တနင်္သာရီတိုင်းတွင် တစ်လအတွင်း အရပ်သား ၂၀ နီးပါး အသတ်ခံရ

0
63
Photo - CJ

တနင်္သာရီတိုင်းတွင် ပြီးခဲ့သည့်အောက်တိုဘာလ တစ်လအတွင်း စစ်ကောင်စီတပ်နှင့် လက်ဝေခံအဖွဲ့များအပြင် လက်နက်ကိုင်တော်လှန်ရေးအင်အားစုတို့တို ဖမ်းဆီးသတ်ဖြတ်မှုကြောင့် အရပ်သားပြည်သူ ၁၉ ဦး သေဆုံးခဲ့ကြောင်း ဒေသတွင်းသုတေသနအဖွဲ့ဖြစ်သည့် FE5 Thanintharyi က နိုဝင်ဘာ ၁၉ ရက်နေ့တွင် ထုတ်ပြန်သည်။

သေဆုံးခဲ့သည့် အရပ်သားပြည်သူများသည် စစ်ကောင်စီတပ်စစ်ကြောင်းထိုးချိန် ပစ်သတ်ခံရခြင်း၊ ဖမ်းဆီးချိန် သတ်ဖြတ်ခံရခြင်း၊ ဒရုန်းဗုံးသီးချမှုအပြင် လက်နက်ကြီးနှင့် ပစ်လတ်တိုက်ခိုက်တာတို့ကြောင့် သေဆုံးခဲ့ရခြင်းဖြစ်သည်ဟု FE5 Thanintharyi က ထုတ်ပြန်ထားသည်။

အောက်တိုဘာလ တစ်လအတွင်း စစ်ကောင်စီတပ်နှင့် လက်ဝေခံပြည်သူ့စစ်အဖွဲ့တို့၏ လက်ချက်ကြောင့် အသက် ၆ နှစ်နှင့် ၇ နှစ်အရွယ် ကလေးငယ်နှစ်ဦးအပါအဝင် အရပ်သား ၁၂ ဦး သေဆုံးခဲ့သည်ဟု ဆိုသည်။

FE5 Thanintharyi အစီရင်ခံစာအရ လောင်းလုံးမြို့နယ်၊ ပုလောမြို့နယ်နှင့် သရက်ချောင်းမြို့နယ်တို့ကို စစ်ကြောင်းထိုးဝင်ရောက်လာသော စစ်ကောင်စီတပ်က အရပ်သား ၈ ဦးကို ဖမ်းဆီးသတ်ဖြတ်ခဲ့ပြီးနောက် အလောင်းဖျောက်ပစ်တာကိုပါ လုပ်ဆောင်ခဲ့သည်ဟု ဆိုသည်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့၏ ဒလန်ရှင်းလင်းမှုကြောင့် ကော့သောင်းမြို့နယ် ၁၉ မိုင်ကျေးရွာမှ ပျူစောထီး ဦးနောင်နီနှင့်ဦးဘဦးတို့ သေဆုံးခဲ့သည့်အပြင် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ဖြစ်သည့် ကော်သူးလေတပ် KTLA သတ်ဖြတ်မှုကြောင့် အရပ်သား ၃ ဦး သေဆုံးခဲ့သည်ဟု ဆိုသည်။

တဖက်တွင်လည်း အမည်မသိလက်နက်ကိုင်တပ်ဖွဲ့တို့၏ ဖမ်းဆီးသတ်ဖြတ်မှုကြောင့် ကျွန်းစုမြို့နယ်၊ ကျောက်ပိတ်ကျေးရွာမှ အုပ်ချုပ်ရေးမှူးတစ်ဦးနှင့် ဘုတ်ပြင်းမြို့နယ်မှ ရွှေဂဲညိုရွာသားတစ်ဦး သေဆုံးခဲ့သည်။

အောက်တိုဘာလအတွင်း စစ်ကောင်စီတပ်က အကြောင်းအမျိုးမျိုးပြပြီး ဖမ်းဆီးခဲ့သည့် အရပ်သားပြည်သူ ၂၀၈ ဦး ထက်မနည်းဖမ်းဆီးခံရပြီး ယင်းတို့ထဲမှ ၁၄၇ ဦးသာ ပြန်လွှတ်ခဲ့ကြောင်း FE5 Thanintharyi အစီရင်ခံစာတွင် ဖော်ပြထားသည်။

ပြီးခဲ့သည့် စက်တင်ဘာလအတွင်း တနင်္သာရီတိုင်းတွင် စစ်ကောင်စီတပ်နှင့် လက်ဝေခံအဖွဲ့တို့၏ ဖမ်းဆီးသတ်ဖြတ်မှုကြောင့် အရပ်သားပြည်သူ ၁၇ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

သံလွင်တိုင်းမ် ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here