DKBA က ဘုရားသုံးဆူမြို့အတွင်း လက်နက်ကိုင်ဆောင်သွားလာခြင်းမပြုရန် အမိန့်ထုတ်ပြန်ထားသော်လည်း ပြောင်းလဲမှုမရှိဟုဆို

0
49
ပုံစာ - ဘုရားသုံးဆူမြို့နယ်စပ်ဂိတ်

ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူမြို့ကို ထိန်းချုပ်ထားသည့် ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် DKBA လက်အောက်ခံတပ်ဖွဲ့ဝင်များအနေဖြင့် မြို့အတွင်း လက်နက်ခဲယမ်း ကိုင်ဆောင်သွားလာခြင်းမပြုရန် အမိန့်ထုတ်ပြန်ထားသော်လည်း တစုံတရာပြောင်းလဲလာခြင်းမရှိကြောင်း မြို့ခံများက ပြောဆိုသည်။

DKBA အမှတ် (၂) နည်းဗျုဟာရုံး၊ လေးဝဖလိုးရုံးက ဘုရားသုံးဆူ မြို့အတွင်း DKBA တပ်ဖွဲ့ဝင်များအနေဖြင့် မြို့အတွင်းသို့ လက်နက်ခဲယမ်း ကိုင်ဆောင်သွားလာခြင်းအပါအဝင် အချက် ၁၂ အား ခွင့်မပြုကြောင်း အမိန့်ထုတ်ပြန်စာတစ်စောင်ကို ပြီးခဲ့သည့် အောက်တိုဘာလ ၂၄ နေ့ရက်စွဲဖြင့် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

သို့သော်လည်း DKBA တပ်ဖွဲ့ဝင်များအနေဖြင့် လက်ရှိတွင် ဘုရားသုံးဆူမြို့အတွင်း လက်နက်ခဲယမ်း ကိုင်ဆောင်သွားလာမှု ပုံမှန်အတိုင်းဆက်ရှိနေပြီး တစုံတရာပြောင်းလဲလာခြင်းမရှိဟု ဘုရားသုံးဆူမြို့ခံများက ပြောဆိုသည်။

“ဘာကိုမှ ပြောင်းလဲလာတာ မရှိနေဘူး။ ဒီဘုရားသုံးဆူမြို့ပေါ်မှာ ရှိနေတဲ့ DKBA တပ်ဖွဲ့ဝင်တွေက အရင်လိုပဲ သွားလာနေကြတယ်။ ထုတ်ပြန်ထားတဲ့အတိုင်း ဘာမှဖြစ်နေတာမရှိဘူး။ ဈေးတွေ၊ လမ်းတွေမှာလည်း အရင်လိုပဲ လက်နက်တကားကားနဲ့ သွားလာနေကြတုန်းပဲ” ဟု ဘုရားသုံးဆူမြို့ခံတစ်ဦးက ပြောသည်။

လက်နက်ကိုင်မျိုးစုံ လှုပ်ရှားသွားလာနေသည့် ဘုရားသုံးဆူမြို့သည် လက်နက်ကြီး၊ လက်နက်ငယ်ဖြင့် ရမ်းသမ်း ပစ်ခတ်မှု၊ ခြိမ်းခြောက်ပစ်ခတ်မှုများ နေစဉ်နီးပါးဖြစ်ပေါ်လာနေသည်ကို ထိန်းချုပ်နိုင်ရန် ယခုကဲ့သို့ ထုတ်ပြန် လာရခြင်းဖြစ်နိုင်သည်ဟု မြို့ခံသတင်းအရင်းအမြစ်များက ပြောဆိုသည်။

လက်ရှိ ဘုရားသုံးဆူမြို့အတွင်း လက်နက်ကိုင်အဖွဲ့အစည်းမျိုးစုံ လှုပ်ရှားနေသော်လည်း မြို့ကို ထိန်းချုပ်ထားသည်မှာ ဗိုလ်မှူးကြီးစောအေဝမ်း ဦးဆောင်သည့် DKBA လက်နက်ကိုင်အဖွဲ့သာ ဖြစ်သည်ဟု ၎င်းတို့က ဆက်ပြောသည်။

