ရခိုင် စစ်ရေးတစ်နှစ်တာအတွင်း ဖမ်းဆီးခံရသည့် အရပ်သား ၇၀၀ ကျော်အထိရှိဟု HDCO ထုတ်ပြန်

0
75
ပုံစာ - ပြီးခဲ့သည့်စစ်ရေးကာလအတွင်း ရခိုင်ဒေသခံများအား စစ်ကောင်စီကဖမ်းဆီးသွားစဉ်။ (Photo -CJ)

ရခိုင်ပြည်တွင် တိုက်ပွဲစတင်ခဲ့သည့် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၃ ရက်နေ့မှ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၁၃ ရက်နေ့အထိ တစ်နှစ်တာအတွင်း အရပ်သား ၇၀၃ ဦးကို စစ်ကောင်စီက ဖမ်းဆီးခဲ့ကြောင်း လူသားချင်းစာနာ ထောက်ထား ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးရုံး (HDCO) က နိုဝင်ဘာ ၁၈ ရက်တွင် ထုတ်ပြန်သည်။

ဖမ်းဆီးခံရသူများထဲတွင် အသက်မပြည့်သေးသည့် အသက် ၁၈ နှစ်အောက်ကလေးငယ် ၂၄ ဦး ပါဝင်သည်။

၁၉၈ ဦး ပြန်လည်လွတ်မြောက်လာသော်လည်း ၅၀၅ ဦးကို ဆက်လက်ဖမ်းဆီးထားဆဲဟု HDCO ထုတ်ပြန်ချက်တွင် ပါရှိသည်။

စစ်တွေမြို့နယ်၊ အမြင့်ကျွန်းကျေးရွာသားတစ်ဦးက “စစ်တပ်က ဘာအကြောင်းပြချက်မှမရှိဘဲ ရွာထဲဝင်ဖမ်းသွားတာ။ အခုချိန်ထိ လွတ်မလာသေးတဲ့သူတွေ ရှိတယ်။ ရခိုင်နဲ့ဆက်စပ်တဲ့ တက်တူးတွေရှိတဲ့လူတွေဆို AA လို့ စွပ်စွဲပြီး ဖမ်းထားတာ။ မိသားစုတွေနဲ့လည်း အခုထိ အဆက်အသွယ်မရကြသေးဘူး” ဟု ပြောသည်။

HDCO ထုတ်ပြန်ချက်၌ ဖမ်းဆီးခံရသူများမှာ စစ်တွေမြို့နယ်တွင် ၂၆၇ ဦး၊ ကျောက်ဖြူတွင် ၁၂၉ ဦး၊ မောင်တောတွင် ၁၂၈ ဦး၊ ပေါက်တောတွင် ၅၀ ဦး၊ ဘူးသီးတောင်တွင် ၃၁ ဦး၊ တောင်ကုတ်တွင် ၂၄ ဦးနှင့် သံတွဲ မြို့တွင် ၁၄ ဦး၊ မင်းပြားတွင် ၉ ဦး၊ အမ်းတွင် ၈ ဦး၊ ဂွတွင် ၈ ဦး၊ ရမ်းဗြဲတွင် ၇ ဦး၊ မြောက်ဦးတွင် ၆ ဦးအပြင် မြေပုံ တွင် ၆ ဦး၊ ပုဏ္ဏားကျွန်းတွင် ၅ ဦး၊ ရသေ့တောင်တွင် ၅ ဦး၊ ကျောက်တော်တွင် ၄ ဦး၊ မာန်အောင်မြို့နယ်တွင် ၂ ဦးတို့ ဖြစ်သည်။

ဖမ်းဆီးခံရသူများတွင် နိုင်ငံရေးပုဒ်မများဖြင့် ထောင်ဒဏ်ချမှတ်ခံထားရပြီး တချို့မှာ တရားရင်ဆိုင်နေရဆဲဖြစ်ကာ တချို့မှာလည်း မိသားစုဝင်များနှင့် တစုံတရာ အဆက်အသွယ်မရဘဲ ရှိနေကြသည်။

