7 ဇူလိုင် 2025 /

See today's Peace Related News

Homeသတင်းစစ်ကောင်စီပေးသည့် ထောက်ပံ့ကြေးမရရှိဟု တနင်္သာရီတိုင်းက စစ်ဘေးရှောင်များပြောဆို

စစ်ကောင်စီပေးသည့် ထောက်ပံ့ကြေးမရရှိဟု တနင်္သာရီတိုင်းက စစ်ဘေးရှောင်များပြောဆို

တနင်္သာရီတိုင်းရှိ မြို့နယ်ခုနစ်မြို့နယ်မှ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရသည့် စစ်ဘေးရှောင် ၁ သောင်းကျော်ကို ငွေကြေးထောက်ပံ့ပေးခဲ့သည်ဟု စစ်ကောင်စီက ပြောဆိုသော်လည်း လက်တွေ့မြေပြင်၌ အများစုမှာ ထောက်ပံ့ကြေးမရရှိကြဘူးဟု စစ်ဘေးရှောင်များနှင့် စစ်ဘေးရှောင်ကူညီရေးအဖွဲ့တို့ ပြောဆိုသည်။

ယာယီနေရပ်စွန့်ခွာ တိမ်းရှောင်လာသူ ၁၁,၀၄၃ ဦးကို တစ်ဦးလျှင် ငွေကျပ်နှစ်သောင်းနှုန်း ထောက်ပံ့ပေးခဲ့သည်ဟု စစ်ကောင်စီက ဖေဖော်ဝါရီတတိယအပတ်တွင် ထုတ်ပြန်လာခြင်းဖြစ်သည်။

တနင်္သာရီမြို့နယ် သိန်ခွန်းကျေးရွာအုပ်စုမှာ စစ်ဘေးရှောင်နေရသည့် ဒေသခံစစ်ဘေးရှောင် အမျိုးသားတစ်ဦးက စစ်ကောင်စီက ပေးအပ်သော ထောက်ပံ့ကြေးငွေ မရဘူးဟု ပြောသည်။

“ကျွန်တော်တို့ဘက်ကတော့ မရရှိပါဘူးဗျ။ ကျွန်တော်တို့ဘက်မှာတော့ အဲဒီလိုသူတို့ (စစ်ကောင်စီ) ဘက်က ထောက်ပံ့တာတို့ ဘာတို့တော့မရှိပါဘူးဗျ။ အစကတည်းက အခုအချိန်ထိပေါ့ မရှိဘူးဗျ။ တကယ်လို့ ပေးရင်တော့ ယူမှာပေါ့။ စစ်ဘေးရှောင်တွေဆိုတော့ တောတွေခြံတွေ ဥယျာဉ်တွေထဲမှာ နေတာဆိုတော့ ခက်ခဲတာပေါ့” ဟု ပြောသည်။

စစ်ကောင်စီက ထားဝယ်ခရိုင်မှ စစ်ဘေးရှောင် ၆၃၅၅ ဦး၊ မြိတ်ခရိုင်မှ ၄၂၈၉ ဦး၊ ကော့သောင်းခရိုင်မှ ၃၆၅ ဦးနဲ့ ဘုတ်ပြင်းခရိုင်မှ ၃၄ ဦးအတွက် စုစုပေါင်း ငွေကျပ်သန်း ၂၂၀ ကျော် ထောက်ပံ့ပေးခဲ့တယ်လို့ အဆိုပါ ထုတ်ပြန်မှုတွင် ဖော်ပြထားသည်ကို တွေ့ရသည်။

စစ်ကောင်စီက တနင်္သာရီတိုင်းက နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်လာတဲ့ စစ်ဘေးရှောင်တစ်ဦးလျှင် နှစ်သောင်းကျပ်နှုန်းဖြင့် လာမည့် ၂၀၂၆ ခုနှစ် ဇန်နဝါရီလအထိ လစဉ်ထောက်ပံ့ပေးသွားမည်ဟုလည်း ပြောဆိုထားသည်။

တဖက်တွင်လည်း စစ်ကောင်စီကထောက်ပံသည့် ထောက်ပံ့ကြေးကို ထားဝယ်ခရိုင်အတွင်းရှိ တောင်ပျောက် တိုက်နယ်မြေက စစ်ဘေးရှောင်များ ရရှိခြင်းမရှိကြောင်း စစ်ဘေးရှောင်ကူညီရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။

“ဘယ်နားက စစ်ဘေးရှောင်တွေပေးမှန်းတော့ မပြောတတ်ဘူးဗျ။ ဒီကိစ္စက သူတို့မွှေးတဲ့မီးပေါ့နော်။ သူတို့မွှေးတဲ့ မီးဆိုတော့ သူတို့လုပ်တာလဲ ကျွန်တော်တို့ကတော့ ဒီရိုးရိုးသားသားလုပ်တယ်လို့မမြင်ဘူး။ တကယ်ထောက်ပံ့ချင်စိတ်ရှိတဲ့ လုပ်တဲ့ဟာလို့ ကျွန်တော်တို့ မမြင်ဘူး။ ဒါသူတို့ တစ်ခုခု လိုချင်လို့သာ လုပ်မယ့်သဘော ရှိတယ်ပေါ့နော်” ဟု ၎င်းက ပြောဆိုသည်။

မြိတ်ခရိုင် တနင်္သာရီမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်တွေကို ကူညီပေးနေတဲ့ နွေဦးမေတ္တာစစ်ဘေးရှောင် ပံ့ပိုးကူညီရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးကလည်း ၎င်းတို့ကူညီပေးနေသည့် စစ်ဘေးရှောင်များလည်း ထောက်ပံ့ကြေး ရရှိခြင်းမရှိဟု ပြောသည်။

စစ်ကောင်စီ ယခုလို စစ်ဘေးရှောင်များကို ထောက်ပံ့ကြေးပေးခြင်းသည် လာမည့်ရွှေးကောက်ပွဲအတွက် အချက်အလက်များရရှိရန် လုပ်ဆောင်နေခြင်းဖြစ်သည်ဟု စစ်ဘေးရှောင်ကူညီရေးအဖွဲ့များက သုံးသပ်ပြောဆိုမှုလည်း ရှိနေသည်။

တနင်္သာရီတိုင်းတွင် ပြီးခဲ့သည့် ဇန်နဝါရီလအတွင်း နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်ခဲ့ရသည့် စစ်ဘေးရှောင်ဦးရေ ၇၇,၂၀၀ ဦးကျော်အထိရှိခဲ့သည်ဟု ဒေသတွင်းသုတေသနအဖွဲ့ဖြစ်သည့် FE5 Tanintharyi ၏ အစီရင်ခံစာ အရ သိရသည်။

သံလွင်တိုင်းမ် ပေးပို့သည်။