မြန်မာ- တရုတ်နယ်စပ် နှစ်နိုင်ငံကုန်သွယ်ရေးဇုန်ရှိရာ ကချင်ပြည်နယ်၊ ကန်ပိုင်တည်မြို့တစ်ခုလုံးကို KIA ပူးပေါင်းတပ်က နိုဝင်ဘာ၂၀ ရက်နေ့ ညနေ ၅ နာရီခန့်တွင် အပြီးသတ်သိမ်းပိုက်လိုက်ပြီဟု KIA ရှေ့တန်းသတင်းရင်းမြစ်များက ပြောဆိုသည်။
KIA ပူးပေါင်းတပ်က နိုဝင်ဘာလ ၂၀ ရက်နေ့ မနက်ပိုင်း ၁၀ နာရီဝန်းကျင်ကနေ ကန်ပိုင်တည်မြို့ပေါ် ပစ်ခတ်မှု စတင်ခဲ့ပြီးနောက် မွန်းလွှဲ ၂ နာရီဝန်းကျင်တွင် မြို့တွင်းမြို့ပြင် နှစ်ဖက်တပ်ကြား အပြန်အလှန်ပစ်ခတ်မှု ပိုစိပ်လာပြီး တိုက်ပွဲပြင်းထန်ခဲ့သည်ဟု ဆိုသည်။
ယင်းနောက် ညနေ ၅ နာရီခန့်တွင် ကန်ပိုင်တည် စစ်တပ်ကုန်းနှင့် ရဲစခန်းအပါအဝင် အားလုံးကို သိမ်းပိုက်လိုက်နိုင်ပြီဟု KIA ရှေ့တန်းသတင်းအရင်းအမြစ်တစ်ဦးက ယခုလိုပြောသည်။
“ဒီညနေ ၅ နာရီလောက်မှာ အပြီးသတ်သိမ်းလိုက်ပြီ။ ကန်ပိုင်တည်မှာရှိနေတဲ့ စစ်တပ်နဲ့ ပြည်သူ့စစ်အဖွဲ့တွေက တရုတ်ပြည်ဘက်ခြမ်းကို နယ်မြေတံတိုင်းတွေကျော်ခွပြီး ထွက်ပြေးသွားကြကုန်ပြီ။ စစ်တပ်ကုန်းလည်း မီးရှို့ဖျက်ဆီးလိုက်ပြီ။ ရဲစခန်းမှာလည်း ကျနော်တို့အားလုံး နေရာယူလိုက်ပြီ။ ဟော်တယ်နေရာတွေမှာရှိနေတဲ့ စစ်သားတွေအားလုံးကိုလည်း ရှင်းလိုက်ပြီ” ဟု ၎င်းက ပြောသည်။
KIA ပူးပေါင်းတပ်က လက်ရှိ၌ စစ်တပ်ကုန်းနှင့် ရဲစခန်းနေရာတို့ကို ရှင်းလင်းရေးလုပ်ဆောင်နေပြီး နှစ်နိုင်ငံ ချစ်ကြည်ရေးအနေဖြင့် ဆောက်လုပ်ထားသော လှိုင်ဂူတံတားဘက် ထွက်ပြေးသွားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့ကို လိုက်လံပစ်ခတ်ရှင်းလင်းနေဆဲဖြစ်သည်ဟု ၎င်းက ဆက်ပြောဆိုသည်။
ကန်ပိုင်တည်မြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်နှင့် ပြည်သူ့စစ်အဖွဲ့ဝင်အများစုသည် တရုတ်ပြည်ဘက်ကို ထွက်ပြေးလွတ်မြောက်သွားပြီး တချို့ကို လက်နက်ပစ္စည်းများနှင့်ပါ ဖမ်းဆီးရမိမှုရှိသည်ဟု သတင်းရင်းမြစ်တို့က ပြောဆိုသော်လည်း အသေးစိတ်သိနိုင်ရန် ခက်ခဲနေသေးသည်။
