ရခိုင်ပြည်၊ မောင်တောမြို့သိမ်းတိုက်ပွဲကြောင့် ယာယီတိမ်းရှောင်နေရသည့် မွတ်ဆလင်များကို ARSA နှင့် RSO မွတ်ဆလင်လက်နက်ကိုင်အဖွဲ့များက မတန်တဆ ငွေကြေးတောင်းယူပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ ပို့ဆောင်နေသည်ဟု သိရသည်။
နတ်မြစ်အနီးရှိ စက်လှေသမားများနှင့်ပူးပေါင်းပြီး ARSA နှင့် RSO က စစ်ဘေးရှောင်မွတ်ဆလင်များအား ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ IDP စခန်းများတွင် အထောက်အပံ့ရမည်ဟု စည်းရုံးကာ မတန်တဆငွေကြေးတောင်း၍ ပို့ပေးနေခြင်းဖြစ်ကြောင်း ဒေသခံမွတ်ဆလင်များက ပြောဆိုသည်။
မောင်တောမြို့၊ လေးမိုင်ရပ်ကွက်နေ ကိုနိုရ်မိုဝ်ထော်ဖါက “ သူတို့ (ARSA၊ RSO) က လူတွေကို စုဆောင်းပြီးတော့ အခကြေးငွေယူပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ပို့ဆောင်နေတာတွေ ရှိတယ်။ သူတို့က ဘင်္ဂလားဒေ့ရှ်နိုင်ငံ နယ်ခြားစောင့်တပ်က ကင်းကျတဲ့အဖွဲ့နဲ့ ညှိပြီးတော့သွင်းကြတာ။ လူတစ်ဦးကို ၅ သိန်းပေးရတယ်လို့ ကြားတယ်” ဟု ပြောသည်။
တချို့ကို ငွေကျပ် ၅ သိန်းမှ ၁၀ သိန်းကျပ်အထိတောင်းခံကာ ပို့ဆောင်နေပြီး ဘင်္ဂလားနယ်ခြားစောင့်ရဲများ၏ ဖမ်းဆီးခြင်းခံရချိန်တွင် ရခိုင်ပြည်ဘက်သို့ ပြန်လည်ပို့ဆောင်ခံရသူများလည်း အများအပြားရှိနေသည်ဟု ဆိုသည်။
မောင်တော၊ မင်္ဂလာကြီးကျေးရွာမှ စက်လှေသမားအများစုသည် ဘင်္ဂလားဒေ့ရှ်သို့ သွားသည့်သူများကို ပို့ဆောင်ရာတွင် RSO ထံ ဆက်ကြေးပေးရပြီး RSO ကခွင့်ပြုမှသာ ပို့ဆောင်ရခြင်းဖြစ်သည်ကို ကွင်းဆင်းစုံစမ်း သိရှိခဲ့ရသည်။
တဖက်တွင်လည်း မွတ်ဆလင်လက်နက်ကိုင်များ၏ အတင်းအဓမ္မ လူသစ်စုဆောင်းမှုကြောင့် ဘင်္ဂလားဒေ့ရှ် ဘက်သို့ မိသားစုလိုက် ထွက်ပြေးမှုများရှိကြောင်း ဒေသခံများက ပြောဆိုကြသည်။
“မွတ်ဆလင်လက်နက်ကိုင်တွေက လူအင်အားလိုအပ်တာကြောင့် မိသားစုတစ်စုမှာ သားသမီး ၅ ယောက်ရှိရင် ယောကျ်ားလေးတစ်ယောက်ကို သူတို့ဆီပေးရတယ်။ ကိုယ်သားသမီးတွေကို လက်နက်ကိုင်အဖွဲ့ဆီ ဘယ်မိဘ ကမှ မပေးချင်ဘူးလေး။ လက်နက်ကိုင်အဖွဲ့ထဲ ဝင်သွားလို့ရှိရင် မကောင်းဘူးဆိုပြီးတော့ တချို့မိသားစုတွေဆိုရင် ဘင်္ဂလားဒေ့ရှ်နိုင်ငံဖက်ကို ခိုးပြေးကြတာတွေလည်း ရှိကြတယ်။ သူတို့ထဲကိုမဝင်ရင် ဖမ်းပြီးတော့နှိပ်စက်ကြလို့ ထွက်ပြေးကြရတာဖြစ်တယ်” ဟု ကိုနိုရ်မိုဝ်ထော်ဖါက ပြောသည်။
