှိတွင် NMSP – AD မှ စစ်အာဏာရှင်မှန်သမျှ တွန်းလှန်တိုက်ထုတ်နိုင်ရန် စစ်ရေးဒေသ (၁၊ ၂၊ ၄၊ ၅၊ ၇၊ ၈) ဟူ၍ ပိုင်းခြားသတ်မှတ်ထားပြီး စစ်ရေးလှုပ်ရှားမှု ဆိုင်ရာတို့ကို ဆက်လက်အကောင်အထည်ဖော်လျှက်ရှိကြောင်း သိရသည်။

IMNA ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here