ကန်ပိုင်တည်တိုက်ပွဲသည် ညနေ ၅ နာရီခန့်တွင် ငြိမ်သက်သွားပြီးနောက် စစ်ကောင်စီတပ်စခန်း ကုန်းတစ်ခုလုံး မီးလောင်ပျက်စီးနေသည်ဟု ကန်ပိုင်တည်ဒေသခံ အမျိုးသားတစ်ဦးက ပြောဆိုသည်။
အဆိုပါ ဒေသခံအမျိုးသားက “သိမ်းလိုက်တာ မှန်ပါတယ်။ စစ်တပ်ကုန်းမှာ မီးလောင်နေဆဲဖြစ်တယ်။ လက်ဝါးကားတိုင်ရှိတဲ့ဘက်မှာ သေနတ်သံအနည်းငယ် ကြားနေရသေးတယ်။ ဆက်ရှင်းနေသေးတာလားတော့ မသိဘူး။ ညနေပိုင်း ၅ နာရီလောက်မှာ တိုက်ပွဲကငြိမ်သွားတာဟုတ်တယ်” ဟု ပြောသည်။
နှစ်ဖက်တပ်ကြား ထိတွေ့တိုက်ပွဲပြင်းထန်နေချိန် ညနေ ၃ နာရီနှင့် ၄ နာရီ ကြားတွင် စစ်ကောင်စီတပ်ဘက်က လေယာဉ်နှင့် လာရောက်ပစ်ခတ် တိုက်ခိုက်သွားသည်ဟု ဒေသခံများက ပြောဆိုသည်။
KIA ပူးပေါင်းတပ်များသည် ကန်ပိုင်တည်မြို့တစ်ခုလုံးကို သိမ်းပိုက်ဖို့ရန်အတွက် ကန်ပိုင်တည်မြို့နဲ့ ၁၅ မိနစ်ခန့်အကွာရှိ ဝေမောရွာ၌ နိုဝင်ဘာလ ၁၉ ရက်နေ့က စပြီး စစ်အင်အား ထပ်မံတိုးချဲ့ပြီးနောက် နိုဝင်ဘာ ၂၀ ရက်နေ့ နံနက်ပိုင်းက စတင်၍ ထိုးစစ်ဆင်ကာ တိုက်ခိုက်သိမ်းပိုက်ခဲ့သည်ဟု ဆိုသည်။
ကန်ပိုင်တည်မြို့သည် မြန်မာ- တရုတ်နယ်စပ်တွင် တစ်နိုင်ငံလုံးအတိုင်းအတာနှင့် တတိယအကြီးဆုံး နယ်စပ်ဂိတ် ပေါက်ဝမြို့တစ်ခုဖြစ်ပြီး ကချင်အထူးဒေသ (၁) ဦးဇခုန်တိန့်ယိန်း ဦးဆောင်သည့် ပြည်သူ့စစ်နှင့် နယ်ခြားစောင့်တပ်တို့က ထိန်းချုပ်နေခြင်း ဖြစ်သည်။
ပြီးခဲ့သည့် စက်တင်ဘာလဆန်းပိုင်းအတွင်းက KIA တပ်သည် ကချင်အထူးဒေသ (၁) နယ်မြေ တရုတ်နယ်စပ် တကြောက ချီဖွေ၊ ဆော့လော်၊ ပန်ဝါမြို့နှင့် နယ်ခြားစောင့်တပ်ရင်း ၁၀၀၂ ရှိသည့် လုပီ၊ ၁၀၀၃ စင်ကြိုင်နှင့် ၁၀၀၁ ဖီမော် နယ်ခြားစောင့်တပ်ရင်း ဌာနချုပ်အားလုံးကို တစ်လကျော်အတွင်းမှာပင် အပြီးသတ်သိမ်းပိုက်ခဲ့ပြီး ရက်ပေါင်း ၂၀ ခန့်အကြာတွင် နောက်ဆုံးကျန်ရှိနေသော ကန်ပိုင်တည်နယ်စပ်မြို့တစ်ခုလုံးကို ထပ်မံ သိမ်းပိုက်နိုင်ခဲ့ခြင်းလည်း ဖြစ်သည်။
KNG ပေးပို့သည်။