ပြီးခဲ့သည့်အောက်တိုဘာ ၁၂ ရက်နေ့က မောင်တောမြို့နယ်၊ မောင်နီကျေးရွာနေ ဒေါ်ဖာတမာဟူးတူနှင့် မိသားစုဝင် ၉ ဦးသည် နတ်မြစ်ကိုဖြတ်ပြီး ဘင်္ဂလားဒေ့ရှ်ဘက်သို့သွားစဉ် ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်များက ဖမ်းဆီးကာ ပြန်ပို့ခံလိုက်ရသည်ဟု ၎င်းက ပြောဆိုသည်။
ဒေါ်ဖာတမာဟူးတူက “မောင်တောဘက်မှာ တိုက်ပွဲတွေပြင်းထန်နေလို့ စားဝတ်နေရေးက အရမ်းကျပ်တည်း လာတယ်။ အဲ့ဒါကြောင့် အရင်ကတည်းက ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကိုရောက်ရှိနေတဲ့ အိမ်နီးချင်းတွေက ဘင်္ဂလာကိုလာရင် UN က စားနပ်ရိက္ခာနဲ့ဆေးဝါးတွေ ပေးတယ်လို့ပြောကြတယ်။ အဲဒါကြောင့် ဘင်္ဂလာဘက်ကို သွားကြတာ။ ဘင်္ဂလာဘက်ကမ်းအရောက်မှာ နယ်ခြားစောင့်တွေက ဖမ်းပြီးတော့ ရခိုင်ပြည်ဘက်ကို ပြန်ပို့လိုက်တာ” ဟု ပြောသည်။
ထို့အပြင် ကျန်းမာရေးမကောင်းသူများသည်လည်း ဆေးကုသရန် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ သွားလေ့ရှိကြပြီး ဘင်္ဂလားနယ်ခြားစောင့်များ၏ ဖမ်းဆီးမှုကိုခံရကာ ပြန်ပို့ဆောင်ခံရမှုများလည်းရှိနေကြောင်း သိရသည်။
မောင်တောမြို့၊ အမှတ် (၅) ရပ်ကွက်နေ မိုဟာမက်ကာလရေဇာက “ကျနော့်သမီးရဲ့ နှလုံးရောဂါကို ဆေးကုသဖို့ ဘင်္ဂလာဘက်ကို သွားကြတာ၊ အဲဒီဘက်အရောက်မှာ BGB တွေက ကျနော်တို့ကို ဖမ်းဆီးပြီးတော့ ရခိုင်ဘက် ပြန်ပို့လိုက်တာ။ နောက်ထပ်လည်း ကျန်းမာရေးကိစ္စကြောင့် သွာတဲ့သူတွေရှိသလို စားဝတ်နေရေးကြောင့် သွားကြတဲ့လူတွေလည်းရှိတယ်” ဟု ပြောသည်။
မိုဟာမက်ကာလရေဇာမိသားစုမှာ အောက်တိုဘာလ ၈ ရက်က မောင်တောမြို့နယ်၊ မင်္ဂလာကြီးကျေးရွာမှ စက်လှေဖြင့် သွားခဲ့ခြင်းဖြစ်ပြီး၊ ဘင်္ဂလားဒေ့ရှ်တွင် နှစ်ရက်ကြာဖမ်းဆီးစစ်ဆေးခံခဲ့ရပြီးနောက် အောက်တိုဘာ ၁၀ ရက်နေ့တွင် ရခိုင်ပြည်ဘက်သို့ ပြန်လည်ပို့ဆောင်ခံခဲ့ရသည်ဟု ဆိုသည်။
RSO အဖွဲ့သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ သွားရောက်သူများထံမှ ဆက်ကြေးရရှိနေခြင်းကြောင့် ARSA ကလည်း ယင်းအခွင့်အရေးကို လိုချင်သည့်အတွက် RSO နှင့် ARSA တို့ကြားတွင် မကြာခဏထိပ်တိုက်တွေ့မှုများရှိနေကြောင်း မောင်တောဒေသခံ မွတ်ဆလင်များက ပြောသည်။
မောင်တောမြို့သိမ်းတိုက်ပွဲအတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးကြသည့် မောင်တောဒေသခံ မွတ်ဆလင် ၃ သောင်းကျော်အထိရှိကြောင်း ဘင်္ဂလားဒေ့ရှ်အာဏာပိုင်များက ထုတ်ပြန်ပြောဆိုထားသည်။
အောင်ထိန် (DMG) ပေးပို့သည်။