လွိုင်ကော်မြို့ပြင်ရှိ စစ်ကောင်စီကင်းပုန်းကို ဝင်တိုက်ခိုက်ခဲ့ရာတွင် ၅ ဦးသေဆုံးပြီး လက်နက်တချို့ သိမ်းဆည်းရမိ

0
61
Photo – VJ

ကရင်နီပြည်၊ လွိုင်ကော်မြို့ပြင်ရှိ စစ်ကောင်စီကင်းပုန်းရှိရာနေရာကို တော်လှန်ရေးတပ်ဖွဲ့များက ၂ ကြိမ်တိုင် ဝင်ရောက်တိုက်ခိုက်ခဲ့ရာတွင် စစ်ကောင်စီတပ်သား ၅ ဦး သေဆုံးခဲ့ပြီး လက်နက် ၄ လက် သိမ်းဆည်းရမိခဲ့သည်ဟု ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) သတင်းနှငိ့ပြန်ကြားရေးတာဝန်ခံ တာအယ်စိုးက ပြောသည်။

“ဒီဇင်ဘာလ ၂ ရက်နေ့မှာ တခေါက်ဖြစ်တယ်။ ပြီးတော့ နိုဝင်ဘာလ ၂၉ ရက်နေ့မှာ တခေါက်ပေါ့နော။ နှစ်ခေါက်ပေါင်းမှ ငါးယောက်သေတယ်ပေါ့နော။ ပြီးသေနတ် ၄ လက်ရတယ်ပေါ့။ လွိုင်ကော်မှာတော့ တိုက်ပွဲ ကြီးကြီးမားမားမဖြစ်ပါဘူး” ဟု တာအယ်စိုးက ပြောဆိုသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၂၆ ရက်နေ့ကလည်း လွိုင်ကော်မြို့ပြင်တနေရာသို့ စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့များက ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်သား ၁၆ ဦးထက်မနည်း သေဆုံးခဲ့သလို လက်နက်ငယ်များစွာလည်း သိမ်းဆည်းရမိခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။

၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၁ ရက်နေ့တွင် စတင်ခဲ့သည့် “တစ်လေးလုံးစစ်ဆင်ရေး” ၉ လကြာကာလအထိ လွိုင်ကော်မြို့တွင်း၌ တိုက်ပွဲဖြစ်ပွားခြင်းမရှိတော့ဘဲ ငြိမ်သက်သွားခဲ့သော်လည်း မြို့ပြင်နေရာတချို့တွင် ကြိုကြား တိုက်ပွဲဖြစ်ပွားနေသည်ဟု ဆိုသည်။

လက်ရှိတွင် လွိုင်ကော်မြို့တွင်း၌ ဒေသခံများ ပြန်လည်နေထိုင်ကြပေမယ့် နာနတ်တော၊ ထေးငှားလျား၊ ပန်ကန်း ရပ်ကွက်တို့၌ စစ်ကောင်စီက နေထိုင်ခွင့်မပြုသေးဘူးဟု ဒေသခံတို့ ပြောဆိုမှုအရ သိရသည်။

လွိုင်ကော်မြို့နယ်ထဲကို မေလအတွင်း၌ စစ်ကောင်စီတပ်က အင်အား ၅၀၀ ခန့်နှင့် သြဂုတ်လအတွင်း အင်အား ၂၀၀ ခန့်တို့ဖြင့် ထိုးစစ်ဆင်ခဲ့ပြီးနောက် အင်အားထပ်မံဖြည့်တင်းခြင်း မရှိတော့ဘူးလို့ တာအယ်စိုးက ပြောပါတယ်။

ထိုစစ်ကြောင်းများက စက်တင်ဘာလအတွင်း လွိုင်ကော် – ဒီးမော့ဆို လမ်းမကြီးတလျှောက်တွင် နေရာပြန်ယူထားခဲ့ကြပြီး လက်ရှိအချိန်ထိ တပ်စွဲထားတုန်းဖြစ်သည်ဟု ၎င်းက ဆိုသည်။

လွိုင်ကော်မြို့တွင်း၌ စစ်ကောင်စီတပ် ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ဒကစ) ၊ ခြေလျင်တပ်ရင်း ခလရ (၂၆၁) ၊ ခလရ (၂၅၀) ၊ ခလရ (၅၄) ၊ အမြောက်တပ်ရင်း (အမတ-၃၆၂)၊ တပ်မတော်ဆေးရုံ (တဆရ – အမှတ် ၇)၊ ထောက်ပို့နှင့် ထကဖ ပို့ဆောင်ရေးတပ်ခွဲ ထပခ (၇၂၂) တို့ ရှိနေကြသည်။

ကန္တာရဝတီတိုင်း (မ်) – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here