ရှမ်းပြည် – ကရင်နီပြည်နယ်စပ် ဖယ်ခုံမြို့နယ်အနောက်ဘက်ခြမ်းက ဘန်ကောက်စစ်ရှောင်စခန်းကို နိုဝင်ဘာ ၁၈ ရက်နေ့ နေ့လည်ပိုင်းတွင် စစ်ကောင်စီက လေကြောင်းနှင့် ထပ်မံ ဗုံးကြဲချတိုက်ခိုက်ခဲ့တာကြောင့် စစ်ဘေးရှောင်နေအိမ်အများအပြား ပျက်စီးခဲ့ရသည်ဟု ဒေသခံများက ပြောဆိုသည်။
စစ်ကောင်စီက ဗုံးကြဲချတိုက်ခိုက်ရာတွင် တိုက်လေယာဉ် ၂ စင်းဖြင့် ပေါင် ၅၀၀ ဗုံး၊ ပေါင် ၂၀၀ ဗုံးတို့ကို အသုံးပြုပြီး လေကြောင်းတိုက်ခိုက်မှု ၄ ကြိမ်အထိ ပြုလုပ်ခဲ့သည်ဟု မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် ၁၀၀၇ ကလည်း ထုတ်ပြန်ထားသည်။
ဒေသခံတစ်ဦးက “ဘန်ကောက်မှာ စစ်ဘေးရှောင်တွေပဲရှိတယ်။ အစကတော့တစ်စင်းပဲ လာချသွားတယ်။ နောက်မှတစ်စင်း ထပ်လာပြီး နှစ်စင်းပြိုင်တူဝဲတာ ထပ်ချသွားတယ်။ စုစုပေါင်း ၄ လုံးလာကျဲသွားတယ် ကြားတယ်။ ဘုရားကျောင်းနဲ့အိမ်တချို့ ပျက်စီးသွားတယ်” ဟု ပြောသည်။
စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် ဘန်ကောက်စစ်ဘေးရှောင်စခန်းက စစ်ရှောင်များနေထိုင်သည့် တဲများ၊ ဘုရားကျောင်း၊ စပါးကျီတို့ ပျက်စီးမှုရှိခဲ့ပြီး၊ လူထိခိုက်မှုရှိသည်ဟု ဒေသခံတို့ ပြောဆိုနေမှုအပေါ် စုံစမ်းမေးမြန်းနေဆဲ ဖြစ်သည်။
မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် ၁၀၀၇ တပ် တာဝန်ရှိသူတစ်ဦးက “အထိခိုက်တော့ရှိတယ်။ အသေးစိတ်တော့ မသိရသေးဘူး” ဟု ပြောသည်။
ပြီးခဲ့သည့် စက်တင်ဘာလ ၅ ရက်နေ့ကလည်း ဘန်ကောက်စစ်ရှောင်စခန်းကို စစ်ကောင်စီတပ်က လေကြောင်းနှင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အသက် ၁၅ နှစ်အောက် ကလေး ၈ ဦး၊ အသက် ၄၀ ဝန်းကျင် လူကြီး ၂ ဦး သေဆုံးခဲ့ပြီး ၂၀ ဦးထက်မနည်း ဒဏ်ရာရခဲ့သည်။
“အရင်တခေါက်ကြဲတဲ့ နေရာဟောင်းကိုတော့ ဘယ်သူမှပေးမနေတော့ပဲ ခြံခတ်ထားတယ်” ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။
စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့များ၏ စိုးမိုးနယ်မြေတွေကို ပြန်လည်ရယူမည်ဟု ပြောဆိုခဲ့ပြီးနောက် မြန်မာနိုင်ငံနေရာအနှံ့အပြားက တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ စိုးမိုးနယ်မြေတို့တွင် လေကြောင်းတိုက်ခိုက်မှုကို ခပ်စိပ်စိပ်လုပ်ဆောင်လာခြင်းဖြစ်သည်။
ယခုနိုဝင်ဘာလအတွင်း ဖယ်ခုံမြို့နယ်အတွင်းက လအိ၊ လတိန်၊ ကလာ၊ ကျေးရွာများအပြင် ဘန်ကောက် စစ်ရှောင်စခန်းနှင့် မိုးဗြဲမြို့၊ ဖားဆောင်းမြို့တို့ကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု လုပ်ဆောင်နေတာကြောင့် လူထိခိုက်သေဆုံးမှုလည်း ရှိနေသည်။
ကန္တာရဝတီတိုင်း (မ်) – ပေးပို့သည်။