မြို့ခံတစ်ဦးက “အခုက ဒီမြို့အတွင်းမှာတော့ လက်နက်ကိုင်မျိုးစုံရှိတယ်။ ဒါအပြင် တရုတ်နိုင်ငံသားတွေအပါအဝင် တခြားသူတွေရော တရားမဝင်လက်နက်ကိုင်ဆောင်တာတွေ များလာတယ်။ ဒါပေမဲ့ တရုတ်နိုင်ငံသားတွေက DKBA ခွင့်ပြုချက်နဲ့ လက်နက်တွေကိုင်ဆောင်နေကြတယ်။ ပြီးတော့ ဒီလက်နက်တွေကြောင့် ပဋိပက္ခတွေ ခဏခဏ ဖြစ်ပေါ်လာနေတယ်” ဟု ပြောသည်။

ဆက်လက်ပြီး ၎င်းက “ပြီးခဲ့တဲ့ရက်ကလည်း အမည်မသိလက်နက်ကိုင်တစ်ဖွဲ့ရဲ့ ခြိမ်းခြောက်ပစ်ခတ်မှုကြောင့် လူငယ်တစ်ယောက် ဒဏ်ရာရသွားတယ်။ ပြီးတော့ ဘယ်အဖွဲ့ အစည်းတွေမှန်းမသိဘဲ လက်နက်ကြီး၊ လက်နက်ငယ်တွေကို နေ့ရော၊ ညပါ မကြာခဏ ပစ်ခတ်နေတာရှိတယ်။ ဒါတွေကို ထိန်းချုပ်နိုင်ဖို့အတွက် အခုလို ထုတ်ပြန်တာဖြစ်နိုင်တယ်” ဟု ဆက်ပြောဆိုသည်။

DKBA အမိန့်စာတွင် တာဝန်ချိန်မှအပ မြို့တွင်းသို့ ယူနီဖောင်း၊ လက်နက်ခဲယမ်း ကိုင်ဆောင်သွားလာခြင်း ခွင့်မပြုရန်၊ DKBA တပ်ဖွဲ့ဝင်များ မြို့အတွင်းသို့ဝင်ရောက်လိုပါက DKBA ဆက်ဆံရေးရုံးသို့ အသိပေးအကြောင်း ကြားရန်၊ DKBA တပ်ဖွဲ့ဝင်များအားလုံးသည် အရပ်ဝတ်ဖြင့် လက်နက်ကိုင်ဆောင်သွားလာခြင်း လုံးဝမပြုရန်၊ မြို့ထဲသို့ဈေးဝယ်လိုပါက စစ်ဝတ်စုံနှင့်လက်နက်ခဲယမ်းကိုင်ဆောင်ခြင်း မပြုရန်၊ DKBA တပ်ဖွဲ့ဝင်များအနေဖြင့် ဘုရားသုံးဆူမြို့အတွင်း ဆူပူရမ်းကားခြင်း၊ လက်နက်ခဲယမ်း ခြိမ်းခြောက်ခြင်းမပြုရန် စသည့် အချက် ၁၂ ချက် ပါရှိသည်။

ဒီမိုကရေစီအကျိုးပြု ကရင်အမျိုးသားတပ်မတော် (DKBA) သည် ကရင်အမျိုးသားအစည်းအရုံး (KNU) မှ ခွဲထွက် လာသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ ဖြစ်သည်။

ပြီးခဲ့သည့် ၂၀၁၅ ခုနှစ်တွင် အစိုးရနှင့် တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCA ကို လက်မှတ်ရေးထိုးခဲ့ပြီး ယနေ့ချိန်အထိ စစ်ကောင်စီ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် လိုက်ပါဆောင်ရွက်ပေးနေသည့် အဖွဲ့အစည်းလည်းဖြစ်သည်။

IMNA ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here