မြေပုံမြို့နယ်မှ မွတ်ဆလင်ငါးဖမ်းလှေကို စစ်ကောင်စီရေတပ်က ဖမ်းဆီး

0
48
ပုံစာ - ရခိုင်တွင်ငါဖမ်းဘုတ်အချို့အား ပြီးခဲ့သည့်နိုဝင်ဘာ ၆ ရက်နေ့ကတွေ့ရစဥ်။

ရခိုင်ပြည်၊ မြေပုံမြို့နယ်မှ မွတ်ဆလင်ငါးဖမ်းလှေတစ်စီးကို စစ်ကောင်စီ စစ်ရေယာဉ် (Navy) က ဖမ်ဆီးပြီး စက်သုံးဆီနှင့်ငွေများကို လုယူကာ ငါးဖမ်းခွင့်ကို တားမြစ်ပိတ်ပင်လိုက်သည်ဟု မွတ်ဆလင်ငါးဖမ်းသမားများက ပြောသည်။  

စစ်ကောင်စီ (Navy) များသည် ရခိုင်ပင်လယ်ပြင်တွင် ငါးဖမ်းခွင့်ကို တင်းတင်းကြပ်ကြပ်တားမြစ်ထားပြီး ငါးဖမ်းသမားများကို ဖမ်းဆီးငွေညှစ်မှုများ ဆက်ရှိနေဆဲဖြစ်သည်ဟုလည်း ရခိုင်ပြည်မှ ငါးဖမ်းသမားများက ပြောဆိုသည်။

မြေပုံမြို့နယ်မှ မွတ်ဆလင်ငါးဖမ်းသမားတစ်ဦးက “ဟိုရက်ပိုင်းက ကျောက်ဖြူနားက နေဗီက ကျနော်တို့ ငါးဖမ်းဘုတ်ကို သူတို့အဝေးကြီးကနေ လှမ်းခေါ်တယ်။ ပြီးတော့ ကျနော်တို့မှာပါလာတဲ့ ပိုက်ဆံ ၃ သိန်းနဲ့ စက်သုံးဆီလီတာ၂၀ ဆံ့ပုံး ၂၀ ကျော်ကို သိမ်းယူတယ်။ နောက်တော  ၁၀ ပုံးကိုပဲပြန်ပေးပြီး ကျန်တာ သူတို့ယူထားလိုက်ကြတယ်။ နောက်တခါ ဘယ်တော့မှ ငါးလာမဖမ်းဖို့ ဆဲဆိုပြောလွှတ်လိုက်တယ်” ဟု ပြောသည်။

လက်ရှိတွင် စားဝတ်နေရေးအခက်အခဲရှိနေ၍ ငါးဖမ်းခွင့်မရလျှင် အခက်အခဲဖြစ်နိုင်သည်ဟု အဆိုပါ မွတ်ဆလင်ငါးဖမ်းသမားက ဆက်ပြောဆိုသည်။

“ကျွန်တော်တို့ အခုနိုင်ငံတကာက ရိက္ခာအကူအညီလည်းမရဘူး။  မရရင်လည်းနေပါစေ။ ကျွန်တော်တို့ အခုလိုငါးဖမ်းခွင့်ရရင် လုပ်ကိုင်စားသောက်လို့ရပါတယ်။ အခုက ငါးမဖမ်းရဆိုတော့ အခက်အခဲအများကြီး ကြုံတွေ့နိုင်ပါတယ်” ဟု ၎င်းက ပြောသည်။

လက်ရှိ၌ မြေပုံမြို့နယ်အား အာရက္ခတပ်တော် (AA) က သိမ်းပိုက်ထိန်းချုပ်ထားပြီး AA က လွတ်လပ်စွာ လုပ်ကိုင်ခွင့် ပေးထားကြောင်း၊ AA အုပ်ချုပ်မှုအောက်တွင် နေရသည်မှာ ယခင်ကထက်ပို၍ အဆင်ပြေကြောင်း၊ ရခိုင်လူမျိုးများနှင့်လည်း ဆက်ဆံရေးမှာ အဆင်ပြေပြီး လွတ်လပ်စွာ ငါးများကို ရောင်းချ၍ရကြောင်း ၎င်းက ဆက်ပြောသည်။

