ရခိုင်ပြည်အတွင်း တိုက်ပွဲဖြစ်ပွားနေဆဲ မြို့နယ် ၄ ခုဖြစ်သည့် မောင်တော၊ အမ်း၊ တောင်ကုတ်နှင့် ဂွမြို့နယ်တို့၏ နယ်မြေ ၉၀ ရာခိုင်နှုန်းအထက်ကို အာရက္ခတပ်တော် (AA) က သိမ်းပိုက်ထားပြီဖြစ်သည်ဟု AA ပြောခွင့်ရသူ ဦးခိုင်သုခက ပြောဆိုသည်။
၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၁၃ ရက်နေ့တွင် ပြည့်မြောက်သည့် အာရက္ခတပ်တော် (AA) ၏ ရခိုင်စစ်ဆင်ရေး တစ်နှစ်ပြည့်သည့်နေ့တွင် ရခိုင်စစ်ရေးအခြေအနေများနှင့် ပတ်သက်ပြီး မေးမြန်းစဉ် ဦးခိုင်သုခက ထိုသို့ ပြောဆိုခြင်း ဖြစ်သည်။
ဦးခိုင်သုခက “နောက်ထပ်သိမ်းပိုက်နေဆဲ မြို့နယ်တွေပေါ့နော်။ သိမ်းပိုက်ဖို့ တိုက်ခိုက်နေတဲ့ တချို့မြို့နယ် တွေဆိုလို့ရှိရင် နယ်မြေတွေကို ၉၅ ရာခိုင်နှုန်း သိမ်းပိုက်ထားတာ ရှိတယ်။ တချို့ဆိုရင် ၉၀ ရာနှုန်းအထက် သိမ်းပိုက်ထားတဲ့ မြို့နယ်တွေ အဲဒီမှာ ၄ မြို့နယ်ဗျ။ မောင်တောရယ်၊ တောင်ကုတ်၊ အမ်း၊ ဂွ ပေါ့နော်။ ဒီ ၄ မြို့နယ်က တစ်ခုပြီးတစ်ခု သိမ်းပိုက်နေဆဲ ဖြစ်ပါတယ်” ဟု ပြောသည်။
အာရက္ခတပ်တော် AA သည် တစ်နှစ်တာ စစ်ဆင်ရေးကာလအတွင်း မြို့နယ် (၁၁) ခုကို သိမ်းပိုက်ထားပြီး ယင်းမြို့နယ်များမှာ ပလက်ဝ၊ ကျောက်တော်၊ မြောက်ဦး၊ ပုဏ္ဏားကျွန်း၊ ပေါက်တော၊ မြေပုံ၊ ရမ်းဗြဲ၊ မင်းပြား၊ ရသေ့တောင်၊ ဘူးသီးတောင်နှင့် သံတွဲမြို့နယ်တို့ ဖြစ်ကြသည်။
လက်ရှိတွင် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တည်ရှိရာ အမ်း၊ ဘင်္ဂလားဒေ့ရှ်နယ်စပ်မြို့ မောင်တော၊ စကခ (၅) တပ်မအခြေစိုက်သည့် တောင်ကုတ်နှင့် ရခိုင်ပြည်တောင်ဘက်အစွန်ဆုံး ဂွမြို့နယ် တို့ကို ထိုးစစ်ဆင်လျက်ရှိရာ ယင်းမြို့နယ်တို့၏နယ်မြေ ၉၀ ရာခိုင်နှုန်းကျော်ကို AA က သိမ်းပိုက်ထားသည်ဟု ဦးခိုင်သုခက ဆိုသည်။
“ဒီတစ်နှစ်တာကာလအတွင်းမှာ ခြုံပြီးပြောရမယ်ဆိုရင်တော့ ကျနော်တို့ ရခိုင်အမျိုးသားအဖွဲ့ချုပ်၊ အာရက္ခ တပ်တော်နဲ့ အာရက္ခပြည်သူတွေရဲ့ စုစည်းမှုအားနဲ့ ဒီလိုအောင်မြင်မှုတွေ ရခဲ့တာဖြစ်တယ်။ ရှေ့ဆက်ပြီးတော့ လည်းပဲ ကျနော်တို့ချမှတ်ထားတဲ့ စစ်ရေး၊ နိုင်ငံရေး ရည်မှန်းချက်တွေ အောင်မြင်တဲ့အထိ တသွေမတိမ်း ဆက်လက်ချီတက်သွားမှာ ဖြစ်ပါတယ်” ဟု ဦးခိုင်သုခက ပြောဆိုသည်။
လက်ရှိ၌ ရခိုင်တွင် တိုက်ပွဲအကြီးအကျယ် မဖြစ်ပွားသည့် မြို့နယ် ၃ ခုသာကျန်ရှိပြီး စစ်တွေ၊ ကျောက်ဖြူနှင့် မာန်အောင်မြို့နယ်တို့ ဖြစ်ကြသည်။