ကျောက်ဖြူမြို့နယ်တွင် ဖမ်းဆီးခံရသူများထဲမှ တချို့သာပြန်လွတ်လာခဲ့ပြီး အများစုမှာ ဖမ်းဆီးခံထားရဆဲဟု ဒေသခံများက ပြောဆိုကြသည်။

“စစ်ကောင်စီက မကြာခဏဖမ်းဆီးတာတွေ လုပ်နေတော့ လုံခြုံရေးနဲ့ပတ်သက်လို့ ဒေသခံတွေကြား စိုးရိမ်မှု မြင့်တက်နေကြတယ်။ စစ်ကောင်စီထိန်းချုပ်နေသမျှ ကာလပတ်လုံးတော့ အဖမ်းမခံရအောင် သတိထားနေရမှာပဲ” ဟု ကျောက်ဖြူဒေသခံတစ်ဦးက ပြောသည်။

ရခိုင်စစ်ရေးကာလအတွင်း စစ်ကောင်စီသည် အရပ်သားများကို ပစ်မှတ်ထား ဖမ်းဆီးထောင်ဒဏ်ချမှတ်ခြင်း၊ ကျေးရွာအတွင်း ဝင်ရောက်ဖမ်းဆီးသတ်ဖြတ်ကာ စစ်ရာဇဝတ်မှုများကို အရှိန်မြှင့် ကျူးလွန်လျက်ရှိနေသည်။

ပြီးခဲ့သည့် မေလ ၂၉ ရက်က စစ်ကောင်စီနှင့် အပေါင်းအပါများသည် စစ်တွေမြို့နယ်၊ ဗျိုင်းဖြူကျေးရွာသို့ အင်အား အလုံးအရင်းဖြင့် ဝင်ရောက်ပြီး လူ ၈၀ နီးပါးကို အစုလိုက်အပြုံလိုက်သတ်ဖြတ်ကာ ကျေးရွာသား ၃၀၀ ခန့်ကို ဖမ်းဆီးသွားခဲ့သည်။ ယင်းတို့ထဲမှ တချို့ကို ပြန်လွှတ်ပေးခဲ့ပြီး ၂၃၄ ဦးအား မတရားအသင်း ဆက်သွယ်မှုပုဒ်မ ၁၇ (၁)၊ ရာဇဝတ်မှုဥပဒေပုဒ်မ ၁၈၈ တို့ဖြင့် ထောင်ဒဏ် ၃ နှစ်စီ ချမှတ်ခံခဲ့ရသည်။

ရခိုင်ကလူ့အခွင့်အရေးလှုပ်ရှားသူတစ်ဦးက “အရပ်သားတွေကို ဖမ်းဆီးသတ်ဖြတ်တာက စစ်ကောင်စီရဲ့ လုပ်ထုံးလုပ်နည်းတစ်ခုလို ဖြစ်နေတယ်။ စစ်ပွဲဖြစ်ပြီဆိုရင် အရပ်သားတွေကို သံသယခေါင်းစဉ်အောက်မှာ ဆွဲထည့်ပြီး လုပ်ချင်သလို လုပ်တယ်။ အဲဒါက ပြည်သူတွေ အကြောက်တရားဖြစ်အောင် စစ်တပ်ရဲ့ စိတ်ဓာတ်စစ်ဆင်ရေး တစ်ခုလည်းဖြစ်တယ်။ ပြည်သူတွေမှာ လုံခြုံမှုကင်းမဲ့နေရတယ်။ အခု စစ်ကောင်စီ ထိန်းချုပ်ဆဲမြို့တွေက ပြည်သူတွေမှာ ကျီးလန်းစာစားဖြစ်နေကြရတယ်” ဟု ပြောသည်။

ရခိုင်တွင် စစ်ကောင်စီ ထိန်းချုပ်ထားဆဲဖြစ်သည့် စစ်တွေမြို့၊ ကျောက်ဖြူမြို့နှင့် မာန်အောင်မြို့မှ ဒေသခံများမှာ လှောင်ပိတ်ခံနေကြရပြီး စစ်ကောင်စီ၏ ခြိမ်းခြောက်မှုနှင့် ရင်ဆိုင်နေကြရသည်။

အောင်ထိန် (DMG) ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here