စစ်တွေ၊ ပေါက်တော၊ ကျောက်ဖြူ၊ မာန်အောင်၊ ရမ်းဗြဲ စသည့်မြို့များအနီးရှိ ပင်လယ်ပြင်တွင်ရပ်နားထားသည့် စစ်ကောင်စီနေဗီများက ရခိုင်မှ ငါးဖမ်းဘုတ်များကို သေနတ်ဖြင့် ပစ်ခတ်မှုများရှိသလို  ဖမ်းဆီးကာ ငွေညှစ်မှုများလည်းရှိသည်ဟု ငါးဖမ်းသမားများက ပြောသည်။

မာန်အောင်ကျွန်းမှ ရေလုပ်ငန်းရှင်တစ်ဦးက “ကျနော်တို့ ရေလုပ်သားတွေက ဘာမှလုပ်လို့မရဘူး။ စစ်ကောင်စီရဲ့ ဇက်၊ နေဗီတွေရှိတယ်။ သူတို့က သွားလာခွင့်မပေးဘူး။ ရေလုပ်ငန်းကို လုပ်ကိုင်ခွင့်မပေးဘူး” ဟု ပြောဆိုသည်။

ထို့အပြင် ပင်လယ်ပြင်အတွင်း လာရောက်ငါးဖမ်းသူများကိုလည်း စစ်ကောင်စီနေဗီများက သေနတ်များဖြင့် လှမ်းပစ်ခတ်တာကြောင့် ထိခိုက်ဒဏ်ရာရရှိသူများလည်းရှိသည်ဟု ငါးဖမ်းသမားများက ပြောသည်။

“သူတို့ စစ်ကောင်စီနေဗီတွေမရှိမှ ကျနော်တို့လည်း ပင်လယ်မှာ လွတ်လွတ်လပ်လပ် ငါးဖမ်းနိုင်မယ်” ဟုလည်း ရခိုင်မှ ရေလုပ်သားတစ်ဦးက ပြောသည်။

ပြီးခဲ့သည့်လက ငါးဖမ်းဘုတ်တစ်စီးပေါ်မှ ငါးဖမ်းသမားတချို့ကို စစ်တွေမြို့အနီး နေဗီက စစ်တွေမြို့သို့ ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်အပေါ် ၎င်းက “သူတို့ဆီက ပိုက်ဆံတွေတောင်းတော့ ပါမလာလို့ ဖမ်းခေါ်သွားတာ။ အခုထိ ပြန်လွတ်/မလွတ် မသိရသေးဘူး” ဟုဆိုသည်။

ရခိုင်ပြည်တွင် အာရက္ခတပ်တော် (AA) နှင့် စစ်ကောင်စီတို့ တကျော့ပြန်တိုက်ပွဲ ပြန်လည်စတင်ဖြစ်ပွားခဲ့သည့် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလမှစတင်ပြီး စစ်ကောင်စီသည် ကုန်လမ်း၊ ရေလမ်းများအားလုံး ဖြတ်တောက်ထားခဲ့သည်။

စစ်ကောင်စီက ရေကြောင်းပိတ်ဆို့မှုများနှင့် ဒေသခံများ ပင်လယ်ပြင်အတွင်း သားငါးရှာဖွေမှုများကို ပိတ်ဆို့တားမြစ်မှုများကြောင့် ရခိုင်မှရေလုပ်သားများသည် အသက်မွေးဝမ်းကျောင်းလုပ်ငန်းတစ်ခုဖြစ်သည့် ငါးဖမ်းလုပ်ငန်းကို လုပ်ကိုင်ရာတွင် အခက်အခဲများ ဖြစ်ပေါ်နေကြခြင်းဖြစ်သည်။

နိရဉ္စရာ ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here