တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်တွင် သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်း၌ ပါဝင်မှုကြောင့် ဖမ်းဆီးထိန်းသိမ်းထားသည့် ရုံးစာရေးမ ၁ ဦးနှင့် ကျောင်းဆရာမ ၈ ဦးကို ပြန်လွှတ်ပေးခဲ့သည်ဟု လောင်းလုံးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ပြောဆိုသည်။
သန်းခေါင်စာရင်းကောက်ယူမှုတွင် ပါဝင်သည့် လောင်းလုံးမြို့နယ်၊ ရေဖြူကျေးရွာအုပ်စုက ကျောင်းဆရာမ ၈ ဦးနှင့် ရုံးစာရေးမ ၁ ဦးကို ပြီးခဲ့သည့် အောက်တိုဘာ ၇ ရက်နေ့တွင် လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
ယင်းနောက် လောင်းလုံး PDF က ဖမ်းဆီးထားသူ ၉ ဦးကို လောင်းလုံးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံ လွှဲပြောင်းပေးခဲ့ပြီး လောင်းလုံးပအဖအဖွဲ့က နိုဝင်ဘာ ၁၇ ရက်နေ့တွင် ပြစ်ဒဏ်အသီးသီး ချမှတ်ပြီးနောက် ပြန်လွှတ်ပေးခဲ့သည်ဟု ဆိုသည်။
လောင်းလုံးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တာဝန်ရှိသူတစ်ဦးက “ဖမ်းဆီးခဲ့တဲ့ ၉ ဦးကို စစ်ဆေးမေးမြန်းချက်တွေအရ ၈ ဦးဟာ ပြစ်မှုထင်ရှားတာကြောင့် ထောင်ဒဏ်အသီးသီးချမှတ်လိုက်ပြီး ခံဝန်နဲ့ပြန်လွှတ်ပေးခဲ့တာဖြစ်တယ်” ဟု ပြောဆိုသည်။
ယင်းတို့ထဲမှ ၂ ဦးကို ထောင်ဒဏ်ခြောက်လစီနဲ့ ကျန် ၆ ဦးကို ထောင်ဒဏ်သုံးလစီ ချမှတ်ခဲ့ပေမယ့် ချုပ်ရက်ကိုသာ ကျခံစေပြီး ဒေသန္တရအခြေအနေကြောင့် ပြစ်ဒဏ်ကျခံစေရန် ခက်ခဲသည့်အတွက် နောက်နောင်စစ်ကောင်စီ၏ လုပ်ငန်းယန္တရားတွင် မပါဝင်ရန် ခံဝန်ထိုးခိုင်းလိုက်သည်ဟု အဆိုပါတာဝန်ရှိသူက ဆက်ပြောဆိုသည်။
ဖမ်းဆီးခံရသူ ၉ ဦးသည် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၏ ရက်ပေါင်း ၄၂ ရက်ကြာ ဖမ်းဆီးမှုခံခဲ့ရပြီးနောက် ခံဝန်နှင့် ပြန်လည်လွှတ်ပေးခြင်းလည်း ဖြစ်သည်။
အလားတူ ပြီးခဲ့သည့် အောက်တိုဘာ ၉ ရက်နေ့ကလည်း သရက်ချောင်းမြို့နယ် ရန်တောင်ကျေးရွာတွင် သန်းခေါင်စာရင်းကောက်ယူရန်အတွက် ပြင်ဆင်နေသည့် အုပ်ချုပ်ရေးမှူးနှင့် ကျောင်းဆရာဆရာမ ၈ ဦး ဖမ်းဆီးထိန်းဆီးခံခဲ့ရကြောင်း သိရသည်။
သံလွင်တိုင်းမ် ပေးပို့သည်။