မွန်ပြည်နယ်၊ ရေးမြို့နယ် အာယုတောင်ကျေးရွာအနီးတဝိုက်ရှိ ဥယျာဉ်ခြံများသို့ ရက်ပေါင်း ၁၀ ရက်ခန့် အသွားအလာမလုပ်ကြရန် ဒေသခံခြံလုပ်ငန်းလုပ်ကိုင်သူတို့ထံ တော်လှန်ရေးပူးပေါင်းအဖွဲ့တို့က သတိပေးထားသည်ဟု သိရသည်။
နိုဝင်ဘာ ၁ ရက်နေ့မှ ၁၀ ရက်နေ့အထိ အာယုတောင်ကျေးရွာအပါအဝင် အနီးတဝိုက်ရှိ ရွာသစ်၊ ရွာကလေး၊ တောင်စွန်းဘက်က ဥယျာဉ်ခြံများသို အသွားအလာမလုပ်ရန် သတိပေးထားပြီး မည့်သည့်အကြောင်းကြောင့် ကန့်သတ်ထားသည်ကို အတိအကျ ပြောပြထားခြင်း မရှိကြောင်းလည်း ဒေသခံတို့က ပြောဆိုသည်။
အဆိုပါသတိပေးချက်ကြောင့် လတ်တလော၌ ဒေသခံတို့က ခြံလုပ်ငန်းများကို ရပ်နားထားသည်ဟု အာယုတောင် ဒေသခံတစ်ဦးက ပြောဆိုသည်။
“ရွာသစ်၊ ရွာကလေး၊ တောင်စွန်း အဲ့ဘက်ခြံတွေကို တော်လှန်ရေးအဖွဲ့တွေက ခြံထဲ မပေးဝင်သေးဘူး။ ၁၀ ရက်လို့ သူတို့ သတ်မှတ်ထားတယ်။ ဒီဆယ်ရက်အတွင်းမှာ ခြံထဲမဝင်လာဖို့ သူတို့ပြောထားတယ်။ အဲ့ဒါကြောင့် ရွာခံတွေကလည်း ခြံကိုရပ်ထားလိုက်ရတာ” ဟု ၎င်းက ပြောသည်။
လက်ရှိတွင် အာယုတောင်အနီးရှိ အဆိုပါ ရွာသစ်၊ ရွာကလေး၊ တောင်စွန်းဘက်ခြမ်းတွင် တော်လှန်ရေးအဖွဲ့များဖြစ်သည့် ရေးဘီးလူးနှင့် ပဒဲကောအဖွဲ့တို့ မြေပြင်လှုပ်ရှားမှု ခပ်စိပ်စိပ်ရှိနေကြောင်းလည်း အဆိုပါဒေသခံက ဆက်ပြောသည်။
တော်လှန်ရေးအဖွဲ့က အသွားအလာကန့်သတ်သည့်သတင်းကြောင့် စစ်ကောင်စီလက်အောက် ပြည်သူ့စစ် ခေါင်းဆောင် လင်းဦးအဖွဲ့က ကျေးရွာအတွင်း စီစစ်မှုများ ပိုမိုလုပ်ဆောင်လာသည့်အပြင် အာယုတောင်ရွာအနီး အခြေစိုက်သည့် စစ်ကောင်စီလက်အောက်ခံ ခမရ ၃၄၃ နှင့် ခမရ ၅၈၇ တို့ကလည်း နေ့စဉ်လက်နက်ကြီးနှင့် ရမ်းသမ်းပစ်ခတ်နေသည်ဟု ဒေသခံတို့ ပြောဆိုမှုအရ သိရသည်။
“လင်းဦးအဖွဲ့တွေလည်း ရွာအဝင်နေရာတွေမှာ စစ်ဝတ်စုံအပြည့်နဲ့ စစ်ဆေးမှုတွေ လုပ်လာတယ်။ ဒေသခံတွေက ဘယ်သွားသွား လက်နက်ကိုင်အဖွဲ့တွေနဲ့ တွေ့နေတဲ့အခြေနေ။ သူတို့ဘက်က ဘာမလုပ်ရင်တောင် လက်နက်အပြည့်နဲ့ စစ်ဆေးနေတော့ ဘယ်သူပဲဖြစ်ဖြစ် ကြောက်ကြတာပဲ” ဟု ၄င်းက ပြောပါသည်။
ထိုအခြေနေကြောင့် ရေးမြို့နယ်တွင် တိုက်ပွဲဖော်ဆောင်လာ နိုင်ချေရှိသည်ဟု ဒေသခံတို့က တွက်ချက်ထားပြီး ရာဘာဈေးကောင်းရချိန် လုပ်ငန်းရပ်နားထားရခြင်းကြောင့် နစ်နာမှုများရှိနေသည်ဟု ခြံလုပ်ငန်းလုပ်ကိုင်သူတို့က ပြောသည်။
အာယုတောင်ရွာသည် ပြည်သူ့စစ်အင်အားကောင်းသည့် ရွာတစ်ရွာဖြစ်ပြီး စစ်ကောင်စီက ပြည်သူ့စစ်များကို လက်နက်တပ်ဆင်ပေးနေပြီး အာယုတောင်နှင့် အနီးရှိကျေးရွာများမှ စစ်ဆေးရေးဂိတ်များတွင် ငွေကြေးကောက်ခံမှုများရှိနေကြောင်း သိရသည်။
အဆိုပါ စစ်ကောင်စီနှင့်ပြည်သူ့စစ် စစ်ဆေးရေးဂိတ်တို့ကို ရေးဘီလူးနှင့် KNU တပ်ခွဲ ၅ တို့က ပူးပေါင်း၍ မကြာခဏ တိုက်ခိုက်လျှက်ရှိကြောင်းလည်း သိရသည်။
လက်ရှိတွင် မွန်တော်လှန်ရေးအင်အားစုတို့က လာမည့်ပွင့်လင်းရာသီတွင် တိုက်ပွဲအရှိန်မြှင့်တင်သွားမည်ဖြစ်တာကြောင့် စစ်ကောင်စီတပ်တည်ရှိရာ ကင်းစခန်း၊ တပ်စခန်းအနီးနားမှ နေထိုင်ခြင်းကို ရှောင်ရှားရန်နှင့် စစ်ရေးအတွက် ကြိုတင်ပြင်ဆင်ထားကြရန် ဒေသခံတို့ကို သတိပေးပြောဆိုထားသည်။
IMNA ပေးပို့သည်။