သျှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့တွင် စစ်ကောင်စီက လူသားဒိုင်းအဖြစ် ဖမ်းဆီးထိန်းသိမ်းထားသည့် ဖယ်ခုံမြို့နယ်ဒေသခံ ၂၄၀ ကျော်သည် နေရပ်မပြန်ရသေးကြောင်း သိရသည်။
ဖယ်ခုံမြိုနယ် ပူချယ်ကျေးရွာနှင့် ကုန်းဆုံကျေးရွာရှိ ဒေသခံ ၂၄၀ ကျော်ကို စစ်ကောင်စီက ပြီးခဲ့သည့် နိုဝင်ဘာ ၁၁ ရက်နေ့တွင် လူသားဒိုင်းအဖြစ် မတရားဖမ်းဆီးခဲ့ကာ ပင်လောင်းမြို့ မိုးလုံလေလုံအားကစားရုံတွင် ထိန်းသိမ်းထားကြောင်း ဒေသခံများက ပြောသည်။
တစ်ပတ်ကျော်ကြာ လူသားဒိုင်းအဖြစ် မတရားဖမ်းဆီးထိန်းသိမ်းခံရသော ဒေသခံများသည် လက်ရှိအချိန်ထိ နေရပ်ပြန်ခွင့် မရသေးသည့်အပြင် အပြင်ထွက်သွားလာခြင်း ဈေးဝယ်ခြင်းတို့ကို အချိန်အကန့်သတ်ဖြင့်သာ သွားလာရကြောင်း ဖမ်းဆီးခံရသည့်သူများနှင့် နီးစပ်သူတစ်ဦးက ပြောသည်။
“ကျမတို့ ရောက်နေတာကြာပြီ။ သူတို့က ခဏရှောင်ခိုင်းတယ်လို့ ပြောပြီးခေါ်လာတာ။ စပါးတွေလည်း မသိမ်းရသေးဘူးပေါ့။ စိတ်လည်းပူတယ်။ ပေးလည်း ပေးမပြန်သေးဘူး။ သူတို့တွေကို အပြင်တွေပေးသွားလည်း အချိန်အကန့်သတ်နဲ့ စစ်ကောင်စီတွေကတော့ လုပ်ထားတယ်။ သွားလည်း ၁ နာရီလောက်ပဲအချိန်ပေးတာ” ဟု ၎င်းက ပြန်ပြောသည်။
ဖမ်းဆီးလာစဉ်တွင်လည်း စစ်ကောင်စီက အဝတ်နှင့်အိပ်ယာလိပ်များသာ သယ်ဆောင်ခွင့်ပြုပြီး ကား၊ ဆိုင်ကယ်နှင့် စားနပ်ရိက္ခာများကို သယ်ဆောင်ယူလာခွင့်မပြုကြောင်း ၎င်းကဆိုသည်။
စစ်ကောင်စီက ဖမ်းဆီးလာသော ပူချယ်ကျေးရွာနှင့် ကုန်းဆုံကျေးရွာဒေသခံများကို ပင်လောင်းမြို့ဒေသခံများမှ စားသောက်ရန်အတွက် တာဝန်ယူထားရကြောင်း ပင်လောင်းမြို့ ဒေသခံအမျိုးသားတစ်ဦးက ပြောပါသည်။
“သူတို့တွေက ခေါ်လာပြီး မိုးလုံလေလုံကွင်းမှာ လာထားတာပေါ့။ ကျနော်တို့ကတော့ သူတို့စားသောက်ရေး အတွက်ကတော့ သွားလှူရတယ်။ ဘယ်လောက်ကြာမလဲ ဆိုတာလည်း မသိရဘူး။ အခက်အခဲတော့ ကိုယ်စီရှိ ကြတာပေါ့။ သူတို့တွေကိုလည်း အစောင့်နဲ့ထားထားတယ်။ ပြီးတော့ ခုထိလည်း ပေးမပြန်ကြသေးဘူး” ဟု ပင်လောင်းမြို့ဒေသခံအမျိုးသားကပြောသည်။
ဖမ်းဆီးထိန်းသိမ်းခံရသည့် ဒေသခံ ၂၄၀ ကျော်တွင် အမျိုးသား ၁၃၈ ဦး၊ အမျိုးသမီး ၁၀၆ ဦးရှိပြီး ထိုအထဲတွင် သာမာန်တောင်သူ၊ သက်ကြီးရွယ်အို၊ လေဖြတ်နေသူ၊ နာတာရှည်ရောဂါသည်၊ မသန်စွမ်း၊ ကိုယ်ဝန်ဆောင်၊ နို့တိုက်မိခင်၊ ကလေးသူငယ်များ ပါရှိနေကြောင်း သိရသည်။
လက်ရှိအချိန်ထိ ပင်လောင်း – ဖယ်ခုံ – မိုးဗြဲ လမ်းတကြောတွင် စစ်ကောင်စီနှင့် ကရင်နီတော်လှန်ရေးတပ်ပေါင်းစုတို့ တိုက်ပွဲများ ဆက်လက်ပြင်းထန်နေကြောင်း ဒေသခံများက ပြောဆိုသည်။
သျှမ်းသံတော်ဆင့် ပေးပို့သည်။