အာရက္ခတပ်တော်အနေနှင့် ရခိုင်တိုက်ပွဲ ပြန်စတင်ခဲ့သည့် ၂၀၂၃ နိုဝင်ဘာ ၁၃ ရက်နေ့မှ ၂၀၂၄ ခုနှစ် နိုဝင်ဘာ ၁၃ ရက်နေ့အထိ တစ်နှစ်တာကာလအတွင်း စစ်ရေးအောင်မြင်မှု ရရှိခဲ့သလို လာမည့်ကာလတွင်လည်း ချမှတ် ထားသည့် ရည်မှန်းချက်များအောင်မြင်အောင် ဆက်လက်ချီတက်သွားမည်ဟု ဦးခိုင်သုခက ဆက်ပြောသည်။
အာရက္ခတပ်တော် (AA) က သိမ်းပိုက်ထားပြီးဖြစ်သည့် မြို့နယ် ၁၁ ခုတွင် အာရက္ခတပ်တော် (AA) က အုပ်ချုပ်ရေး၊ တရားစီရင်ရေးနှင့် ပြည်သူ့ရေးရာ စီမံခန့်ခွဲရေးတို့ကို လုပ်ဆောင်လျက်ရှိသည်ဟု ဆိုသည်။
တိုက်ပွဲဖြစ်ပွားနေဆဲ ဂွ၊ တောင်ကုတ်၊ အမ်းနှင့် မောင်တောမြို့နယ် ၄ ခုတို့တွင် တိုက်ပွဲပြင်းထန်နေသော်လည်း မြို့ပေါ်မှလွဲ၍ နယ်ဒေသများကို AA က ထိန်းချုပ်ထားပြီးဖြစ်ကာ တချို့ကျေးရွာများတွင် အုပ်ချုပ်ရေးအစားထိုးလုပ်ငန်းများကို ဆောင်ရွက်နေကြောင်း သိရသည်။
ရခိုင်စစ်ပွဲတစ်နှစ်တာအတွင်း စစ်ရေးအောင်မြင်မှုများရရှိခဲ့သော်လည်း လမ်းပန်းဆက်သွယ်ရေး ဖြတ်တောက် ခံရမှုနှင့် လေယာဉ်နှင့် ဗုံးကြဲမှုများကြောင့် ရခိုင်ပြည်သူများအနေဖြင့် စစ်ပွဲဒဏ်ကို အလူးအလဲ ခံစားနေကြ ရသည်ဟု ရခိုင်တွင် လူမှုကူညီရေးများလုပ်ဆောင်နေသည့် လူထုဘေးဒဏ်ခံနိုင်စွမ်း တိုးမြှင့်ဆောင်ရွက်ရေးအဖွဲ့ (ACRO) အမှုဆောင်ဒါရိုက်တာ ဦးဇော်ဇော်ထွန်းက ယခုလိုပြောသည်။
“ပြည်သူတွေဟာ တကယ့်ကို အရင်ကမကြုံဖူးတဲ့ ဆင်းရဲဒုက္ခတွေကို ဒီကာလအတွင်း ကြုံကြရတယ်။ အရမ်းကိုမှ ခက်ခဲကြတယ်။ ဒါပေမဲ့ သူတို့မညည်းညူဘူး။ ဒီဒုက္ခတွေရဲ့အလွန်မှာ အေးချမ်းတဲ့တိုင်းပြည်တစ်ခုကို သူတို့မျှော်လင့်တယ်၊ တောင့်တတယ်။ ဒါကြောင့်လည်း ကြိတ်မှိတ်ပြီး တောင့်ခံကြတာကို တွေ့ရပါတယ်” ဟု ဦးဇော်ဇော်ထွန်းက ပြောသည်။
သို့သော်လည်း စစ်အာဏာရှင်ချုပ်ငြိမ်းရေးနှင့် အနာဂတ်ရခိုင်ပြည် သာယာရေးကိုမျှော်မှန်းကာ ပြည်သူများအနေဖြင့် အားတင်းကာ ရှေ့ဆက်နေကြသည်ကို တွေ့မြင်ရကြောင်း ၎င်းက ဆက်ပြောသည်။
ရခိုင်တွင် လက်ရှိတိုက်ပွဲဖြစ်ပွားနေဆဲ အမ်း၊ မောင်တော၊ တောင်ကုတ်၊ ဂွ တို့အပြင် တိုက်ပွဲမဖြစ်ပွားသေးသော စစ်တွေ၊ ကျောက်ဖြူနှင့် မာန်အောင်မြို့နယ်တို့သည်လည်း ၂၀၂၅ ခုနှစ်အတွင်း အာရက္ခတပ်တော် (AA) လက်ထဲကို ကျရောက်သွားနိုင်သည်ဟု နိုင်ငံရေးလေ့လာစောင့်ကြည့်သူများက သုံးသပ်ထားကြသည်။
နိရဉ္စရာ ပေးပို့သည်။