![IDP-Maungtaw](https://mmpeacemonitor.org/wp-content/uploads/2024/10/IDP-Maungtaw.png)
တိုက်ပွဲပြင်းထန်နေသော ရခိုင်ပြည်၊ မောင်တောမြို့နယ်တွင် စစ်ကောင်စီက လေကြောင်း၊ လက်နက်ကြီးများဖြင့် နေ့စဉ်နှင့်အမျှ ပစ်ခတ်မှုရှိနေသဖြင့် စစ်ဘေးရှာင်များသည် နေရာအတည်တကျ နေထိုင်နိုင်ခြင်းမရှိကြဘဲ ရွှေ့ပြောင်းသွားလာနေရကြောင်း သိရသည်။
မောင်တောမြို့နယ်အတွင်း ခန့်မှန်းချေ စစ်ဘေးရှောင် သိန်းနှင့်ချီ ရှိပြီး ယင်းစစ်ဘေးရှောင်များနေထိုင်သည့် ကျေးရွာများကို စစ်ကောင်စီက ဂျက်တိုက်လေယာဉ်၊ နေဗီတို့ဖြင့် တိုက်ခိုက်မှုပြုလုပ်နေ၍ ဒေသခံများ သေဆုံးဒဏ်ရာရသူများလည်း ရှိနေသည်။
ဒေသခံစစ်ဘေးရှောင်တစ်ဦးက “ဒီဘက် စစ်ဘေးရှောင်တွေက ကျေးရွာတွေမှာ နေကြတယ်။ ဒါပေမဲ့ စစ်ကောင်စီက စစ်ဘေးရှောင်တွေနေတဲ့ ကျေးရွာတွေကိုပဲ ဦးတည်တိုက်ခိုက်နေတော့ နေရာကမတည်မြဲဘူး။ ပြောင်းရွှေ့နေရတယ်။ တစ်ရွာပြီးတစ်ရွာ ပြောင်းနေရတော့ အခက်အခဲများစွာ ရှိနေကြတယ်” ဟု ပြောသည်။
အောက်တိုဘာ ၂၁ ရက်က စစ်ဘေးရှောင်များနေထိုင်ရာ မောင်တောမြို့နယ်၊ ဖားဝပ်ချောင်းကျေးရွာကို စစ်ကောင်စီက လေကြောင်းဖြင့် ဗုံးကြဲခဲ့မှုကြောင့် စစ်ဘေးရှောင်အပါအဝင် အရပ်သား ၅ ဦး သေဆုံးပြီး ၁၀ ဦးထက်မနည်း ဒဏ်ရာရခဲ့သည်။
ယင်းသို့ ဖြစ်ရပ်များကြောင့် စစ်ဘေးရှောင်များမှာ နေရာအတည်တကျမနေရဲတော့ဘဲ ပြောင်းရွှေ့နေရခြင်းဖြစ်သည်။
စစ်ကောင်စီအနေဖြင့် အရပ်သားများ၊ စစ်ဘေးရှောင်များ ခိုလှုံနေထိုင်ရာကျေးရွာများအား တိုက်ခိုက်နေခြင်းကို ရပ်တန့်စေလိုကြောင်း စစ်ဘေးရှောင်များက ပြောသည်။
“အခုလိုမျိုး တိုက်ခိုက်ခံနေရတော့ နေရာပြောင်းနေရတာတွေနဲ့ ပြန်လည်နေရာချထားရေးလုပ်ငန်းတွေမှာ အခက်အခဲဖြစ်တာကို တွေ့ရတယ်။ သူတို့ (စစ်ကောင်စီ) ကလည်း တိုက်ပွဲဖြစ်တဲ့နေရာတွေအပြင် အရပ်သားတွေ နေထိုင်တဲ့နေရာကို ပိုပြီး ပစ်မှတ်ထားလာတယ်” ဟု မောင်တောစစ်ဘေးရှောင် အမျိုးသမီးတစ်ဦးက ပြောသည်။
မောင်တောဒေသတွင် စစ်ဘေးရှောင်လူဦးရေ များပြားမှုကြောင့် စားနပ်က္ခာအပြင် လုံခြုံရေး စသည့် လိုအပ်ချက်များစွာရှိနေပြီး နိုင်ငံတကာအဖွဲ့အစည်များအနေဖြင့် ကူညီထောက်ပံ့မှုပေးစေလိုကြောင်း စစ်ဘေးရှောင်များက တောင်းဆိုကြသည်။
ယင်းအပြင် အောက်တိုဘာ ၂၁ ရက်ကလည်း မောင်တောမြို့နယ်အတွင်း မိုးရွာသည်းထန်စွာ ရွာသွန်းမှုများရှိခဲ့ပြီး နေရာရွှေ့ပြောင်း စစ်ဘေးရှောင်များမှာ ပိုပြီးအခက်အခဲဖြစ်နေရကြောင်း ပြောဆိုကြသည်။
လက်ရှိတွင် နယ်စပ်ဒေသ မောင်တောမြို့ကို အလုံးစုံ သိမ်းပိုက်နိုင်ရေးအတွက် နခခ (၅) ကို အာရက္ခတပ်တော် AA က ထိုးစစ်ဆင်တိုက်ခိုက်နေပြီး စစ်ကောင်စီကလည်း လက်နက်ကြီး၊ လေကြောင်းတို့ဖြင့် ခုခံနေကြောင်း သိရသည်။
အောင်ထိန် (DMG) ပေးပို့သည်