ပြည်သူ့စစ်မှုထမ်းဥပဒေအား ဗန်းမောက်မြို့နယ်တွင် မေလမှ စတင်အကောင်အထည်ဖော်မည်ဟုဆို

0
113
Photo – Social Media

စစ်ကိုင်းတိုင်းအထက်ပိုင်း ဗန်းမောက်မြို့နယ်တွင် စစ်ကောင်စီ၏ ပြည်သူ့စစ်မှုထမ်းဥပဒေအား လာမည့် မေလအတွင်းမှ စတင်အကောင်အထည်ဖော်ဆောင်သွားမည်ဖြစ်သည်ဟု ဒေသခံရပ်မိရပ်ဖများထံမှ စုံစမ်းသိရသည်။

“ငါးလ (မေလ) ပိုင်းကြမှ အကောင်အထည်ဖော်မှာ၊ ငါးလပိုင်းမှာ သူတို့တပ်ကလာဦးမှာ။ အုပ်ချုပ်ဖို့ အတွက်ကိုလေ၊ ဒီကနေအုပ်ချုပ်လို့ မရဘူး။ ဒေသခံအုပ်ချုပ်လို့ မရဘူး” လို့ ရပ်မိရပ်ဖတစ်ဦးက ပြောသည်။

စစ်ကောင်စီလက်အောက် ဌာနဆိုင်ရာဝန်ထမ်းများနှင့် ၎င်းတို့၏ မိသားစုဝင်များအတွက် ပြည်သူ့စစ်မှုထမ်း ဥပဒေနှင့် ပတ်သက်သည့် အသိပညာပေးဆွေးနွေးပွဲတစ်ခုကို ဧပြီလ ၁၀ ရက်နေ့က ဗန်းမောက်မြို့ မြို့မ ရပ်ကွက်တွင် ပြုလုပ်ခဲ့သည်ဟု ရပ်မိရပ်ဖတစ်ဦးက ပြောသည်။

ထိုဆွေးနွေးပွဲတွင် စစ်ကောင်စီဘက်က ဗန်းမောက်မြို့နယ်အတွင်း စတင်အကောင်အထည်ဖော်မည့် အချိန်ကာလနှင့် ပုံစံကို ပြောဆိုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ပြည်သူ့စစ်မှုထမ်းဥပဒေကို အကောင်အထည်ဖော်ရာတွင် အရွယ်ရောက်သူတိုင်း တာဝန်ထမ်းဆောင်ရမည်ဖြစ်ကြောင်းလည်း ပြောဆိုခဲ့သည်ဟု ဗန်းမောက်မြို့မ ပြည်သူ့စစ်နှင့် နီးစပ်သူတစ်ဦးက ပြောသည်။

“စစ်မှုထမ်း နည်းဥပဒေအတိုင်းပဲသွားမှာလေ။ နည်းဥပဒေအတိုင်းဆိုတာက ဟိုလိုမိသားစုရယ်လို့ မဟုတ်ဘူး။ အရွယ်ရောက်သူတိုင်း တာဝန်ထမ်းဆောင်ရာမှာပါ့” လို့ ၎င်းက ပြောသည်။

ဗန်းမောက်မြို့နယ်၏ ကျေးလက်ဒေသအများစုကို ရှမ်းနီအမျိုးသားများတပ်မတော် SNA က ထိန်းချုပ်ထားပြီး ဗန်းမောက်မြို့၏ တောင်ဘက်နှင့်မြောက်ဘက်ဒေသများကို ဒေသကာကွယ်ရေးတပ် PDF တပ်က ထိန်းချုပ်ထားသည်။

ပြည်သူ့စစ်မှုထမ်းဥပဒေအရ စစ်မှုထမ်းသင်တန်း ပထမဆုံးအပတ်စဉ်ကို ဧပြီလ (၈) ရက်နေ့တွင် စစ်ကောင်စီက စတင်ဖွင့်လှစ်ခဲ့ပြီး အဆိုပါသင်တန်း၌ ဆန္ဒပြုသူတွေအများဆုံးပါဝင်ကြောင်း စစ်ကောင်စီ၏ ဝါဒဖြန့်မီဒီယာများတွင် ဖော်ပြထားသည်။

ရှမ်းနီအသံ ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here